စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြည်ညိုရာမှာ များသံဃာ.. ကိုးကွယ်ရာမှာရွေးချယ်ပါ



       ဆိုတဲ့စကားလေးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် အရေးကြီးတဲ့ ဆုံးမစကားလေးပါပဲ။ ယခုခေတ်အချိန်အခါမှာ တရားအားထုတ်တဲ့ ယောဂီတွေ များလာသလို.. တရားရိပ်သာတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမတွေကိုလည်း ရဟန်းသံဃာများရော.. လူပုဂ္ဂိုလ်များပါ.. ဖြန့်ဝေပေးနေကြတဲ့သူတွေလည်း များစွာ ပေါ်ထွက်လာပါတယ်။ အကောင်းဘက်မှ စဉ်းစားရင် အင်မတန်မှ ၀မ်းသာကြည်နူးဖို့ ကောင်းသလို.. တစ်ဖက်မှ စဉ်းစားကြည့်ပြန်ရင်လည်း အင်မတန်မှ အလေးဂရုပြုဖို့ ကောင်းပါတယ်။ 

         “ ကုန်ရှုံးတော့တစ်ခေါက်.. လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်.. ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက် ”
ဆိုတဲ့ စကားလေးကလည်း တရားအားထုတ်မယ့် ယောဂီတွေအတွက် အမြဲနှလုံးသွင်းထားသင့်တဲ့ စကားလေးပါ။ ကျန်တဲ့အရာတွေ အရွေးမှားရင်တော့ တစ်ဘ၀စာထက်ပိုပြီး မဆုံးရှုံးနိုင်ပေမယ့် ဆရာရွေးမှားရင်တော့ဖြင့် တစ်သံသရာလုံးပါ ဆုံးရှုံးသွားနိုင်မယ့် အဖြစ်မျိုးပါ..။ ဒါမို့လို့လည်း ဂရုပြုဖို့ကောင်းတယ်ဆိုတဲ့ စကားလေးကို သုံးလိုက်ရတာပါ။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆရာရွေးမမှားဖို့ဟာ အဓိကအကျဆုံးအချက်ပါ။ 
 
             အရိယာရဲ့အဆင့်နိမ့်ဆုံးဖြစ်တဲ့ သောတာပန်ဖြစ်ရေးမှာ
“သူတော်သူမြတ် ဆည်းကပ်မှန်စွာ၊ သူမြတ်တရား နာကြားသေချာ၊ သင့်အောင်စိတ်ထား တရားကျင့်ရာ၊ သောတာစစ် ဖြစ်ဖို့ကြောင်းလေးဖြာ”
ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးမရှိပါတယ်။ အဲ့အဆုံးမထဲမှာ သူတော်သူမြတ် ဆည်းကပ်မှန်စွာဆိုတဲ့ စကားလေးကို အရင်ဆုံး ဗုဒ္ဓက ဆုံးမသြ၀ါဒ ပေးထားပါတယ်။ သူတော်သူမြတ်ဆည်းကပ်မှန်ဖို့ ဘယ်လောက်ထိ အရေးတကြီးလိုအပ်တယ်ဆိုတဲ့ အချက်လေးပါပဲ..။ ဆရာမှားပြီး တရားမှားရင် တစ်သံသရာလုံးမှားသွားမယ့် အဖြစ်မျိုးကို ဗုဒ္ဓကကြိုပြီးသိတော်မူတဲ့ အတွက်ပါပဲ။
 
