စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Laptopတစ်လုံး နှင့် အနာဂတ် မျိုးဆက်အန္တရာယ် ( ယေကျာ်းလေးများသာဖတ်ရန် :D )


Print Friendly and PDF

Posted by DeafOrange


“မောင်ဝက်မဲရေ၊ မင်းဆရာရှိလားကွာ ၊ တဆိတ်လောက်သွားကြည့်ပေးပါလား ။ ”
ဒီလူနဲ့ ဒီလူ ဒီလောက်ယဉ်ကျေးနေရင်တော့ သူပဲ ဖြစ်မည်။
“ မင်းဆရာတော့မရှိဘူးခင်ဗျ ၊ ဆရာမင်းပဲ ရှိတယ်။ ”
သက်မတူရွယ်မမျှ ၀က်မဲတစ်ယောက်၏ မခံ့မညား ပြန်ကြားချက်ကို ခံစားရက်နိုင်တာလည်း သူတစ်ယောက်ပဲ ရှိမည် ။
“အေးပါကွယ်။ ရှိရင်လည်း ခေါ်လိုက်စမ်းပါ ။ ဆရာတို့နှစ်ယောက်ပြောစရာရှိုလို့ ။ ”
ငယ်ပေါင်းငတိမို့ တကယ်အကြောင်းသိသည် ။ အပြင်အသံအေးပေမယ့် ရင်အခံနွေးနေလို့သာ ဆေးခန်းသို့ သူရောက်လာခြင်းဖြစ်မည် ။ ကိုကြာရိုး ။ ကျူရှင်ဆရာ ၊ တစ်သက်လုံးရိုးလာပြီးမှကျောင်းသူဟောင်းနဲ့ အိမ်ထောင်ကျတဲ့သူ ။

“ ဟေ့ရောင် .. ။ ငါရှိပါတယ်ကွ ၊ မင်း မလာစဖူး အလာထူးလှချည်လား ။ ”
“ အေး .. ထူးလို့လာတာ ၊ မင်း ငါ့ဟာကိုမှတ်မိလား ? ”
“ ဟာကွာ မင်းကလည်း ၊ မဦးမချွတ် ။ ရှက်စရာကွာ ။ တို့ငယ်ငယ်ကျောင်းပြေးတုန်းက မင်းနဲ့ငါ တစ်ခါထဲပဲ ရေအတူတူ ကူးဖူးတာလေကွာ ။ သေသေချာချာ ဘယ်မှတ်မိပါ့မလဲ ။ ”
“ ငါက အဲ့ဒီဟာကိုပြောတာမဟုတ်ဘူးကွ ။ ”
“ ဒါဆို ဘာကိုပြောတာလဲ ? ”
“ အင်း ဟင်းဟင်း ။ အဲ့ဒီဟာတော့ဟုတ်တယ် ၊ အဲ့ဒီကိစ္စမဟုတ်ဘူးကွ။ ”
“ မင်းကလည်း ရှုပ်နေတာပဲကွာ။ နေဦးကွ ၊ မသက်ကိုခေါ်လိုက်ဦးမယ် ။ ”
“ အမလေးလေး ၊ မခေါ်နဲ့မောင် ။ တောင်းပန်ပါတယ် ။ အခု ငါပြောမှာက ဒူးတင်ပေါင်တင်ကိစ္စပါကွဲ့ ။ ”

ရော် ။ စောစောပြောရင်စောစောပြီးမည့်ကိစ္စသင်းတော်တော်ကို ရှည်လျားထွေပြားသည် ။ ကြာလေလေ လူများလေလေ ဖြစ်တတ်သည်က သဘာဝ။

“ အလို ၊ ဆေးဆရာနဲ့ကျူရှင်ဆရာ ။ ကိုကိုဆရာနှစ်ယောက် ဘယ်သူ့တွေကိုများပေါင်ပေါ်တင်နေကြတာလဲ ?
မဟုတ်မှလွဲရော ... ဆရာတို့ ဟိုကိုသွားကြတယ်မလား ? ဟင်းဟင်း .. ဘာအခုမှရှက်နေကြတာလဲ ။ ”

တောင်းထဲမှာ မောင်းကွဲထုသည့်အသံ ။ ဒေါ်ပန်းပွင့်တစ်ယောက် ပေါက်ပေါက်မြောက်မြောက်ရောက်လာပါရော့လား။

“ အဲ.. ဒေါ်ပန်းပွင့် ၊ နေဦးနေဦး ။ အထဲကို ၀င်မလာနဲ့ဦး ၊ ဒီဆရာကိစ္စက မပြီးသေးဘူး ။ ”
“ ရပါတယ်ရှင် ၊ ရပါတယ် ။ အလိုတူအလိုပါတွေ ။ ကြည့်ပေးလိုက်ပါဦး ။ ”

