စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ် လုပ်ချိန် နှင့် နှလုံးရောဂါ

ယခုလို စီးပွားရေး သိပ်မကောင်းသော ခေတ်ကြီးထဲတွင် အလုပ်ရှိနေသည်ကို အလုပ်အကြာကြီး လုပ်နေရသည်ကို ကံကောင်း သည်ဟု ထင်နေမိမည်ဖြစ်သော်လည်း ကြိုးကြိုးကုပ်ကုပ် အလုပ်လုပ်ခြင်းကြောင့် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်လာလိမ့်မည်။
Annals of Internal Medicine ပါ လေ့လာချက်တစ်ခုအရ တစ်နေ့ကို အလုပ်ချိန် ၁၁ နာရီနှင့်အထက် အလုပ်လုပ်သူများ သည် ပုံမှန်အလုပ်ချိန် (၇ နာရီ ၈ နာရီ) အလုပ်လုပ်သူများထက် နှလုံးဖေါက်မှုနှင့် နှလုံးရောဂါကြောင့် သေဆုံးနိုင်မှု ရာခိုင်နှုန်း ၆၇ ပိုကြောင်း လေ့လာသိရှိရသည်။ တစ်နေ့လျှင် ၁၀ နာရီမှ ၁၁ နာရီ အတွင်း အလုပ်လုပ်ချိန်ရှိသူများကတော့ ၄၅ ရာခိုင်နှုန်း ပိုသည် ဟု ဆိုသည်။ အလုပ်ချိန်အစီအမံများမှာ နှလုံးရောဂါ၏ ရှေ့ ပြေးလက္ခဏာများဖြစ်သော်လည်း ဂရုပြု မခံရကြောင်း သုတေသီ များ က ဆိုသည်။
အကယ်၍များ ဆရာဝန်များက လူနာဆေးခန်းလာပြချိန်တွင် “တစ်နေ့ ဘယ်နှစ်နာရီ အလုပ်လုပ်ပါသလဲ” ဟု များ မေးခဲ့မည် ဆိုပါက တစ်နှစ်လျှင် နှလုံးရောဂါရသူများ၏ ၅ ရာခိုင်နှုန်းလောက်ကို ကြိုတင်သိရှိ သတင်းပေးနိုင်ခဲ့ပေလိမ့်မည်ဟု University College London မှ ခေါင်းဆောင် သုတေသီ ၊ epidemiology နှင့် ပြည်သူ့ကျန်းမာရေး ပရော်ဖက်ဆာ ဖြစ်သူ Mika Kivimäki (Ph.D) က ပြောကြားခဲ့သည်။
အလုပ်အရမ်းလုပ်သူတစ်ယောက်သည် အလွယ်စာ fast food များကိုသာစားပြီး လှုပ်ရှားမှုလည်း နည်းမည်ဖြစ်ရာ နှလုံးရောဂါရခြင်းသည် အလုပ်ချိန်ကြာမြင့်ခြင်းကြောင့်မဖြစ်နိုင်ဘဲ fast food များနှင့် လှုပ်ရှားမှုမရှိခြင်းတို့ကြောင့်သာဖြစ်ကြောင်း Minnesota ပြည်နယ် Rochester ရှိ Mayo Clinic မှ နှလုံးဆရာဝန် နှင့် သမားတော်ဖြစ်သူ Stephen Kopecky က ပြောကြားခဲ့သည်။
ကျန်းမာသော လူလတ်ပိုင်း ၇၀၀၀ ကို ၁၂ နှစ်လောက် လေ့လာနေခဲ့သည့် Whitehall II လေ့လာချက်တွင် ပါရှိသူတို့၏ ထက်ဝက်ကျော် (၅၄%) ခန့်သည် တစ်နေ့အလုပ်ချိန် ၇ နာရီမှ ၈ နာရီ ရှိကြသူများဖြစ်ပြီး ၁၅% ၁၀% လောက်က ၄င်းတို့သည် ၁၀နာရီမှ ၁၁နာရီခန့် အလုပ်ချိန်ရှိကြသည်ဟု ဆိုကြသည်။
တွေ့ရှိချက်အသစ်များအရတော့ အလုပ်ချိန်များကိုလည်း နှလုံးရောဂါ ဖြစ်စေနိုင်သည့် အချက်များထဲတွင် ထည့်သွင်းသင့်ပြီဖြစ် သည်။ နှလုံးရော ဂါဖြစ်စေနိုင်သည့် အချက်များတွင် အသက်၊ လိင်၊ ကိုလက်စ်ထရော၊ သွေးပေါင်ချိန် နှင့် ဆေးလိပ်သောက်ခြင်း တို့ပါဝင်ပြီး ၄င်းအချက်များကို စုပေါင်းကာ Framingham risk score ဟုခေါ်သည်။ ဤသည်မှာ နောက်ဆယ်နှစ်အတွက် နှလုံးရောဂါဖြစ်ပေါ်နိုင်သည့် အခြေအနေကို တွက်ဆခြင်းဖြစ်ပြီး Massachusetts မှ Framingham တွင် ဂျန်နရေးရှင်းပေါင်းများစွာ လေ့လာထားရခြင်းဖြစ်သည်။
လေ့လာမှုတွင် diet ပုံစံ၊ လှုပ်ရှားမှု ပုံစံ၊ မိသားစု နှလုံးရောဂါ ရာဇဝင် စသည်တို့ကိုလည်း ထည့်သွင်းမထားကြောင်း Omaha ရှိ University of Nebraska Medical Center မှ Director of preventive cardiology ဖြစ်သူ Scott Shurmur က ပြောသည်။ ထို့အတွက်ကြောင့်လည်း လက်ရှိကုသပုံများကို ပြောင်းပစ်ရန် စောနေသေးသည်ဟု ဆိုသည်။ မည်သည့်အလုပ်ကိုလုပ်သည်နှင့် ကိုယ့်အလုပ်ကို ဘယ်လောက်သဘောကျသည်ဆိုသည်တို့ကလည်း အတော် သိသာစေသည့် အချက်များဖြစ်သေးသည်ဟု ဆိုသည်။ စားပွဲတွင် တစ်နေ့ ၁၁ နာရီလောက်ထိုင်ပြီး အလုပ်လုပ်သည်မှာ ကျန်းမာရေးနှင့် မညီညွှတ်သော်လည်း တစ်နေ့ ၁၂ နာရီ ၁၄ နာရီလောက် အလုပ်လုပ်သည့် လယ်သမားများမှာတော့ ပျမ်းမျှထက် အသက်ပိုရှည် ကြလေ့ရှိသည်ကိုလည်းတွေ့ရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...