      ယခုအချိန်ခါမှာ မိမိကိုယ်တွေ့၊ ဆရာ့ကိုယ်တွေ့ဆိုပြီး ကိုယ့်ကိုယ်တွေ့တွေနဲ့ ကိုယ်မှန်တယ်ထင်ရာကို ဆွဲကိုင်ပြီး ဟောပြောနေကြတာတွေ ရှိပါတယ်။ ဟောတရားတွေရဲ့ အမှားအမှန်ကို ဆုံးဖြတ်ပိုင်းခြားနိုင်မယ့် ဗုဒ္ဓရဲ့ကိုယ်တွေ့ကျတော့ ပျောက်နေကြပါတယ်။ ဗုဒ္ဓကိုယ်တွေ့ဆိုတာကတော့ ဗုဒ္ဓကိုယ်တိုင် ဟောပြဆုံးမခဲ့တဲ့ အဆုံးမတွေကို မပြင်၊ မဖျက်၊ မဖြည့်စွက်ပဲနဲ့ အမှန်အတိုင်း လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ပိဋိကတ်(၃)ပုံဆိုတဲ့ ပိဋိကတ်တော်တွေပါပဲ။ ခုကျတော့ ဗုဒ္ဓကိုယ်တွေ့တွေ ပျောက်နေပြီး ငါ့ကိုယ်တွေ့.. ဆရာကိုယ်တွေ့တွေ များလာတာဟာဖြင့် အင်မတန် ရင်လေးစရာပါ။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရဲ့အားနည်းချက်ဟာ သဒ္ဓါများပြားပြီး ပညာပါးတဲ့ အချက်ပါပဲ။
 
“သဒ္ဓါများပြား ပညာပါး အလွဲကြည်ညို၏”
ဆိုတဲ့ ဆုံးမစကားလည်းရှိပါတယ်။ ယုံကြည်မှုတွေများပြားပြီး ဝေဖန်ဆန်းစစ်နိုင်တဲ့ ပညာဥာဏ်မရှိရင် မှန်၏ မမှန်၏.. တော်၏ မတော်၏ဆိုတာ မစဉ်းစားတော့ပဲ အလွဲလွဲအမှားမှား ကြည်ညိုတတ်ပါတယ်။ အလွဲကြည်ညိုမှုတွေကြောင့်ပဲ.. ဘာသာရေးကို အသုံးချကာ.. သာသနာပြုတယ် ပြုတယ်နဲ့.. နတ်တွေ ဘိုးတော်တွေ လူလိမ်တွေ များသထက်များလာပြီး အဓမ္မ၀ါဒီတွေကို ထောက်ခံအားပေးတဲ့သူတွေ ရှိလာရတာပါ။ ကိုယ်ယုံကြည်ရာတစ်ခုနဲ့တင် ဇွတ်ကြိတ်မှိတ်ပြီး ယုံလို့မရပါဘူး။ မှားတယ် မှန်တယ်ဆိုတာကို ကွဲပြားခြားနားစွာ သိရှိရဖို့ဆိုရင်.. ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ 
 
          ဒါမှ အမှန်တရားကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်မှာပါ။ ခုတော့ အမှန်ကိုအမှန်အတိုင်း မဝေဖန် မဆန်းစစ်ကြပဲ.. ထင်ပေါ်ကျော်ကြားလူသိများခြင်း၊ ကိုးကွယ်သူများပြားခြင်း၊ တိုက်တာအဆောက်အဦး များပြားခြင်း၊ နိုင်ငံခြားထွက် သာသနာပြုနိုင်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးတွေ များပြားခြင်းဆိုတဲ့ အချက်တွေနဲ့တိုင်းပြီး ကိုးကွယ်တတ်ကြပါတယ်။ ဘုရားရှင်ရဲ့ ပိဋိကတ်တော်ပါ အမှန်တရားတွေနဲ့မတိုင်းပဲ.. ဒီအချက်တွေနဲ့ တိုင်းရင်ဖြင့် မှားပြီးရင်း မှားကြပေဦးမှာပါပဲ။
သူတော်ကောင်းဆရာဟုတ်မဟုတ် ဆန်းစစ်နည်းကို ဗုဒ္ဓက ကောသလမင်းကြီးကို ဟောတော်မူခဲ့ဘူးပါတယ်။ ဘုရားရှင်က မည်သူ့ကိုမဆို သူတော်ကောင်းဟုတ်မဟုတ် သိရှိနိုင်ရန် အချက်သုံးချက်နဲ့ တိုင်းပြီးဆုံးဖြတ်ဖို့ ကောသလမင်းကြီးကို ဆုံးမခဲ့ဘူးပါတယ်။
 
