စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗန်းမောက်မြို့ နယ်က ရွှေတွင်းများအကြောင်း တစ်စေ့တစ်စောင်း


Print Friendly and PDF
ဗန်းမောက်မြို့ နယ်က ရွှေတွင်းများအကြောင်း တစ်စေ့တစ်စောင်း

ဗန်းမောက်မြို့နယ်ဆိုတာ ကသာ ခရိုင်အတွင်းမှာတည်ရှိပြီး နေရာအနှံ့အပြား မှာ ရွှေတူးဖော်ရရှိတဲ့အတွက် ရှေးမြန်မာ မင်းများလက်ထက်ကတည်းက ဒေသ ထွက်ရွှေကို ဘုရင်မင်းမြတ်ခန့်အပ်ထား တဲ့ ရွှေမှူးကတစ်ဆင့်ရွှေခွန်ဆက်သခဲ့ရ တဲ့အစဉ်အလာရှိပါသဗျ။ မြို့နယ်အတွင်း မှီတင်းနေထိုင်သူလူဦးရေး (၁) သိန်းကျော် ခန့်ရှိပြီး တောင်သူလုပ်ငန်းအဓိကထား လုပ်ကိုင်ကြပါတယ်။
လယ်ယာလုပ်ငန်း အားလပ်ချိန်မှာတော့ တစ်နိုင်တစ်ပိုင် ရွှေကျင်တဲ့လုပ်ငန်းကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြတဲ့ ဓလေ့ရှိပါ တယ်။ဗန်းမောက်မြို့နယ်အတွင်းမှာ ရွှေ အထွက်ဆုံးနယ်မြေကတော့ ““မံအင်”” နယ်မြေဖြစ်ပါတယ်။ မံအင်ဆို တာရှမ်း ဘာသာစကားဖြစ်ပြီး “ကြွယ်ဝသာယာ သောမြေ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ အပြင် မံအင်ကျေးရွာနဲ့ တစ်ဆက်တစ် တည်း တည်ရှိတဲ့ မင်းကုန်းရွာပတ်ဝန်း ကျင်မှာလည်းအရည်အသွေးကောင်းတဲ့ ရွှေများထွက်ရှိတဲ့အတွက် ရှေးဘုရင်များ လက်ထက်ကစလို့ ““ရွှေတော်”” ရွှေမှော် ရယ်လို့ အမည်သညာတွင်ခဲ့ကြောင်းပါ။ ဗန်းမောက်မြို့နယ်မှာ မံအင်၊ မင်းကုန်း၊ ရွှေတော်ဆိုတဲ့ဒေသတွေဟာ နာမည်ကြီး ရွှေ ထွက် ရာဒေ သတွေပေါ့။ဗန်းမောက်မြို့နယ်ဟာ သစ်တော ဧရိယာအများဆုံး ဖုံးလွှမ်းတည်ရှိတဲ့ မြို့ နယ်တစ်ခုဖြစ်ပြီး မြို့နယ်ဧရိယာရဲ့ (၈၈ ရာခိုင်နှုန်း)ဖြစ်တဲ့ (၈၄၄၆၆၈) ဧကဟာ သစ်တောများဖုံးလွှမ်းလျက်ရှိပါတယ်။ ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ကျွန်းပင်ကြီးတွေ အများအပြာပေါက် ရောက်ရှင်သန်တဲ့ တောတွေဖြစ်ပါတယ်။ မြန်မာ့အကြီးဆုံး ကျွန်းပင်ကြီးဟာ ဒီ တောကြီးထဲမှာတည်ရှိပါတယ်။
