စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သက္ကရာဇ်လေးမျိုးတို့ကို ရေးသားပုံ၊ မှားယွင်းပုံ

စာဖတ်မိတ်ဆွေသူငယ်ချင်းများ မင်္ဂလာပါခင်ဗျာ
ဒီဆောင်းပါးလေးကို ရေးမယ်ဆိုပြီး မရေးဖြစ်တာကြာပြီဗျ။ အခုတော့ အထမြောက်သွားပြီ။ ဒီဆောင်းပါးလေးကို “၁၇-၉-၂၀၁၂ နေ့ထုတ် မန္တလေး နေ့စဉ်သတင်းစာ စာမျက်နှာ၆ တွင်ပါရှိသည့် ဆောင်းပါးရှင်  စိုင်းအောင်မိန်း(မိုတိုင်း) ၏ သက္ကရာဇ်လေးမျိုးတို့ကို ရေးသားပုံ၊ မှားယွင်းပုံ” ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။ ဆောင်းပါးအပြည့်အ စုံမှာ ရှည်လျားလွန်းသောကြောင့် ကောင်းနိုးရာရာ ကို ကျွန်တော် မောင်မှော်ဖြူလုလင်က ကောက်နုတ်ဖော်ပြလိုက်ပါ တယ်ဗျာ။ မိတ်ဆွေတို့လည်း ဒီဆောင်းပါးကို ဖတ်ပြီး မှတ်သားစရာတစ်ခုခု ရရှိခဲ့မယ်ဆိုရင် ဆောင်းပါးပိုင်ရှင် သာမက မှော်ဖြူ ပါ ရေးသားရကျိုးနပ်သလို ဝမ်းသာပီတိဖြစ်မိမှာပါဗျာ။ မိတ်ဆွေတို့လည်း ခံစားဖတ်ရှုကြည့်ပါအုန်းခင်ဗျာ…

သက္ကရာဇ်လေးမျိုးတို့ကို ရေးသားပုံ၊ မှားယွင်းပုံ
ဗုဒ္ဓဖွားတော်မူသောနှစ်၊ ဘုရားဖြစ်တော်မူသောနှစ်၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနှစ်၊ သင်္ဂါယနာတင်သောနှစ်များ၊ မြန်မာနိုင်ငံသို့ သာသနာတော်တင်ရောက်ရှိပြန့်ပွါးခဲ့ပုံ၊ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်တို့၏ သာသနာပြု သမိုင်း စသည့် ဗုဒ္ဓဘာသာသမိုင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံသမိုင်းကိုလည်းကောင်း ဖတ်ရှုလေ့လာမည်၊ ဆွေး နွေးမည်၊ ဟောပြောမည်၊ ကျမ်းစာအုပ်ရေးသားမည်၊ သီချင်းစပ်ဆိုမည်ဆိုပါက သက္ကရာဇ်လေးမျိုးအကြောင်းတို့ကို တိတိပပ၊ ဂဃနဏ သိရှိနားလည်သဘောပေါက်ထားရမည်။
တင်ပြလိုသော သက္ကရာဇ်လေးမျိုးတို့မှာ
(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) မြန်မာသက္ကရာဇ် (ကောဇာသက္ကရာဇ်) 
(၄) ခရစ်သက္ကရာဇ် တို့ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်တွင် (သက္ကရာဇ်-မြန်မာတို့မှတ်သားသုံးစွဲလာခဲ့သော နှစ်အရေအတွက်)ဟုလည်းကောင်း၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် သက္ကရာဇ်-the present Myanmar Era (reckoned from the time Lord Buddha attained nirvana in 544 BC)ဟုဖော်ပြထားသည်။
သက္ကရာဇ်အကြောင်းပြောလျှင် သက္ကရာဇ်ဖြို ခြင်းအကြောင်းကို မလွဲမသွေ သိရှိထားရပါမည်။

