စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ထောင်ပြုခြင်း အနုပညာ

အိမ်ထောင်ပြုခြင်း အနုပညာ



အဲဒီ တစ်ည---အရာအားလုံးဟာ မှောင်နဲ့ မည်းမည်း ကောင်းကင်ဟာ မလင်းမရှင်းသလို ကျွန်တော့်စိတ်ထဲ ခံစားနေ ရပါတယ် ။ အိမ်ကို ပြန်ရောက်ရောက်ခြင်း အိမ်ရှင်မ ငြိမ်း က ညစာ ပြင်ထားတာကိုတွေ့ရတယ် ။ ကျွန်တော် ညစာစားချင်စိတ်လည်းမရှိဘူး ။ ဒါနဲ့ ငြိမ်းရဲ့ လက်ကို ကိုင်ပြီး “ ငါနင့်ကို ပြောစရာရှိတယ် ” လို့ ပြော လိုက်တယ် ။ သူမက ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာပဲ ညစာကို စပြီးစားပါတော့တယ် ။ ငြိမ်း မျက်ဝန်းထဲ နာကျင်နေမှု အရိပ်အရောင်တွေ ကျွန်တော်တွေ့နေရတယ် ။ ရုတ်တရက်ချက်ချင်းပဲ ကျွန်တော့်ပါးစပ်ကို ဟပြီး စကား လုံးတွေ ဘယ်လို သွန်ချရမလဲဆိုတာ ကျွန်တော်မသိတော့ဘူး ။

ဒါပေမယ့် ကျွန်တော် ဘာတွေတွေးထားသလဲဆိုတာကိုတော့ ငြိမ်းကို ပြောတော့ပြောရမှာပေါ့ မဟုတ်ဘူးလား ။ ကျွန်တော်ငြိမ်း နဲ့ကွာရှင်းချင်တာပါ သွေးအေးအေးနဲ့ ဆုံးဖြတ်ခဲ့တဲ့ ခေါင်းစဉ်တစ်ခုလည်းဖြစ်ပါတယ် ။ ကျွန်တော်ပြော တဲ့စကားလုံးတွေနဲ့ ပတ်သတ်ပြီး ငြိမ်းမှာ စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ပုံတော့မပေါ်ပါဘူး ။ ငြိမ်းက ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းတစ်ခုသာ တိုးတိုးလေးကျွန်တော့်ကို မေးခဲ့တယ် ။ ကျွန်တော် ဒေါသ အတော် ထွက်သွားတယ် ။ မေးတာကိုမဖြေပဲ ကျွန်တော်နေတော့ ငြိမ်းက နှုတ် ခမ်းနီတောင့်တွေ နဲ့ တခြား သူမအသုံးအဆောင်ပစ္စည်းတချို့ကို ဆွဲယူလွှင့်ပစ်ခဲ့ပြီး ကျွန်တော့် ကို ဒေါသ တကြီးဟော်ဟစ်ခဲ့တယ် ။ “ ရှင် ယောင်္ကျားမဟုတ်ဘူး ” အဲဒီညက ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ခဲ့ကြဘူး ။ ငြိမ်း တစ်ည လုံးငိုကျွေးနေခဲ့တယ် ။

ကျွန်တော်သိပါတယ် ဘာကြောင့် ဒီလို အိမ်ထောင်ရေး အဆင်မပြေဖြစ်ရသလဲဆိုတာကို သူမ အနေနဲ့ အဖြေရှာ ချင်နေတဲ့ပုံပါပဲ ။ ဒါပေမယ့် ကျွန်တော်က ခက်ခဲ ပြင်းထန်တဲ့စကားလုံးတွေနဲ့ ငြိမ်းကိုပြောခဲ့တယ် ။ “ နင် ငါ့နှလုံးသားထဲမှာမရှိတော့ဘူး ” ဒီထက်ပိုပြီး ကျွန်တော်ငြိမ်းကို မချစ်ချင်တော့ဘူး ။ ကျွန်တော် ငြိမ်းကို ချစ်တဲ့အချစ်တွေ က ခင် ဆိုတဲ့ အမျိုးသမီးတစ်ဦးဆို ရောက်နေခဲ့ရပါပြီ ။ ကျွန်တော်ငြိမ်းကို သနားဂရုဏာ သက်ခဲ့တာ ပါ လိပ်ပြာမသန့်သလိုလည်းခံစားနေရတယ် ကျွန်တော်ကတော့ ကွာရှင်းစာချုပ်အကြမ်းထဲမှာ အိမ်ရယ်ကားရယ် ကျွန်တော့်ကုမ္ပဏီရဲ့ ၃၀ % ကိုပါ ငြိမ်းပိုင်ဆိုင်နိုင်ကြောင်း ထည့်ရေးထားခဲ့တယ် ။ ငြိမ်းက အဲဒီစာချုပ် ကို တစ်ချက်ပဲ ကြည့်ပြီး အကုန်လုံး အစိတ်စိတ်အမွှာအမွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်ခဲ့တယ် ။ အခုဆို ဆယ်နှစ်လောက် ကျွန်တော်နဲ့အတူတူ ဖြတ်သန်းလက်တွဲ လာခဲ့တဲ့အ မျိုးသမီးတစ်ယောက်ဟာ ကျွန်တော်နဲ့ သူစိမ်းတွေလို ဖြစ်နေခဲ့ပါပြီ ။

