စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြွေပွေးပြာ၏ အသုံးဝင်ပုံ

 
         စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ၏ ဘူမိနက်သန် အောင်မြေမှန်သော မြန်မာ့မြေယာများသည် ကမ္ဘာ့အလယ်တွင် အမြဲပင် အလှဝေဆာနေမြဲပင် ဖြစ်ပါသည်။
         မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် စိုက်ပျိုးရေးလုပ်ငန်းများသည်လည်း အလွန်အရေးပါသော အခန်းကဏ္ဍများတွင် ယနေ့တိုင်ပင် ပါဝင်လျှက်ရှိနေပါသည်။
         မြန်မာနိုင်ငံသည် ဆန်စပါးစိုက်ပျိုးခြင်းကိုလည်း အဓိက လုပ်ဆောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသော တောင်သူလယ်သမား ဦးကြီးများ၏ ကျေးဇူးတရားများကို မေ့ဖျောက်ထား၍ မနေသင့်သလို တောင်သူလယ်သမား ဦးကြီးများ၏ လုပ်ငန်းခွင်များကိုလည်းကောင်း ၊ လူတို့၏ ကျန်းမာရေးအဟာရဖြစ်သော နို့များဖြင့်သော်လည်းကောင်း လူများစွာကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုပေးနေကြသော ကျေးဇူးရှင် ကျွဲ,နွားများ၏ ကျန်းမာရေများကိုလည်း လျစ်လျူရှု၍ မထားသင့်ပါချေ။
         ကျေးလက်ဒေသနေ တောင်သူလယ်သမားများသည် နှစ်စဉ် နယုန်လပြည့်ကျော်လာ၍ မုတ်သုန်မိုးများ ဖြိုင်ဖြိုင်ရွာသွန်းလာသည်နှင့် လယ်ယာမြေ လုပ်ငန်းခွင်သို့ စက်များဖြင့်တစ်မျိုး ၊ ကျွဲနွားများဖြင့်တစ်ဖုံ သမန်းနွံကို ကြေညက်အောင် အားသွန်၍ မိုးထဲ,ရေထဲ ထွန်ရေးညက်ညက်ဖြင့် ထွန်ယက်၍ စိုက်ပျိုးကြရပါသည်။
         အချိန်တန်လာသောအခါတွင်တော့ " ပျိုးပင်ပေါက် " ကလေးများအဖြစ်ဖြင့် ဖြစ်ထွန်းလာ၍ ကတ္တီပါမြပုဝါဖြင့် ခြုံလွှမ်းထားဘိသကဲ့သို့ စိမ်းညို့ညို့နှင့် ရှု့တိုင်းမ၀သော လယ်ကွင်းပြင်ကြီးများအဖြစ် မြင်တွေ့ခွင့်ကို ရရှိကြပါသည်။
         ထိုမှတစ်ဆင့် ၎င်း " ပျိုးပင်ပေါက် " ကလေးများကို အဆင်သင့် နှုတ်ယူ၍ ပြောင်းရွှေ့စိုက်ပျိုးလာခဲ့ကြပြန်ရာ မိုးအကုန် ဆောင်းအကူး လေရူးမွှေနှောက် လ,တန်ဆောင်မုန်းသို့ ရောက်ပြီဆိုပါလျှင်ဖြင့် ရွှေဝါရောင်အဆင်းဖြင့် လယ်ကွင်းပြင်များအဖြစ်သို့ ရောက်ရှိလာပြန်ပါသည်။
         ထိုသို့သော အချိန်အခါများတွင်တော့ တောင်သူလယ်သမားကြီးများအနေဖြင့် ၎င်းတို့၏ ရန်သူတော် " မြွေ " ဆိုးများ၏ ရန်အန္တရာယ်များကိုလည်း အထူးပင်ဂရုပြုရသော အချိန်အခါများလည်း ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ အဓိကအစားအစာဖြစ်သော ဆန်စပါးပင်များကို ရိတ်သိမ်းသော အချိန်ကာလများပင် ဖြစ်ပါသောကြောင့်ပင်။