သက္ကရာဇ်ဖြိုခြင်းဆို သည်မှာ ရှေးမင်းအဆက်ဆက်များ ရေတွက်အသုံးပြုခဲ့သောသက္ကရာဇ်သည် နှစ်ပေါင်းများလာသော် မင်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ရောက်ဆဲသက္ကရာဇ်ကို ချေဖျက်ပြီး ခုနှစ်(၁) သို့မဟုတ် ခုနှစ်(၂)မှ ပြန်လည်စတင်ရေ တွက်အသုံးပြုတတ်ပါသည်။၎င်းကို သက္ကရာဇ်ဖြိုခြင်းဟု ခေါ်ပါသည်။
မဟာသက္ကရာဇ် ၆၈ခု (၆၂၄ဘီစီ)တွင် ဂေါတမမြတ်စွာဘုရားဖွားမြင်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ခု (၅၈၉ဘီစီ) တွင် မြတ်စွာဘုရားအဖြစ်သို့ရောက်တော်မူသည်။ မဟာသက္ကရာဇ် ၁၄၈ခု (၅၄၄ ဘီစီ)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူ သည်။ မဟာသက္ကရာဇ် ၁၄၈ခု အား ပထမသင်္ဂါယနာတင်သောအခါတွင် အဇာတသတ်မင်းနှင့် ရှင်မဟာကဿပ မထေရ်မြတ်တို့မှ ဖြိုချချေဖျက်ကာ သာသနာသက္ကရာဇ် ၁ခုမှ စတင်ခဲ့သည်။

သာသနာသက္ကရာဇ် ၁ခု     (၅၄၄ဘီစီ) တွင် ပထမသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၁၀၀ခု (၄၄၄ဘီစီ) တွင် ဒုတိယသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၂၃၅ခု (၃၀၉ဘီစီ) တွင် တတိယသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၄၅၀ခု (၉၄ဘီစီ)   တွင် စတုတ္ထသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၂၄၁၅ခု၊ မြန်မာသက္ကရာဇ် ၁၂၃၃ခု၊ ခရစ်နှစ် ၁၈၇၁ခု တွင် ပဉ္စမသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၂၄၉၈ခု၊ မြန်မာသက္ကရာဇ် ၁၃၁၆ခု၊ ခရစ်နှစ် ၁၉၅၄ခု တွင် ဆဋ္ဌသင်္ဂါယနာတင်သည်။
သာသနာသက္ကရာဇ် ၂၅၀၀ခု၊ မြန်မာသက္ကရာဇ် ၁၃၁၈ခု၊ ခရစ်နှစ် ၁၉၅၆ခု တွင် အောင်မြင်ပြီးစီးသည်။
သာသနာသက္ကရာဇ် ၂၅၀၀နှစ်ပြည့် နှင့် ဆဋ္ဌုသင်္ဂါယနာတင်ပွဲ ပြီးစီးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ကို တည်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၇၃ခု၊ ခရစ်နှစ် ၂၀၁၁-၂၀၁၂ခုသည် သာသနာသက္ကရာဇ် ၂၅၅၅ခု ဖြစ်သည်။ထိုသာသနာနှစ် ၂၅၅၅တွင် ဗုဒ္ဓသာသနာတော်နှစ် ၂၆၀၀ပြည့်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိ တော်မူပြီးနောက် သာသနာတော်ထွန်းကားပြန့်ပွါးတည်တံ့ခိုင်မြဲခဲ့သည်မှာ နှစ်ပေါင်း၂၆၀၀ ပြည့်ခဲ့ပြီဖြစ်သည်။

(၁) မဟာသက္ကရာဇ်
     ဂေါတမမြတ်စွာဘုရား၏အဘိုးတော်(မယ်တော်မာယာဒေဝီ၏ အဘခမည်းတော်)အဉ္ဇနမင်းသည် ရှေးယခင်မင်း အဆက်ဆက်တို့က ရေတွက်အသုံးပြုခဲ့သော သက္ကရာဇ်(၈၆၄၇)ခုအား ဖြိုချပယ်ဖျက်ပြီး(သက္ကရာဇ်ဖြိုခြင်းပြုလုပ်ပြီး) သက္ကရာဇ် ၂ခုမှ ပြန်လည်စတင်ရေတွက်ခဲ့အသုံးပြုခဲ့သည်။ ထိုသက္ကရာဇ်(၂)ခုမှ စတင်သောသက္ကရာဇ်အား မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ မဟာသက္ကရာဇ် ၆၈ခုတွင် မြတ်စွာဘုရားအလောင်းတော် ဖွားမြင်တော်မူပါသည်။