ငြိမ်းရဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေ ၊ ခွန်အားတွေ အတွက် ကျွန်တော်တကယ်စိတ်မကောင်းပါဘူး ။ ဒါပေမယ့် ကျွန်တော်က သူ့ကို တကယ်ချစ်ခဲ့တာပါလို့ပြောခဲ့တဲ့အချိန်ကာလတွေကိုတော့ အခု ပစ္စုပ္ပန်ကို ပြန်လည် မသယ်ဆောင် လာချင်တော့ပါဘူး ။ နောက်ဆုံး ကျွန်တော့်ရှေ့မှာ ကျွန်တော့်ဆုံးဖြတ်ချက် များ ပြောင်းသွား မလားဆို တဲ့ မျှော်လင့်ချက်နဲ့ ငြိမ်း ကျယ်လောင်စွာ ငိုကြွေးနေခဲ့တယ် ။

ကျွန်တော့်အတွက်တော့ ငြိမ်းငိုကြွေးနေတာဟာ ရောဂါတစ်ခုကို ခံစားနေရသလိုပါပဲ ။ ဟိုးယခင် ရက်သတ္တပတ်တွေထဲက ကျွန်တော့်ရဲ့ အိမ်ထောင်ရေးကွာရှင်းလိုမှု အကြံအစည်ဟာ ယခုအချိန်မှာ ပိုပြီး ပြတ် သားကြည်လင်လာသလိုပါပဲ ။ နောက်တစ်ရက်မှာ ကျွန်တော် အိမ်ကို နောက်ကျပြီးမှ ပြန်ရောက်ခဲ့တယ် ။ စာရေးစားပွဲပေါ် မှာငြိမ်းဟာ ငြိမ်သာစွာ စာရွက်ဖြူဖြူလေးတစ်ရွက်ပေါ် စာရေးနေတာကို ကျွန်တော် တွေ့ခဲ့တယ် ။ ကျွန်တော် လွတ်လပ်တော့မယ် ဒီအရိပ်ဆိုးကြီး(အိမ်ထောင်ရေးမပြေလည်မှု) ကြားထဲက နေ ထွက်ရတော့ မယ်ဆိုတဲ့အသိကြောင့် ၊ တစ်နေ့လုံးလည်း ပင်ပန်းလာတဲ့အတွက် ညစာတောင်မစားနိုင်တော့ပဲ အိပ်ရာကိုပဲ တန်း ၀င်ပြီး ခဏလေးအတွင်းမှာပဲ ကျွန်တော်အိပ်ပျော်သွားခဲ့တယ် ။ ကျွန်တော်နိုးလာတဲ့အခါ အဲဒီစားပွဲပေါ်မှာ ငြိမ်းဟာ စာရေးနေတုန်းပါပဲ ။

