စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







‘ရင်သွေးယူတော့မည့် မိခင်၊ ဖခင်လောင်းများ ဖတ်ရန်’

By 7Day News Originally posted 13/01/2012 12:45PM





ရင်သွေးငယ် ရယူရန် ဆုံးဖြတ်ထားသည် ဆိုပါက အောက်ပါစာမူကို ဖတ်ရန် တိုက်တွန်းအပ်ပါသည်။  မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့် သူများ ရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင် ပြင်ဆင်၍ ရင်သွေးငယ် မွေးဖွားသူများလည်း ရှိသည်။ ကြိုတင် ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေး အခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ ဖြစ်သည်။



ထိုသို့  ကြိုတင် ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ ကလေးငယ်အား ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦး ဖြစ်စေရန် မိခင်အနေဖြင့် ကြိုတင် ပြင်ဆင်ရမည့် ကျန်းမာရေး ပြင်ဆင်မှုများသည်လည်း မမေ့လျော့သင့်သည့် အရာတစ်ခုဖြစ်သည်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ဇနီးမောင်နှံများမှာ အသုံးပြုနေသည့် ကိုယ်ဝန်တားဆေးများ  မသုံးတော့ခြင်း၊ ယေဘုယျ ကျန်းမာရေးဂရုပြုခြင်း စသည်တို့လောက်သာ  ပြုလုပ်လေ့ ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်အား ရောဂါပိုးများ ကူးစက်မှု မရှိစေရန် လည်းကောင်း၊ သားဖွားပြီး မိခင်အနေဖြင့် ကျန်းမာလှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်စေရန်အတွက် လည်းကောင်း၊ ကြိုတင်ပြင်ဆင်မှု နည်းပါးနေသေးကြောင်း သားဖွားမီးယပ် ဆရာဝန်ကြီးများက ပြောကြားသည်။


“သားဖွား မီးယပ်အထူးကု ဆရာဝန်တွေ အများဆုံး တွေ့ကြုံရတာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက ဘာမှ  ကြိုတင် ပြင်ဆင်မှု မရှိဘဲ မိခင်လောင်းဘဝကို ရောက်သွားကြတာ များတယ်။ အဲဒီအခါ ကလေးအတွက် အရေးကြီးဆုံးအချိန်တွေ မသိလိုက်ဘဲ ဆုံးရှုံးသွားကြတာ များတယ်” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။


ကိုယ်ဝန်ဆောင် နေစဉ်တွင် ပထမဆုံး ကိုယ်ဝန်သုံးလသည် ကလေးငယ်အတွက် အရေးကြီးဆုံးသော အချိန်ဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။ ထိုသုံးလ အတွင်းတွင် ကလေးငယ်အတွက် အဓိက အစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်၊ အသည်း၊ အဆုတ် စသည့် အင်္ဂါအစိတ်အပိုင်းများ အပြင် မျက်လုံး၊ ခြေ၊ လက်များ အသေးစိတ် စတင် ဖွံ့ဖြိုးသည့် အချိန်လည်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့သော အရေးကြီးလှသည့် အချိန်တွင် သတိမမူမိသည့် အပြုအမူအချို့ကြောင့် မိမိရင်သွေးအား မွေးရာပါရောဂါများ၊ မသန်စွမ်းမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။


“ဘယ်သူက စသတ်မှတ်လိုက်လည်း မသိပေမယ့် လူအများစု ထင်နေတာက ကိုယ်ဝန်ငါးလလောက်မှ ကိုယ်ဝန်အပ်ရမယ်ဆိုပြီး အပ်ကြတယ်။ အဲဒီတော့ ကလေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကာလတွေ လွန်သွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဆရာဝန်တစ်ဦးက ပြောသည်။


ထိုကိုယ်ဝန် သုံးလအတွင်း အမှားတစ်စုံတစ်ရာ ဖြစ်ပါက ကလေးတွင် အင်္ဂါချွတ်ယွင်းခြင်း၊ လူစဉ်မမီခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းစသော ဒုက္ခိတကလေးများ မွေးဖွားလာနိုင်သည့်အတွက် ကိုယ်ဝန်ငါးလမှ စ၍ ကိုယ်ဝန်အပ်မည်ဆိုပါက ထိုအရေးကြီးသည့် အချိန်များတွင် ရှောင်ရန်၊ ဆောင်ရန် အကြောင်းအရာများသည်လည်း လွန်သွားခဲ့ပြီ ဖြစ်သည်။