     မြန်မာအဘိဓာန်တွင် (မဟာသက္ကရာဇ်- ဘိုးတော်အဉ္ဇနမင်း သက္ကရာဇ်ဖြိုသည်မှစကာ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြု သောနှစ်အထိ တည်ရှိခဲ့သောသက္ကရာဇ်) ဟုဖော်ပြထားသည်။
     မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် (မဟာသက္ကရာဇ်- Era preceding the Buddhist Era(သာသနာသက္ကရာဇ်); Anjana Era (624 BC) to the time of Maha Parinibbana, the Passing Away of Lord Buddha (544 BC)ဟု ဖော်ပြထားသည်။ ယင်း Anjana Era (624 BC) သည် အဇာနသက္ကရာဇ်ဖြစ်သည်။ မဟာသက္ကရာဇ်ကို ကိုးကားကြရာ တွင် မြန်မာလို မဟာသက္ကရာဇ် ဟုရေးကြပြီး များသောအားဖြင့် အင်္ဂလိပ်လိုတိုက်ရိုက် (Maha Sakarit)ဟု ရေးကြပါ သည်။ သမိုင်းပါရဂူဆရာကြီး၁ဦးမှ (Great Era)ဟု ရေးသားသည်ကို ဖတ်ခဲ့ဖူးပါသည်။

(၂) သာသနာသက္ကရာဇ်
     ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနှစ်ဖြစ်သည့် မဟာသက္ကရာဇ်(၁၄၈)ခုအား အဇာတသတ်မင်းနှင့် ရှင်မဟာကသ၁ပမထေရ်မြတ်တို့က ပထမသင်္ဂါယနာတင်သောအခါတွင် ဖြိုချချေဖျက်ကာ သာသနာသက္ကရာဇ်(၁)ဟု စတင်သတ်မှတ်ပါသည်။ သာသနာတော်သက်တမ်းနှင့် သက္ကရာဇ်အညီဖြစ်စေရန်ဖြစ်သည်။တစ်နည်းအားဖြင့် မဟာသက္ကရာဇ်သည် ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသည့် ၁၄၈ခုတွင် အဆုံးသတ်ပြီး သာသနာသက္ကရာဇ် ၁ခု အဖြစ် စတင်အသုံးပြုခဲ့သည်။
     မြန်မာအဘိဓာန်တွင် (သာသနာနှစ်- ဘုရားပရိနိဗ္ဗာန်စံဝင်သည့်နှစ်မှ စတင်ရေတွက်သော နှစ်အရေအတွက်)ဟု ဖော်ပြထားသည်။ မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် year based on the Buddhist Era (reckoned from the time Lord Buddha attained nirvana in (544); AB (Anno Buddhae) ဟုဖော်ပြထားသည်။
     သာသနာသက္ကရာဇ်ကို ရေးသားကြရာတွင် မြန်မာလို သာသနာသက္ကရာဇ် ဟု အရေးများကြပြီး အင်္ဂလိပ်လို အမျိုး မျိုးရေးကြသည်။ တိုက်ရိုက်အားဖြင့် (Sasana Sakarit) ဟုရေးကြပါသည်။ တစ်ချို့က B.E (Buddhist Era)ဟု ရေးကြပါသည်။

(၃) မြန်မာသက္ကရာဇ် (သို့) ကောဇာသက္ကရာဇ်
     ယခုမြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသောသက္ကရာဇ်ဖြစ်သည်။မြန်မာသက္ကရာဇ် ၁၃၇၄ခု(သို့)ကောဇာသက္ကရာဇ် ၁၃၇၄ခု ဖြစ်သည်။မြန်မာအဘိဓာန်တွင်(ကောဇာသက္ကရာဇ်-ယခုအသုံးပြုနေသောမြန်မာခုနှစ်-သ၊ဂေါစရ+သကရာဇ) ဟုဖော်ပြထားသည်။ မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် (ကောဇာသက္ကရာဇ်-the present year- according to the Myanmar calendar) ဟုပါရှိသည်။ တစ်ချို့စာအုပ်များတွင် Myanmar Era (ME)ဟုရေးကြသည်။