ကျွန်တော်လည်း ငြိမ်းကို ဂရုမစိုက်ချင်တာကြောင့် တစ်ဖက်ကိုလှည့်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ် ။ မနက်ရောက် တဲ့အခါမှာတော့ ငြိမ်းက သူမရဲ့ ကွာရှင်းလိုတဲ့အခြေနေကိုပြောခဲ့တယ် ။ သူမ ဖက်က ကျွန်တော့်ဆီက ဘယ်လို အရာကိုမှ မလိုချင်ပါဘူးတဲ့ ဒါပေမယ့် မကွာရှင်းခင်မှာ တစ်လ လောက် ပုံမှန် ( ဖြစ်နိုင်သလောက် ) နှစ်ဦးစလုံး ကြိုးစားပြီး နေကြရအောင်တဲ့ ။ ငြိမ်းရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ် ။ သားလေးရဲ့စာမေးပွဲက တစ်လလိုပါသေးတယ် ။ ကျွန်တော်တို့ မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုကြောင့်သားလေးရဲ့ စာမေးပွဲမှာ စိတ်အနှောက်အယှက်တစုံတရာ မဖြစ်စေချင်လို့ပါတဲ့ ။

ဒါဟာ ကျွန်တော့်အဖို့ သဘောတူချင်စရာပါပဲ ။ ဒါပေမယ့် ငြိမ်းက ဒီမှာတင်မရပ်ပါဘူး ။ မင်္ဂလာဆောင် တဲ့နေ့က လို မင်္ဂလာသတို့သမီးငြိမ်းကို ကျွန်တော် က ပွေ့ချီပြီး မင်္ဂလာကုတင်ပေါ်ကို သယ်ဆောင်သွားပေးဖို့ ငြိမ်း က တောင်း ဆိုခဲ့တယ် ။ ဒီတစ်လအတွင်းမှာ နေ့တိုင်းနေ့တိုင်း အိပ်ခန်းထဲကို ကျွန်တော်ကပွေ့ချီသွားပြီး မနက်ခင်းတိုင်း မှာလဲ အိပ်ခန်းထဲကနေ အပြင်ဖက်ကို ပွေ့ချီပေးသွားဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ် ။ သူမ ရူးသွားပြီလားလို့ ကျွန်တော်ထင်တယ် ။ အင်းလေ နောက်ဆုံး ကျွန်တော်တို့ လမ်းခွဲရတော့ မယ့်အချိန်ရောက် လာတော့မှာပဲ ငြိမ်းရဲ့ ထူးဆန်းတဲ့ ဒီတောင်းဆိုမှုကို ကျွန်တော်လက်ခံခဲ့ပါတယ် ။ ကျွန်တော် ခင့် ကို ငြိမ်းရဲ့ ဒီလိုအခြေအနေတွေကို ကျွန်တော်ပြောပြခဲ့တယ် ။ ခင်က ကျယ်လောင်စွာ ရယ်မောနေခဲ့ပြီး ဒါဟာ အတော်ကိုး ယို့ကားယားနိုင်ပြီး ရီစရာကောင်းတဲ့ လုပ်ရပ်ပဲလို့ မှတ်ချက်ချခဲ့တယ် ။ ဆက်ပြီးတော့ ငြိမ်းရဲ့ အူကြောင်ကြောင် လုပ်ရပ်အပေါ် အထင်သေး ရှံ့ချတဲ့စကားလုံးပေါင်းများစွာနဲ့ ပျက်ရယ်ပြုခဲ့တယ် ။

ကျွန်တော့်အ မျိုးသမီးရော ကျွန်တော်ရော နှစ်ယောက်စလုံးဟာ ကွာရှင်းလိုတဲ့ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ဖြစ်သွားပြီးကတည်းက ဘယ်သူနဲ့မှ ဆက်သွယ်မှုမရှိခဲ့ပါဘူး ။ ပထမဆုံးရက် ကျွန်တော်ငြိမ်း ကို ပွေ့ချီ ခဲ့တယ် ။ နှစ်ယောက်စလုံးက လေးလံနေသလိုခံစားရပြီး တိတ်ဆိတ်မှုတွေက နေရာယူထားကြတယ် ။ ကျွန်တော် တို့အနောက်မှာ သားလေးက ပျော်ရွှင်စွာ လက်ခုပ်တီးအားပေးနေခဲ့တယ် ။ သူ့ ဖေဖေက သူ့မေမေကို ချစ်စနိုးနဲ့ ပွေ့ချီထားတယ်ပေါ့ ။

