စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်စွာဘုရားရှင်၏ သွားတော် အကြောင်း

သွားတော်လေးဆယ်ရှိခြင်း၊ သွားတော်မကျဲခြင်း၏ ရှေးအကြောင်းကောင်းမှု
မြတ်စွာဘုရားရှင်သည် ဘဝများစွာဖြစ်ခဲ့ရာ၌ များစွားသောဘဝတို့ဝယ် ချစ်သူခင်သူနှစ်ယောက် ကွဲအောင် လည်းကောင်း၊ ထိုသို့ကွဲပြားပြီးနောက် မိမိကိုယ်ကို ချစ်အောင်လည်းကောင်း၊ ကုန်းတိုက်ခြင်းဟူသော ပိသုဏ ဝါစာမှ ရှောင်ကြဉ်တော်မူခဲ့၍ သူတစ်ပါးတို့ ညီညီမျှမျှ ချစ်ခင်နေသည်ကိုမြင်ရလျှင် ဝမ်းမြောက်နှစ်သက်ခဲ့၏။
ချစ်ခင်နေသူများကို ကွဲ၍ မသွားစေသည့်အပြင် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကိုသာ ဟောပြောလေ့ရှိ၏။ ဤသို့ ပိသုဏဝါစာမှ ရှောင်ကြဉ်တော်မူခဲ့ခြင်းသည် မြတ်စွာဘုရားရှင်၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးဖြစ်ပါသည်။

သွားတော်လေးဆယ်ရှိခြင်း သွားတော်မကျဲခြင်းဟူသော အကျိုးလက္ခဏာတော်

ပိသုဏဝါစာမှ မရှောင်ဘဲ ချစ်ခင်သူတွေ စည်းစည်းလုံးလုံး မနေနိုင်အောင် ကုန်းတိုက်ခဲ့သူတို့၏ သွားတို့သည် မပြည့်မစုံ ဖြစ်ရုံသာမက ကျိုးတိုးကျဲတဲလည်း ဖြစ်တတ်၏။ များစွာသော လူတို့၏ သွားသည် အများဆုံးအားဖြင့် (၃၂) ချောင်းသာရှိ၏။မြတ်စွာဘုရားရှင်သည်ကား ပါရမီဖြည့်စဉ်အခါဝယ် သူတစ်ပါးကို ကွဲပြားအောင် ကုန်းတိုက်စကားကို မပြောဆိုဘဲ အချင်းချင်း ညီညွတ်အောင် ပြောဆိုခဲ့ခြင်းကြောင့် ဗုဒ္ဓမြတ်စွာဖြစ်မည့်ဘဝ၌ သွားတော်(၄၀)တိတိ ပြည့်ပြည့်စုံစုံရှိခြင်းဟူသော သမစတ္တာလီသဒန္တ၊ သွားအကြားတို့၌ မကျဲသော အဝိရဠဒန္တ တာ လက္ခဏာတော်နှစ်ပါးကို ရတော်မူပါတယ်။(ရတနာ့ဂုဏ်ရည်)

ညီသောသွားတော်ရှိခြင်း အလွန်ဖြူစင်သော စွယ်တော်ရှိခြင်း၏ ရှေးအကြောင်းကောင်းမှု

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသောဘဝတို့ဝယ် မိစ္ဆာဇီဝမှ ရှောင်ကြဉ်တော်မူ၏။ ဤသို့သော ဒုစရိုက် တို့မှ ရှောင်ကြဉ်တော်မူ၍ လယ်ယာလုပ်ကိုင်ခြင်း၊ တရားသဖြင့် ကူးသန်းရောင်းဝယ်ခြင်း ကိုယ့်အတွက် သူ့အတွက် မျှတအောင် အတိုးအပွားချထားခြင်းဟူသော သမ္မာဇီဝဖြင့် အသက်မွေးခြင်းသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးဖြစ်ပါသည်။

ညီသောသွားတော်ရှိခြင်း အလွန်ဖြူစင်သော စွယ်တော်ရှိခြင်းဟူသော အကျိုးလက္ခဏာတော်

မိစ္ဆာဇီဝဖြင့် အသက်မွေးသူတို့သည် ညစ်နွမ်းသော အသက်မွေးမှုကို ပြုရာရောက်၏။ သူ့အတွက် ကိုယ့်အတွက် မညီမျှသော အသက်မွေးရာကိုလည်း ရောက်၏။ ထိုကဲ့သို့ အသက်မွေးသူတို့၏ သွားသည် အတိုအရှည် အနိမ့်အမြင့် ဖြစ်နေတတ်၏။ ဖြူဖြူစင်စင် လဲမရှိဘဲ ညစ်ပုတ်ပုတ် ဖြစ်နေတတ်၏။ မြတ်စွာဘုရား ၏ သွားတော်များကား သန့်ရှင်းစင်ကြယ်စွာ သူဖို့ကိုယ့်ဖို့မျှအောင် အသက်မွေးခဲ့ခြင်းကြောင့် သွားတော်စွယ် တော်တို့သည် ရွှေနီအင်းပျဉ်ပေါ်ဝယ် ဝရဇိန်တင်၍ စီထားသကဲ့သို့ နီးမြန်းသော သွားဖုံးတော်ဝယ် ဖွေးဖွေးညီညီ စီစီရီရီ ရှိတော်မူပါသည်။

တိုက်တွန်းချက်
။ ။ မြတ်စွာဘုရား၏ ပိသုဏဝါစာမှ ရှောင်တော်မူခဲ့ခြင်း၊ မိစ္ဆာဇီဝမှ ရှောင်တော်မူခဲ့ဟူ သော အကြောင်းကုသိုလ် မြတ်စွာဘုရားဖြစ်မည့်ဘဝ၌ သွားတော်(၄၀) တိတိပြည့်ပြည့်စုံစုံရှိခြင်း၊ သွားတော် မကျဲခြင်း၊ ညီညာသောသွားတော်ရှိခြင်း ၊ အလွန်ဖြူစင်သော သွားတော်ရှိခြင်းဟူသော အကျိုးလက္ခဏာတော် တို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့သည်လည်း ကုန်တိုက်ခြင်း၊ ပိသုဏဝါစာမှ လည်းကောင်း၊ မတရားသဖြင့် အသက်မွေးခြင်း မိစ္ဆာဇီဝမှလည်းကောင်း ရှောင်ကြဉ်မိအောင် အမြဲသတိပြု ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
မှတ်ချက်။ ။အရှင်ပညာစက္က(ဆိပ်ခွန်)၏ ပရိတ်တော်နှင့် ဂါထာတော်များစာအုပ်မှ ကောက်နှုတ်ရေးသား ခြင်းဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...