အပြောအဆိုတွေက အထင်လွဲစရာဖြစ်နေသော်လည်း ကိစ္စက ရိုးရှင်းပါသည် ။ ကျူရှင်ဆရာပီပီ ကလေးများကို
လေ့ကျင့်ခန်းပေးရသည် ။ ကွန်ပျူတာစာစီရသည် ။ သူများကို ခိုင်းရတာ သူ အားမရ ။ စာလုံးပေါင်းမှားသည် ။ ကြာသည်။
အမျိုးမျိုး ဂျီကျသည် ။

“မောင်မင်း ၊ ငါ့ကို လက်တော့ပ်တစ်လုံး လိုက်ဝယ်ပေးကွာ ။ ”

ခရီးဆောင်ကွန်ပျူတာလေးများကို ပေါင်ခွင်ပေါ်မှာတင်ပြီးရိုက်၍ရသောကြောင့် လက်တော့ပ် ဟုခေါ်သည် ။
ထိုကွန်ပျူတာမျိုးဝယ်ရန် သူအကြံရသည် ။ ကျနော့်ကို လိုက်ဝယ်ခိုင်းသည် ။

“ မင်းအိမ်မှာသုံးမှာပဲကွာ ။ စားပွဲတင်ကွန်ပျူတာပဲ ၀ယ်ပါလား ။ ဈေးလည်းသက်သာတာပေါ့ ။ ”
“ အေး ၊ အိမ်မှာထားတော့ ငါ့မှာကွန်ပျူတာရှိတာကို ဘယ်သူက သိမှာလဲ ။ ပြီးတော့ ဈေးကြီးတာကိုမှ ၀ယ်ချင်တာ ။
လက်တော့ပ်နဲ့ဆိုတော့ ကျူရှင်ဆရာကို လူရှိန်တာပေါ့ ။ ”

လူရှိန်မရှိန်တော့မသိပါ ။ ပေါင်တော်တော် ရှိန်ပါလိမ့်မည် ။ ကွန်ပျူတာသည် ပူပါသည် ။ ဖွင့်တဲ့အချိန်ကြာလေ ၊
ပူလာလေဖြစ်ပါသည် ။  ဒါကြောင့်မို့လည်း ခရီးဆောင်ကွန်ပျူတာများကို စားပွဲပေါ်တင်သုံးပါက ကွန်ပျူတာအောက်တွင်
လည်နေသော လျှပ်စစ်ပန်ကာအအေးခံပြားကလေးများကို ထားပြီးမှသုံးလေ့ရှိကြသည် ။ ထိုအပြားမှာ လျှပ်စစ်နှင့် ပလပ်တပ်ပြီး
သုံးရသည့်အတွက် ခရီးဆောင်လို့မရ ။ သွားလေရာသယ်လို့မရ ။

“ အဲ့ဒီအပြားတွေက အပိုပါကွာ ။ ငါ့လိုရောက်လေရာမှာ ကွန်ပျူတာသုံးချင်တဲ့လူကျတော့ နေရာတကာ ပေါင်ပေါ်မှာ ဒီအတိုင်း
တင်ရိုက်ရတာပဲ ။ ဟဲဟဲ ။ ဟိုလူကကြည့် ၊ ဒီလူကကြည့် ။ တကယ်မိတယ်ကွ ။
“ ကြာကြာရိုက်တော့ မင့်ပေါင်တွေ မပူဘူးလား ? ”
“ ပူတာပေါ့ကွ ၊ ပေါင်တင်မကဘူး ၊ ရှုးတိုးတိုး .. ချိုးကော ငုံးဥတွေကော တော်တော်ပူတယ်ကွ ။ ဒီလိုပဲ အိုက်တင်နဲ့
ကြိတ်ခံရတာပေါ့ကွာ ။ ဟီးဟီး ။ ”

ပူသာပူ ။ လူက က္ကုနြေ္ဒမပျက် ။ လက်ဖက်ရည်ဆိုင်မှာ ၊ လမ်းထိပ်မှာ ၊ ဈေးထောင့်မှာ ကားမှတ်တိုင်မှာ တကုပ်ကုပ်နှင့်
အလုပ်ရှုပ်နေသလို ကွန်ပျူတာကိုပေါင်ပေါ်မှာတင်ပြီး ရိုက်နေမြဲ ။ အလုပ်က နား ၊ အားနေပါကလည်း ကွန်ပျူတာကိုပေါင်ပေါ်တင်ပြီး
ရုပ်ရှင် ကြည့်မြဲ ။ သီချင်းဖွင့်မြဲ ။