သားလေးရဲ့ တီတီတာတာ စကားလုံးတွေက ကျွန်တော့် ရင်ကို နာကျင်စေခဲ့တယ် ။ အိပ်ရာကနေ ပြီးတော့ ဧည့်ခန်း အဲဒီနောက်တံခါး အစရှိသဖြင့် ဆယ်မီတာလောက်ကို ကျွန်တော်က ငြိမ်းကို ပွေ့ချီပြီးလမ်းလျှောက် လာခဲ့တယ် ။ ငြိမ်းက မျက်လုံးတွေမှိတ်ထားပြီး ကျွန်တော့်ကို တိုးတိုးကလေးပြောတယ် ။ “ သားလေးကို ကျွန်မ တို့ ကွာရှင်းတော့မယ့် အကြောင်းမပြောပါနဲ့နော် ” တဲ့ ။ ကျွန်တော်ခေါင်းညိတ်ပြခဲ့ပြီး ရင်ထဲမှာ အမျိုးအမည် မဖော်ပြနိုင်တဲ့ ခံစားမှုတစ်ခုက ၀င်ရောက်လာခဲ့တယ် ။ ကျွန်တော်ငြိမ်းကို အိမ်ရှေ့မှာ ချပေးခဲ့တယ် ။ ငြိမ်းက ဘတ်စ်ကားစောင့်ဖို့ ထွက်ခွာသွားပါတော့တယ် ။

ရုံးမှာ ကျွန်တော်တစ်ယောက်တည်း အထီးကျန်သ လိုခံစားနေခဲ့ရတယ် ။ ဒီလိုနဲပ ဒုတိယ ရက်ရောက်လာခဲ့ပါပြီ ။ ကျွန်တော်တို့နှစ်ယောက်ဟာ ပထမရက်တုန်း ကလောက်တော့ မခက်ခဲနေကြတော့ပါဘူး ။ လွယ်လွယ်ကူကူပဲ ငြိမ်းကိုကျွန်တော်ပွေ့ချီခဲ့တယ် ။ ကျွန်တော့် ရင်ခွင် ထဲမှာ ငြိမ်းက မျက်နှာကို ၀ှက်ထားတယ် ။ ငြိမ်းရဲ့ ဘလောက်စ်အကျီင်္က ရေမွှေးရနံ့က ကျွန်တော့်အာရုံတွေကို နှိုးဆွနေကြတယ် ။ ကျွန်တော်နားလည် လိုက်တာ က ကျွန်တော်နှစ်ပေါင်း အတော် ကြာအောင် ငြိမ်းကို သေသေချာချာ ဂရုတစိုက်မကြည့်မိခဲ့ဘူး ဆိုတာပါပဲ ။ ငြိမ်းအသက် အရွယ်မငယ်တော့ ဘူးဆိုတာလည်း ကျွန်တော်နားလည်လိုက်တယ် ။

ငြိမ်းရဲ့ မျက်နှာပြင်မှာ အရေးအကြောင်းငါးခုကို ကျွန်တော်တွေ့လိုက်တယ် ။ ဆံပင်တွေက မီးခိုးရောင် သမ်းနေပါပြီ ။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဆိုတဲ့အရာက ငြိမ်းအပေါ် ဒီလောက်ကြီး ဖိစီးစေခဲ့သလား ။ တစ်မိနစ်လောက် ကျွန်တော်ငြိမ်းအပေါ် ဘာတွေလုပ်ခဲ့သလဲဆိုတာ တွေးနေမိတယ် ။ လေးရက်မြောက်နေ့ မှာတော့ ကျွန်တော်ငြိမ်းကို ပွေ့ချီလိုက်တဲ့အခါ ဟိုးယခင်ကလို ငြိမ်းရဲ့ ရင်းနှီးသွားသလို ခံစားလာရတယ် ။ ဒါဟာ ကျွန်တော့် ကို ဆယ်နှစ်လောက် ဘ၀ ကိုပုံပြီးပေးဆပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါလားဆိုတဲ့ အသိနဲ့ပေါ့ ။ ငါးရက်မြောက်နဲ့ခြောက်ရက်မြောက်နေ့မှာတော့ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုက တဖြည်းဖြည်းတိုး လာတယ်လို့ ကျွန်တော် ခံစားလာမိတယ် ။ ဒီအကြောင်းအရာတွေကို ကျွန်တော် ခင့်ကို မပြောဖြစ်ခဲ့ပါဘူး ။ တစ်လပြည့်ဖို့ ရက်တွေ လျော့လာလေလေ ကျွန်တော်ငြိမ်းကို သယ်ဆောင်ရတာ ပွေ့ချီရတာ လွယ်ကူ လာလေလေပါပဲ ။ နေ့တိုင်းမှာလည်း ကျွန်တော် သန်မာလာသလို ခံစားလာရတယ် ။