         မြန်မာနိုင်ငံတွင် ကိုက်လျှင် သေစေနိုင်သော မြွေများမှာ မြွေပွေး ၊ မြွေဟောက် ၊ ဂျပ်မြွေ ၊ ငန်းတော်ကျားမြွေ အစရှိသည်ဖြင့် မြွေမျိုးပေါင်းများစွာတို့ ရှိကြသည့်အနက် တောင်သူလယ်သမားကြီးများ၏ အဓိကဖြစ်သော ရန်သူတော်မှာ " မြွေပွေး " ပင်ဖြစ်ပါသည်။
          တောင်သူလယ်သမားကြီးများမှာ စပါးရိတ်ရင်းဖြင့် ပိုးထိ ( မြွေကိုက်ခံရ )သည်မှာလည်း အမြဲပင် တစ်နေရာမဟုတ် တစ်နေရာတွင် ကြားသိနေရတတ်ပါသည်။ ထိုကဲ့သို့သော တောင်သူလယ်သမားကြီးများ၏ အဓိကရန်သူတော်ဖြစ်သော " မြွေပွေး "များသည် တောင်သူလယ်သမားဦးကြီးများ၏ ကျွဲ,နွားများအတွက်လည်း ကျန်းမာရေးကိစ္စများတွင် ဆေးတစ်လက်ဖြစ်နေခဲ့သည်ကို စာရေးသူမှ ဆောင်းပါးလေး တစ်ပုဒ်တွင် ဖတ်ရှု့ခွင့်ရခဲ့သည်ကို ဗဟုသုတအတွက် မျှဝေတင်ပြလိုပါသည်။
         " မြွေပွေး "ပြာ ပြုလုပ်နည်းနှင့် ကျွဲ,နွားများအတွက် ဆေးအသုံးမှာ .........
         " မြွေပွေး " အသေအား အိုးငယ်တစ်လုံးတွင်ထည့်၍ မီးနှင့် အပူပေးရပါမည်။ အပူပေး၍ ပြာကျသွားသောအခါ ထို" မြွေပွေးပြာ "ကို ထုတ်ယူထားပြီးနောက် " လိပ်သရေပင် "ကိုနှုတ်၍ အပင်၏ တစ်ပင်လုံးအား ( ပဉ္စငါးပါး )ကြိတ်၍ ၊ ( သတ္တုရည် )ကို အရည်စစ်ယူပြီးနောက် ၊ နှမ်းဆီစစ်စစ် ငါးကျပ်သားဖြင့် " မြွေပွေးပြာ "ကို ဆီးသီး ( ဇီးသီး )လုံးခန့် ရော၍မွှေပြီးနောက် ကျွဲ,နွားများကို တိုက်ကျွေးပေးပါလျှင် ကျွဲ,နွားများတွင် အပူငုပ်၍ ဖြစ်ပေါ်လာတတ်သော ရောဂါအမျိုးမျိုးနှင့် ဒေါင့်သန်းရောဂါ ၊ သရက်ရွက်ကြီးသော ရောဂါတို့အား သက်သာ ပျောက်ကင်းစေနိုင်ပါသည်။
         သို့ပါ၍ တောင်သူလယ်သမားဦးကြီးများအနေဖြင့် " မြွေပွေးပြာ "အား ဆောင်ထားသင့်ပြီး ကျွဲ,နွားများ ဘာရောဂါမျှ မရှိပါသော်လည်း ထို " မြွေပွေးပြာ " ဖြင့် ကျွဲ,နွားများ၏ နှာဝနှင့် လျှာတို့အားပွတ်ပေးပါလျှင်ဖြင့် ( လျှာပွတ်ဆေး ) ရောဂါမျိုးစုံတို့အား ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါသည်။
         ယခု ဆောင်းပါးလေးအား ဖတ်ရှု့ရသူများအနေဖြင့်လည်း နီးစပ်ရာ( မြွေပွေးပြာဆေးနည်းကို မသိသေးသော ) တောင်သူလယ်သမားဦးကြီးများကို လက်ဆင့်ကမ်း၍ ဗဟုသုတအဖြစ် မျှဝေပေးစေလိုခြင်း ၊ ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများအားလည်း ဗဟုသုတတစ်ခုအနေဖြင့် သိစေလိုခြင်း စသော အပြုသဘောဆောင်သော စေတနာများဖြင့်သာ ရေးသားရခြင်းသာ ဖြစ်ပါကြောင်းနှင့် ဤ " မြွေပွေးပြာ " ဆေးနည်းအား စတင်ရေးသားခဲ့သော မူရင်းစာရေးဆရာ ကိုကိုအောင်( မြကန်သာ ) ၀က်လက်မြို့အား ယခုဆောင်းပါးဖြင့် လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ရေးသားအပ်ပါသည်ခင်ဗျာ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...