“ ကိုယ့်ဘာသာကိုယ်တင်တာ ၊ ဘာဖြစ်လဲ ဘာဖြစ်လဲ ။ ”

ဘာဖြစ်လဲဆိုတာ သူ့ကိုသေသေချာချာရှင်းပြခဲ့ဖူးပါသည် ။ အမျိုးသားမျိုးပွားအင်္ဂါစုသည် အပူကိုကြောက်ပါသည် ။
ခန္ဓာကိုယ်တွင်း၏ သာမန်အပူချိန်ကိုပင် ခံနိုင်ရည်မရှိပါ ။ ထိုအပူချိန်တွင် သူတို့ ကောင်းကောင်း အလုပ်မလုပ်နိုင်ကြပါ ။
ထို့ကြောင့်လည်း ထိုအင်္ဂါတစ်စုံလုံးကို အပြင်နားမှာ ထင်ရှားစွာ ထုတ်ထားရသည်မဟုတ်ပါလား ။ သူတို့ ကောင်းကောင်း
အလုပ်မလုပ်လျှင် ဘာဖြစ်ပါသလဲ ? ရှင်းပါသည် ။ ကလေးမရေနိုင်ပါ ။

“ ဒီလင်မယား ကလေးမရနိုင်လို့ ဆေးသွားစစ်တာကွ ။ ရှက်လိုက်တာကွာ ။ ဆရာဝန်က ငါ့ကြောင့်ကလေးမရတာလို့ ပြောလိုက်တယ်ကွ ။ ”
“ ဟေ ၊ အစက ငါမပြောဘူးလား ? ပေါင်ပေါ်တင်ရင် မြုံတတ်ပါတယ်ဆိုတာကို ။ မင်းက နားမှ မထောင်တာ ။ တစ်ချိန်လုံး တင်မယ် ၊
တင်မယ်ဆိုတာချည်ပဲ ။ ”

စိတ်ပေါက်ပေါက်နဲ့ ပိတ်ငေါက်နေပေမယ့် မငယ်စဖူး တကယ်ထူးကာ သေးသေးတာတာ ဖြစ်နေသော သင်းမျက်နှာကို မြင်ရတော့
သနားချင်စရာ ။

“ ဟေ့ကောင် ၊ တအားအော်မနေနဲ့ ။ ဒေါ်ပန်းပွင့်ကြီးကြားသွားဦးမယ် ။ စဉ်းစားကြည့်ပါဦး ။ မင်းပြောတုန်းကလည်း နားထောင်ချင်စရာမှ
မကောင်းတာ ။ စက်က ပေါင်ပေါ်တင်ဖို့ လုပ်ထားတာလေကွာ ။ ပြီးတော့ .. ဒီလောက်တောင် ပိုက်ဆံတွေအကုန်ခံထားရပြီးမှတော့
ပေါင်ပေါ်တော့ တင်မိတာပေါ့ ။ ကြွားလည်း ကြွားချင်တာကိုး ။ ”
“ တင်ပါဗျာ တင်ပါ ။ မင်းဘာသာင်း တင်တုန်းကတင်ပြီး ခုမှ ဘာလာပြောနေတာလဲ ? ”
“ စက်က မင်းလိုက်ဝယ်ပေးတာလေကွာ ။ အခု ဒီလိုဖြစ်လာတာ မင်းအပြစ်မကင်းဘူးလေ ။ တစ်ခုခုတော့ လုပ်ပေးဦးမှပေါ့ ။ ”

သူဘယ်လိုအပြစ်တင်တင် ၊ သူဘာတွေပြောပြော ဘာမှလုပ်ပေး၍မရပါ ။ အေးတာသာ ဆေးအရာဝင်ပါသည် ။ အေးမည့် အချိန်ကိုသာ
အေးအေဆေးဆေး စောင့်ရပါတော့မည် ။ လူစွာလုပ်ပြီး ပူတာကို ပေါင်ပေါ်ဆက်မတင်မိဖို့ကိုသာ တင်းတင်းကြပ်ကြပ် အကြံပေး ကန့်သတ်ရပါတော့သည် ။

(မူရင်း - 8Days News Journal, နွယ်မင်းလတ် ၏ “ ပေါင်ပေါ်တင် ဆင်ခြင်ကြပါ ” ဆောင်းပါး ။Feb-11_18-2011 )

ထပ်ဆင့်တင်ပြသူ
ရဲလတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...