တစ်မနက်မှာတော့ ငြိမ်းက ဘာဝတ်ရင်ကောင်းမလဲဆိုပြီး သူမ အ၀တ်အစားတွေကို ရွေးနေပါတယ် ။ ငြိမ်းရဲ့ အ၀တ်အစားတွေကို ရှာဖွေနေပေမယ့်လည်း သူမနဲ့ သင့်တော်မဲ့ ၀တ်စုံကို ငြိမ်းက ရှာမတွေ့ခဲ့ဘူး ။ ပြီးတော့ အ၀တ်တွေ မတော်တော့ဘူး အ၀တ်တွေက ကြီးလာတယ် လို့ ငြိမ်းက သက်ပြင်းချပြီး ညည်းတွားနေခဲ့တယ် ။ ရုတ်တရက်ချက်ချင်းပဲ ကျွန်တော်နားလည်လိုက်တာက ငြိမ်းဟာတ စ်ရက်ပြီးတစ်ရက် ပိန်ပါးလာခဲ့လို့သာ ကျွန်တော် ပွေ့ချီရတာ ပေါ့ပါးလာတယ်လို့ ထင်မိတယ်ဆိုတာကိုပေါ့ ။

အိုး ... ဒါဟာ ကျွန်တော့်ကို ပြင်းပြင်းထန်ထန်ကြီးကို ထိခိုက်စေခဲ့တယ် ။ ငြိမ်းကို ကျွန်တော့်နှလုံးသားထဲမှာ နာကျင်မှုတွေ ခါးသက်မှုတွေနဲ့ ကျွန်တော် မြှုပ်နှံထားခဲ့မိတယ် ။ ချက်ချင်းပဲ ကျွန်တော်ငြိမ်းအနား ကိုရောက်သွားပြီး ဦးခေါင်းလေးကို ကိုင်ကြည့်မိတယ် ။ အဲဒီအချိန်မှာပဲ သားလေးက အခန်းထဲ ၀င်ရောက် လာခဲ့ပြီး “ ဖေဖေ မေမေ့ကို ပွေ့ချီရမယ့်အချိန်ရောက်ပြီနော် ” လို့ပြောခဲ့တယ် ။ သားလေး အတွက်တော့ သူ့ အဖေက သူ့အမေကို ပွေ့ချီတာကို မြင်ရတဲ့မြင်ကွင်းဟာ သူ့ဘ၀အတွက် အလွန်ကို အရေးကြီးတဲ့အ စိတ်အပိုင်း တစ်ခုဖြစ်ပါတယ် ။ ငြိမ်းက သားလေးကို ရီဝေစွာကြည့်ပြီး ရင်ခွင်ထဲ တင်းကြပ် စွာ ပွေ့ဖက်ထားခဲ့တယ် ။ ကျွန်တော့်မျက်နှာကို တစ်ဖက် လှည့်နေခဲ့တယ် ။

ဘာကြောင့်လဲဆိုတော့ ဒီနောက်ဆုံးအချိန် အကျမှ ကျွန်တော့်စိတ်တွေကို ပြောင်းလဲပစ်ရမှာ ကျွန်တော်ကြောက်နေခဲ့တယ် ။ အဲဒီနောက် ငြိမ်းကို ထုံးစံအတိုင်း ကျွန်တော်ပွေ့ချီပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းထဲကို ထွက်လာခဲ့တယ် ပြီးတော့ တော့ အိမ်ရှေ့တံခါးဆီကိုပေါ့ ။ ငြိမ်းရဲ့လက်တွေက ကျွန်တော့်လည်ပင်းကို ငြင်သာစွာ သိုင်းဖက်ထားပြီး တကယ့်ကို သဘာဝ အတိုင်းပါပဲ ။ ကျွန်တော်ငြိမ်းကို တင်းကြပ်စွာ ပွေ့ချီထားတယ် ကျွန်တော်တို့ မင်္ဂလာဦးနေ့တုန်းက အတိုင်းလိုပဲပေါ့ ။