အဲ့ဒါတွေကတော့..
(၁) အကြာကြီး ပေါင်းကြည့်ရမည်၊
(၂) ဝေဖန်ဆန်းစစ်ရမည်၊
(၃) ဝေဖန်ဆန်းစစ်နိုင်သော ပညာရှိရမည် ဆိုတဲ့အချက်တွေပါပဲ။
မှန်ပါပေ၏.. ခဏပေါင်းသော် အကြောင်းမသိနိုင်သလို.. အပေါ်ယံကြည့်ရင်လည်း ဟန်ဆောင်ကောင်းပါက အလွယ်တကူ မသိနိုင်ပါဘူး။ ဒီတော့ ဝေဖန်ဆန်းစစ်နိုင်တဲ့ ပညာဥာဏ်ရှိဖို့ဟာ အဓိကကျပြီပေါ့။ ဝေဖန်ဆန်းစစ်ဖို့ဆိုရင် မြတ်ဗုဒ္ဓက သတ္တတအင်္ဂုတ္တိုရ် ပါဠိတော်မှာ ဆရာကောင်းရဲ့ အဂါင်္လက္ခဏာတွေကို ဟောပြဆုံးမထားပါတယ်။
 
အဲ့ဒါတွေကတော့
(၁) ရိုသေထိုက်သောဂုဏ်(၄)ပါး ရှိရမည်၊
(၂) ချစ်ခင်ထိုက်သောဂုဏ်(၄)ပါး ရှိရမည်၊
(၃) ချီးမွမ်းထိုက်သောဂုဏ်(၄)ပါး ရှိရမည်
(၄) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုများကို ဆုံးမနိုင်ရမည်၊
(၅) မိမိမေးသမျှကို ဖြေဆိုနိုင်ရမည်၊
(၆) နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ရမည်၊
(၇) အကျိုးနည်းသော အလုပ်များကိုတားမြစ်၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ရမည်၊ ဆိုတဲ့ အချက်တွေပါပဲ။

အဲ့ဒီ့အချက် (၇)ချက်မှာ ပထမဆုံးသုံးချက်ဟာ အတူတူပင်ဖြစ်ပါတယ်။
ယင်းတို့မှာ
(၁) ဒါန- လောဘမကြီးပဲ ပေးကမ်းစွန့်ကြဲနိုင်သူ ဖြစ်ရမည်၊ (၂) ဝေယျဝဇ္ဇ- ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ဖွယ်စကား ရှိရမည်၊
(၃) အတ္တစရိယာ- တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်၊
(၄) သမာနတ္တတာ- မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
 
          ကျန်တဲ့အချက်(၄)ချက်ကတော့ ဆရာကောင်း လက္ခာဏာတွေရဲ့ အဓိကအချက်တွေပါပဲ။ ဆရာကောင်းကို ချဉ်းကပ်တယ်ဆိုတာ.. မိမိကိုဆုံးမပြုပြင်ပေးဖို့.. မိမိနားမလည်နိုင်သည့် သစ္စာအလင်းရစေမည့် မေးခွန်းမျိုးတွေကို
ပြန်လည်ဖြေကြားပြီး သံသရာမှ လွတ်မြောက်ဖို့အတွက်ပါပဲ။ မြတ်ဗုဒ္ဓဟာ တရားဦးဓမ္မစင်္ကြာ ဟောကြားတဲ့အခါမှာ အမှားတွေကိုထောက်ပြပြီး အမှန်ကို ပြင်ပေးခဲ့တာပါ။ နောက်.. အနတ္တလက္ခဏာသုတ် ဟောတဲ့အခါမှာလည်း အမေးအဖြေတွေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးကို ဟောကြားသွားတာဟာဖြင့် ဆရာကောင်းရဲ့ အချက်လက်တွေကို ထောက်ပြသွားသလားတောင် အောက်မေ့ရပါတယ်။
 