ထိုအချက်များကြောင့် ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် ကိုယ်ဝန်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်စေရန် ခန္ဓာကိုယ် အလေးချိန်အား ဂရုပြုခြင်း၊ ကိုယ်ဝန်အတွက် အန္တရာယ် မဖြစ်စေမည့် နေထိုင်ခြင်းပုံစံများ၊ အစားအသောက်ပုံစံ စသည်တို့အတွက် တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ကြိုတင် တိုင်ပင်သင့်ကြောင်း သိရသည်။


“ကိုယ်ဝန်ဆောင်မယ့် သူက မဝလွန်း၊ မပိန်လွန်းသော ခန္ဓာကိုယ်ရှိရမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်မဆောင်ခင် ရှိသင့်တဲ့ အလေးချိန်ဖြစ်အောင် ဂရုပြုရမယ်။ ကိုယ်ဝန်ဆောင်တော့မှ ဝိတ်ချလို့လည်း မရဘူးလေ။ ဆေးလိပ်ငွေ့တွေ အရက်တွေကလည်း သန္ဓေသားကို ထိခိုက်မှု အရမ်းများတဲ့အတွက် အဲဒါတွေ ဖြတ်ရမယ်” ဟု ဒေါက်တာစိုးလွင်က ပြောသည်။


နောက်အရေးကြီးသည့် အချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်သည့်အချိန်မှ စတင်၍ ကိုယ်ဝန်ဆောင်အားဆေး ဟု ခေါ်သည့် ဖောလစ်အက်ဆစ်
(Folic Acid) အား တစ်နေ့လျှင် ၄၀၀ မိုက်ခရိုခရမ်နှုန်းဖြင့် နေ့စဉ် သောက်သုံး သွားသင့်ကြောင်း ဒေါက်တာစိုးလွင်က “ရာသီမလာခင် လူသတ်ချင်” ဟူသော ကျန်းမာရေးစာအုပ်တွင် ထည့်သွင်း ရေးသားထားသည်။

ထိုဆေးအား ကိုယ်ဝန်၏ ပထမသုံးလအထိ သေချာစွာ သောက်သုံးထားလျှင် ကလေး၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များအား ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင်  ဂျိုက်သိုးရောဂါ ဖြစ်ပွားပါကလည်း ကလေးငယ်အား ဝမ်းဗိုက်အတွင်းတွင် သေဆုံးခြင်း၊ ဦးနှောက် ကျပ်မပြည့်ခြင်းများ၊ ဆွံ့အနားမကြား၊ မျက်စိကန်းသည့်  ကလေးဖြစ်စေသည်အထိ အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်သည်။


ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်သည့်အချိန်တွင် မိမိခန္ဓာကိုယ်ထဲတွင် ဂျိုက်သိုးရောဂါ ကာကွယ်သည့်ဓာတ်များ ရှိ၊ မရှိ ကြိုတင် စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ကြောင်း သိရသည်။


တခြား ကူးစက်ရောဂါများ ဖြစ်သည့် ကာလသားရောဂါများ၊ ခုခံအား ကျဆင်းမှုရောဂါများ၊ အသည်းရောင် အသားဝါကဲ့သို့သော ကူးစက်ရောဂါများ ရှိ၊ မရှိကိုလည်း စစ်ဆေးထားခြင်းဖြင့် ကလေးအားကူးစက်မှု မရှိစေရန် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်သည့် အချိန်တွင် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်က ကလေးနှင့် မိခင်အတွက် ကောင်းမွန်ပြီး တစ်စုံတစ်ရာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကလည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ကြောင်း သိရသည်။


ကိုယ်ဝန်ရှိသည့်အခါတွင် အများစုမှာ သုံးပတ်မှ လေးပတ်အထိ ကိုယ်ဝန်ရှိကြောင်း မသိရှိကြဘဲ တချို့မှာ လအနည်းငယ်အထိ မသိရှိသည့် သူများလည်း ရှိကြသည်။ ထိုမသိရှိသည့် အချိန်တွင် ကြိုတင် ကာကွယ်မှုလည်း မရှိပါက မိမိ ရင်သွေးငယ်အတွက် မလိုလားအပ်သည့် ရောဂါများ ဖြစ်ပွားလာစေနိုင်ပြီး ကလေးမလိုချင်သည့် အချိန်တွင်လည်း ကလေးရရှိသွားပါက စိတ်ချမ်းသာသော အခြေအနေ မဖြစ်လာနိုင်ကြောင်း ဂရုပြုသင့်သည်။ မွေးဖွားပြီးချိန်တွင်လည်း မိခင်ရော၊ ကလေးပါ ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်သင့်သည့် အချက်များအား ပြင်ဆင်ရင်း ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်သော ရင်သွေးလေးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။


ဝတ်ရည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...