ဒါပေမယ့် ငြိမ်းတဖြည်းဖြည်းပိန်လာခဲ့တာကတော့ ကျွန်တော့်ကို အလွန်ပဲဝမ်းနည်းစေခဲ့တယ် ။ နောက်ဆုံးတစ် ရက်ရောက်လာခဲ့ပါပြီ ။ ကျွန်တော်ငြိမ်းကို ပွေ့ချီရမှာ အလွန်ကို ခက်ခဲနေခဲ့တယ် ။ သားလေးက ကျောင်း ကိုသွားပါပြီ ။ ကျွန်တော်ငြိမ်းကိုတင်းကြပ်စွာ ဖက်ထားပြီးပြောခဲ့တယ် ။ “ ငါတို့ ဘ၀တွေဟာ ရင်းနှီးမှုတွေ ယုတ်လျော့နေ ခဲ့ တာ ငါ သတိမထားမိခဲ့ဘူး ” ပြီးတော့ ကျွန်တော်ရုံးသွားခဲ့တယ် ။ ကားထဲကနေ ခုန်ဆင်းပြီးတံ ခါးတောင်သေချာမပိတ်နိုင်တော့ပဲ ကျွန်တော်ရုံးပေါ်တက်ခဲ့တယ် ။ ကျွန်တော့်စိတ်တွေ ကြန့်ကြာမှုတွေကြောင့် တစုံတခုပြောင်းလဲသွားမှာ ကျွန်တော်ကြောက်နေမိတယ် ။ ကျွန်တော် အပေါ်ထပ်လှေကားတွေပေါ် တက်လာ ခဲ့တယ် ။

ရုံးမှာ ခင်က တံခါးကို ဖွင့်ပေးတယ် ။ ကျွန်တော် ရောက်ရောက်ခြင်းပဲ ခင့်ကိုပြောခဲ့တယ် “ စိတ်မကောင်းပါဘူး ခင် ငါ မကွာရှင်းချင်တော့ဘူး ” ခင်က ကျွန်တော့်ကို ကြည့်ပြီး နှဖူးပေါ် လက်တင်ပြီးစမ်းခဲ့တယ် ။ “ နေမကောင်းဘူးလား ” ကျွန်တော့်နှဖူးပေါ်က လက်ကို ကျွန်တော်ဖယ်ခဲ့တယ် ။ “ ဆောရီး ခင် ငါ မကွာ ရှင်းတော့ဘူး ငါ့ အိမ်ထောင်ရေးသက်တမ်းဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတာမှန်ပေမယ့် ငါတို့ ဘ၀တွေရဲ့ အစစ်အမှန်တန်ဖိုးတွေ ကို ငါတို့ မသိခဲ့ကြတာပါ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မချစ်ဘူးမ ချစ်နိုင်တော့လောက်ဘူးလို့ လည်းထင်ခဲ့မိကြတယ် အခု ငါတို့ လက်ထပ်တဲ့နေ့တုန်းက ငြိမ်းကို ပွေ့ချီလာခဲ့ သလို ပွေ့ချီခဲ့မိတော့ ငါနားလည်လိုက်တာက ငါ သေတဲ့အထိ ဒီလို ပွေ့ချီသွားနိုင်လိမ့်မယ်လို့ ယုံကြည်မိတာပါပဲ ” ခင်ဟာ ရုတ်တရက်က အိပ်မက်က နိုးလာခဲ့သလိုဖြစ်နေခဲ့တယ် ။

ခင်က ကျွန်တော့်ကို ပြင်းထန်စွာ ပါးတစ်ချက်ရိုက်ပြီး မျက်ရည်တွေစီးကျနေခဲ့တယ် ။ ပြီးတော့တံခါးကို ၀ုန်းကနဲ ဆွဲ ဖွင့်ပြီး ထွက်သွားပါတော့တယ် ။ ကျွန်တော်လည်း လှေကားထစ်တွေကနေ အောက်ကို ပြန်ဆင်း လာခဲ့ပြီး ကားကိုမောင်းပြီးအိမ်ပြန်လာခဲ့တယ် ။ လမ်းမှာ ပန်းတွေရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိပါတယ် ။ ကျွန်တော်ငြိမ်း အတွက် သူမ နှစ်သက်တဲ့ ပန်းစည်းတစ်စီးလက်ဆောင်ပေးဖို့ ၀ယ်လာခဲ့တယ် ။ ကဒ်ပြားပေါ်မှာ ဘာရေးပေးရမလဲလို့ အရောင်းစာရေးမလေးကမေးတယ် ။ ကျွန်တော်ပြုံးပြီး