     သာသနာသက္ကရာဇ် ၆၂၄ခု သို့ရောက်သောအခါ သရေခေတ္တရာပြည် သုမုန္ဒရိမင်းက ၆၂၂ခုကို ဖြိုချသည်။ ကြွင်း သောသက္ကရာဇ် ၂ခုမှ ရေတွက်လာရာ ၅၆၂ခု အရောက်တွင် ပုဂံပြည်ပုပ္ပါးစောရဟန်မင်းက ၅၆၀ခု ကိုဖြိုချပြန်သည်။ ထိုမှကြွင်းသော ၂ခုမှစတင်ရေတွက်ခဲ့ရာ ရောက်ဆဲကောဇာသက္ကရာဇ် ၁၃၇၄ခုကို အထက်ပါမင်းနှစ်ပါးဖြိုခဲ့သော ၁၁၈၂ခု (၆၂၂+၅၆၀)နှင့် ပေါင်းပါက သာသနာသက္ကရာဇ် ၂၅၅၆ခု (၁၁၈၂+၁၃၇၄)ပြန်ရပါသည်။

     လက်ရှိကောဇာသက္ကရာဇ် ၁၃၇၄+၁၁၈၂+၄၅(ဘုရားဖြစ်တော်မူပြီးနေခဲ့သောနှစ်များ)=၂၆၀၁ ဗုဒ္ဓသာသနာတော် နှစ်ပေါင်း(သာသနာတော်သက်တမ်း) ရှိပါသည်။ အထူးသတိပြုရမည်မှာ သာသနာတော်သက်တမ်း ၂၆၀၁နှစ်(ဘုရား အဖြစ်သို့ ရောက်ရှိတော်မူပြီးနှစ်များ) နှင့် သာသာနာတော်သက္ကရာဇ် ၂၅၅၆နှစ်(ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ခုနှစ် များ)တို့သည် မတူညီပါ။ ဘုရားအဖြစ်သို့ရောက်ရှိတော်မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိကြာသည့်နှစ် ၄၅ ဝါ ခြားပါသည်။

(၄)ခရစ်သက္ကရာဇ်
     ယေရှုခရစ်တော် ဖွားမြင်တော်မူသောနှစ်မှစကာ ခရစ်သက္ကရာဇ် ၁ခု ဟုစတင်ရေတွက်လာသည်။ ခရစ်နှစ် ၂၀၁၂ ခုနှစ်သည် ယေရှုခရစ်တော် ဖွားမြင်တော်မူခဲ့သည်မှာ ၂၀၁၂ခုနှစ် ရှိခဲ့ပြီကို ဆိုလိုသည်။ မြန်မာအဘိဓာန်တွင် (ခရစ်နှစ်- ခရစ်တော်ဖွားမြင်တော်မူသောနှစ်မှစကာ ရေတွက်သောနှစ်) ဟုပါရှိသည်။ တစ်ဖန် ခရစ်တော်မဖွားမီ သက္ကရာဇ်ခုနှစ်များကို ခရစ်မတိုင်မီနှစ်များ ဟုခေါ်ဝေါ်ပါသည်။ အင်္ဂလိပ်-မြန်မာအဘိဓာန်တွင် (ခရစ်နှစ်- A.D- Latin anno domini- in(the year) -55 AD, AD55), BC- before Christ. ခရစ်မတိုင်မီ၊ ဘီစီ၊ in(the year) 2000 BC)ဟု ပါရှိသည်။
      ကောဇာသက္ကရာဇ် ၁၃၇၄ခုအား ၆၃၈ခု နှင့်ပေါင်းပါက ခရစ်နှစ် ၂၀၁၂ခုကို ရရှိပါသည်။ ကောဇာသက္ကရာဇ် နှင့် ခရစ်သက္ကရာဇ် သည် ၆၃၈နှစ် ကွားခြားပါသည်။

     သမိုင်းများကို သက္ကရာဇ်ဖြင့် ဖော်ပြရာတွင် အထူသဖြင့် အလွန်ရှေးကျသော သမိုင်းများကို ဖော်ပြရာတွင် ခုနှစ် အရေအတွက်မတူညီခြင်း၊ ကွာခြားခြင်းများရှိနိုင်ပါသည်။ သို့သော်လည်း မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ မြန်မာသက္ကရာဇ်(ကောဇာသက္ကရာဇ်)၊ ခရစ်သက္ကရာဇ် တို၏အဓိပ္ပါယ်၊ ရေတွက်ပုံ၊ အသုံးပြုပုံ၊ ရေးသားပုံ တို့ကို အဓိက ထားပြီးမမှားအောင် သတိပြုဖော်ပြသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

စာဖတ်မိတ်ဆွေ များအားလုံး စိတ္တသုခ၊ ကာယသုခ တို့ဖြင့် ပြည့်စုံကြပါစေဗျာ….
မေတ္တာဖြင့်
မှော်ဖြူလုလင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...