ဆောင်းဝင်လာလို့ရာသီဥတုအေးတာနဲ့ ကျနော်တို့တောင်ကြီးသားတွေ အလုပ်စရှုပ်ပါပြီဗျာ။ အုပ်စုလေးတွေ ကိုယ်စီနဲ့ပေါ့။ လူငယ်အဖွဲ့လေးတွေက ကိုယ့်အဖွဲ့နဲ့ကိုယ် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ မီးပုံးပျံလွှတ်ဖို့ အတွက်ယမ်းရိုက်နေရပြီလေ..။ ယမ်း...ဆိုလို့ တောင်ကြီးသားအများစုက မီးပုံးပျံကို ညမီးကြီး(ခေါ်) မီးပုံးပျံအောက်မှာ မီးရှူးတွေပါတဲ့မီးပုံးပျံကို ပိုပြီးအကြိုက်များတယ်လေဗျာ..။

မီးရှူးရိုက်နေတဲ့ပုံလေးပါ ဒါက.......
မီးပုံးပျံလုံးတာကတစ်ဖွဲ့ရှိတယ်ဗျ ကျနော်တို့တောင်ကြီးသားတွေက ကိုယ်ကျရာတာဝန်ကို ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်ကြပါတယ်ဗျာ...။ မီးပုံးပျံပေါ်မှာလဲ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို အားလုံးစုစည်းတိုင်ပင်ပြီး အလှပဆုံးဖြစ်အောင်ရေးဆွဲကြပါတယ်ဗျ..။

ဒါက မီးပုံးပျံလုံးရင်း မီးပုံးပျံအပြင်ဖက် မျက်နှာပြင်ပေါ်မှာ ဒီဇိုင်းရေးဆွဲနေတဲ့ပုံပါ......
လက်ရာခက်ပြီး ပညာပါတဲ့ပုံနေရာမှာတော့ ၀ါရင့်ပန်းချီဆရာတွေကိုအားကိုးပြီးရေးဆွဲရပါတယ်ဗျ..။

ပန်ချီဆရာမှ မီးပုံးပျံကိုယ်ထည်ပေါ်တွင် ပန်းချီရေးဆွဲနေသောပုံ.......
အဲဒါတွေပြီးလို့ မီးပုံးပျံရပြီဆိုတာနဲ့ မလွှတ်ခင်အရင်ဆုံး မှိုင်းဖြူခံရပါတယ်ဗျာ..။ ဒါမှ မီးပုံးပျံဒီဇိုင်းကိုကြည့်ရင်း လိုအပ်တဲ့နေရာတွေမှာဖြည့်စွက်ကြရပါတယ်ဗျ..။အော်....မှိုင်းဖြူဆိုတာက ရှမ်းစက္ကူ ဒါမှမဟုတ် ကောက်ရိုး နဲ့ မှိုင်းဖြူပဲထွက်ပြီး မီးပုံးပျံကို မမဲစေနိုင်ပဲ မီးခိုးမှိုင်းထွက်တဲ့ ဘယ်အရာနဲ့မဆို မီးပုံးပျံကို မလွှတ်ပဲနဲ့ အရင်ထောင်ကြည့်တာပါဗျ....။

ဒါကမှိုင်းဖြူထောင်လို့ မှိုင်းဝနေတဲ့ မီးပုံးပျံပုံပါ.......
မီးပုံးပျံကို မှိုင်းဖြူထောင်ပြီး စစ်ဆေးစရာရှိတာစစ်ဆေးပြီးရင် ပြိုင်ပွဲဝင်ဖို့အတွက် အသင့်ဖြစ်နေပါပြီဗျာ...။မီးပုံးပျံလွှတ်မဲ့အဖွဲ့သားတွေနဲ့ တောင်ကြီးသားတွေ အကုန်လုံးကပျော်လို့ရွှင်လို့ပေါ့ဗျာ..။တန်ဆောင်တိုင်ပွဲတော်ရောက်ရင် ဘယ်နေ့မှာ ဘယ်မီးလွှတ်မယ်ဆိုတာတွေကိုလေ့လာရင်း ကြည်နူးတဲ့အရသာက ဘယ်အရာနဲ့မှမလဲနိုင်တော့ပါဘူးဗျာ..။

မီးပုံးပျံကို ပြိုင်ပွဲနေ့မှာ လွှတ်တင်နေတဲ့ ပုံလေးပါ.....
မီးပုံးပျံမတက်ခင်ကြားလိုက်ရတဲ့သီချင်းသံကတော့ .... အိုးစည်သံနဲ့အတူ (အိုးလေးလှုပ်ပါဟေ့....အိုးလေးလှုပ်ပါဟေ့........) ဆိုတဲ့ အသံတွေနဲ့အတူကွေးနေအောင် ကကြပါလေရောဗျာ...။ ကျနော်အပါအ၀င်ပေါ့...။ မီးပုံးပျံတက်သွားလို့ မီးကျည်တွေ ထွက်နေပြီဆိုတာနဲ့ ကလိုက်ရတာလဲ မမောနိုင်မပန်းနိုင်ပါပဲဗျာ.........။
(မှတ်ချက်။ ။ကိုကြီးကျော်မှ အထူးခံစားတင်ပြသည်)

No comments:
Post a Comment