“ နံနက်ခင်းတိုင်းနင့်ကို ပွေ့ချီသယ်ဆောင်ပေးပါ့မယ် ငါတို့ သေဆုံးသွားပြီး မခွဲခွာရခင်အချိန်အထိပေါ့ ”

ဆိုတဲ့စာတန်းလေး ရေးခဲ့ပါတယ် ။ ပြီးနောက် ကျွန်တော် အိမ်ရှေ့ရောက်တဲ့အခါ ကျွန်တော့်လက်ထဲမှာ ပန်းတွေနဲ့ ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် နဲ့ ကျွန်တော်လှေကားတွေပေါ် ပြေးတက်ခဲ့တယ် ။ ရုတ်တ ရက် ကောင်းကင် တစ်ခုလုံး မိုက်ကခဲ ပြာထွက်သွားသလိုပါပဲ ။ အိပ်ရာပေါ်မှာ အသက်ကင်းမဲ့နေပြီဖြစ်တဲ့ ငြိမ်းရဲ့ ခန္ဓာကိုယ်လေးကို ကျွန်တော်တွေ့ခဲ့ရတယ် ။ တကယ်တော့ ကျွန်တော့်အမျိုးသမီး ငြိမ်းဟာ “ ကင်ဆာ ” ရောဂါ ဆိုးကြီးကို လပေါင်းများစွာ တွန်းလှန်ရင်ဆိုင်နေရသူလေးဖြစ်ပါတယ် ။ ကျွန်တော်ဟာ သူ့ကို သတိမထား မိလောက်အောင် ရုံးက ခင်ဆိုတဲ့ အမျိုးသမီးနဲ့ နှစ်ပါးသွားကနေခဲ့မိတယ် ။ ငြိမ်းက သူမ မကြာခင် သေ ဆုံးတော့မယ်ဆိုတာ ကြိုသိနေခဲ့တယ် ။

ငြိမ်းဟာ ကျွန်တော့်ကို သားလေးက အဆိုးမြင်စေမယ့် အရာ ၊ သားလေးက ဖခင်မပီသဘူး ဆိုတဲ့အတွေး အမြင်မျိုးကနေ ကျွန်တော့်ကို တကယ်တော့---ကယ်ဆယ်သွားပေးခဲ့တာပါ ။ အခုတော့သားလေး မျက်ဝန်းထဲ မှာ ကျွန်တော်ဟာ ဖခင်ကောင်း ဇနီးသည်အပေါ် ချစ်မြတ်နိုးလှတဲ့ အိမ်ထောင်ရှင်ကောင်း တစ်ယောက် လို့ ထင်သွားအောင် ငြိမ်းဟာ လုပ်ဆောင်ပေးသွားခဲ့တာပါ ။ အရာအားလုံးဟာ--- တိတ်ဆိတ်ငြိမ် သက်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ ။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ အသေးအဖွဲလေးကအစ ဘ၀ဆိုတဲ့ အရာထဲမှာ အလွန်အရေးကြီးလှပါတယ် ။ ဘဏ်တိုက်ထဲက ငွေတွေမဟုတ်ဘူး ကျွန်တော်တို့ရဲ့ စည်းစိမ်တွေမ ဟုတ်ဘူး အိမ်ကြီးအိမ်ကောင်းတွေမဟုတ်ဘူး ။ အဲဒီအရာတွေဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပေမယ့် ကျွန်တော်တို့ကိုယ်တိုင်ကိုတော့ ပျော်ရွှင်မှုတွေမပေးနိုင်ပါဘူး ။ ဒါကြောင့် သင့် ခင်ပွန်း ၊ သင့် ဇနီး ၊ သင့်သူငယ်ချင်း တွေအတွက် ပိုမိုရင်းနှီးခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့ အချိန်ပေးဖို့လိုပါတယ် ။ ဘ၀မှာ ဘယ်လို ပျော်ပျော်ရွှင်ရွှင်အောင်အောင်မြင်မြင် နဲ့ ဘာတွေ ကို ပေးဆပ်ရမလဲဆိုတာ မသိတဲ့ လူတွေကတော့ ဘ၀မှာ အရှုံးဆိုတဲ့အရာနဲ့ ရင်ဆိုင်ကြရတာချည်းပါပဲ ။

သက်တန့်ချို
ဇန်န၀ါရီ ၂၃ ရက်

Ref : http://www.inspireme.worldofwisdom.asia/2011/11/marriage-lesson.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...