 ဒီလိုအမေး အဖြေတွေ ရှင်းလင်းမှုကြောင့်လည်း ပဉ္စ၀ဂ္ဂီငါးဦးလုံး သစ္စာအလင်းတွေ ရှာဖွေတွေ့ရှိခဲ့ရတာပါ။ ဒီတော့.. သစ္စာဥာဏ်အလင်းတွေ ရချင်ရင်ဖြင့်.. ဆရာကောင်းကို ရှာဖွေတဲ့နေရာမှာ ဝေဖန်ပိုင်းခြား စီစစ်နိုင်တဲ့ ဥာဏ်ပညာတွေ ရှိပါစေလို့လည်း အထူးအလေးနက် ပြောလိုပါတယ်။
“ တစ်ခဏတာ အသုံးပြုမယ့် ရေအိုးတောင်မှ ရေလုံရဲ့လား၊ အပဲ့ပါသလား၊ အေးမယ့်အမျိုးအစား ဟုတ်ရဲ့လားလို့ ရွေးချယ်ရသေးတာပါပဲ.. တစ်ဘ၀ တစ်သံသရာလုံးကောင်းဖို့အတွက် ဆိုရင်တော့ဖြင့် မည်သူ့မျက်နှာမှမကြည့်ပဲ ဘုရားရဲ့အဆုံးမနဲ့သာ တိုက်ဆိုင်စစ်ဆေးပြီး ကိုးကွယ်သင့် ပါပေတယ် ”
 
(အရှင်ဇ၀န)

ခုတော့ဖြင့် တစ်ဘ၀သံသရာလုံးအတွက် ကိုးကွယ်ရမယ့် ဆရာကို ပေါ့ပေါ့လေးပဲ ကိုယ့်အမှန်နဲ့ မှန်တယ်ထင်ပြီး ကိုးကွယ်ကြပါတယ်။ ဘုရားနည်းဟုတ်လား မဟုတ်လားလည်း မဆန်းစစ်ကြတော့ပါဘူး။ ဘုရားနည်းပျောက်ပြီး လုပ်ချင်သလိုတွေ လုပ်နေရင်ဖြင့် ကိုးကွယ်ဆည်းကပ်တဲ့သူတွေအတွက် ရင်လေးစရာပါပဲ။ ပိဋိကတ်တော်ဆိုတဲ့ ဘုရားနည်းတွေကို ဘေးပုံချပြီး ငါ့ဆရာနည်း ကိုယ်တွေ့နည်းတွေနဲ့ လုပ်ချင်ရာ လုပ်ကြရင်ဖြင့် သံသရာမှမလွတ်ပဲ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ထပ်လွဲကြရပေအုံးမှာပါပဲ။ ဒါမို့လို့လည်း လယ်တီဆရာတော်ကြီးက.. “နဖူးစွန်းနှင့် ဒူးပွန်းခံကာ၊ ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊ ငရဲအပါယ်၊ အမြစ်တွယ်၊ ၀ဋ်နွယ်ရှည်လျားရာ” ဆိုပြီးဆုံးမပေးခဲ့တာပါ..။ ဓမ္မမိတ်ဆွေအပေါင်း ဆရာကောင်းကိုရှာဖွေချဉ်းကပ်ပြီး သစ္စာဥာဏ်အလင်းတွေ ထွန်းလင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ရေးသားလိုက်ရပါတယ်..။

ဆရာတော်အရှင်ဇ၀နရဲ့ ဆရာကောင်းကိုရှာဖွေခြင်းဆိုတဲ့ စာအုပ်လေးကိုလည်း ဗဟုသုတရရှိစေပြီး စီစစ်ကိုးကွယ် ရွေးချယ်နိုင်ပါစေခြင်းအလို့ငှာ တင်ပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။
http://www.dhammamittar.com/2010/02/blog-post_18.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...