လွန်ခဲ့တဲ့ (၆)နှစ် (၇)နှစ်လောက်က စပြီး ရွှေတူးဖော်တဲ့ကုမ္ပဏီတွေ ဗန်းမောက် မြို့နယ်အတွင်း အလုံးအရင်းနဲ့ ၀င်ရောက် လာပါတယ်။ ကုမ္ပဏီများကို ရွှေတူးဖော် ခွင့်ပြုတဲ့အခါမှာ သစ်တော်စီမံပိုင်ခွင့် မြေ ဧရိယာဖြစ်ရင်သစ်တောရေးရာဝန်ကြီးဌာန နဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့နဲ့ စာချုပ်ချုပ် ဆိုပြီး စည်းကမ်းသတ်မှတ်ချက်များနဲ့ အညီလုပ်ကိုင်ခွင့်ပြုပါတယ်။ သစ်တော စီမံပိုင်ခွင့်ကင်းလွတ်မြေဖြစ်ရင်တော့ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆို ပြီးစည်းကမ်းချက်များနဲ့အညီ လုပ်ကိုင် ခွင့်ပြုပါတယ်။ဒီလိုဝန်ကြီးဌာနများနဲ့ စာချုပ်ချုပ် ဆိုခွင့်ပြုချက်ရပြီးရင် (၃) နှစ်လုပ်ကိုင်ခွင့် ချထားပေးပါတယ်။ လုပ်ငန်းရှင်တစ်ဦး လျှင် ဧက (၂၀) လုပ်ကိုင်ခွင့်ပြုပြီး သတ္ထု တွင်းဝန်ကြီးဌာနကို သတ်မှတ်ထားတဲ့ အခွန်ငွေနဲ့ ရွှေကိုပေးသွင်းရပါတယ်။ သစ်တောဧရိယာအတွင်း ကျရောက်လျှင် တော့ သတ္ထုတွင်းဝန်ကြီးဌာနကို ပေးသွင်း ရတဲ့အခွန်ငွေအပြင်မြေငှားရမ်းခတစ်နှစ် လျှင် တစ်ဧကကျပ် (၅၀၀၀)နှုန်းဖြင့် သစ်တောဝန်ကြီးဌာနကို ထပ်မံပေးဆောင် ရပါတယ်။
၁၀၁၀-၂၀၁၁ ခုနှစ်အတွင်းမှာ သစ်တော/ သတ္ထုတွင်း ၀န်ကြီးဌာနများ နှင့် စာချုပ်ချုပ်ဆိုင်ခွင့်ပြုခဲ့သူဦးရေ (၂၇) ဦး၊ လုပ်ကွက် (၇၇) ကွက်နဲ့ ခွင့်ပြုဧရိယာ ဧက (၁၅၄၀) ဧကရှိပါတယ်။ သစ်တော ကင်းလွတ်နယ်မြေများမှာ သတ္ထုတွင်းဝန် ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုခွင့်ပြုသူဦးရေ (၃၂) ဦး၊ လုပ်ကွက် (၈၅)ကွက်၊ ခွင့်ပြု ဧရိယာဧက (၁၇၀၀) ရှိပါတယ်။ တစ်ခါ စစ်ကိုင်းတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း ခွင့်ပြုချက်နဲ့ဆိုပြီး လက်လုပ် လက်စားရွှေတူးဖော်ခွင့် (၂၇၈) ဦး၊ လုပ် ကွက်ပေါင်း (၁၅၂) ကွက်၊ ဧရိယာဧက (၇၆) ဧကရှိကြောင်း၊ လက်လုပ်လက်စား တစ်ဦးကို ဧက၀က် (၀.၅) ဧကခွင့်ပြုခဲ့ ကြောင်း လေ့လာသိရှိရပါတယ်ခင်ဗျ။ ဒါကတော့ ဗန်းမောက်မြို့နယ်အတွင်း ရွှေလုပ်ကိုင်နေမှုများကို ထင်သာမြင်သာ ရှိအောင် ဖော်ပြခြင်းဖြစ်ပါတယ်။
ကဲ ကောင်းပြီ။ ရွှေကုမ္ပဏီတွေဟာ ရွှေတူးဖော်ခွင့်ရပြီဆိုတော့ ဘယ်လိုနည်း စနစ်နဲ့ တူးေးဖ်ာကြသလဲ။ ရွှေကုမ္ပဏီ အများစု အသုံးပြုတဲ့နည်းစနစ်က ကျင်း ဗြဲစနစ် (ဟင်းလင်းပွင့်စနစ်) ဖြစ်ပါတယ်။ ဒီစနစ်မှာ အရင်ဦးဆုံးမိမိလုပ်ကိုင်ခွင့်ရရှိ တဲ့ ရွှေလုပ်ကွက်အတွင်းရှိ သစ်ပင်မှန် သမျှကို ဒိုဇာလို့ခေါ်တဲ့ ယန္တရားကြီးနဲ့ မြေညှိပစ်ရပါတယ်။ အပေါ်ယံမြေသား ကို အပြောင်ရှင်းပြီးရင် ဘက်ဟိုးလို့ခေါ် တဲ့ ယန္တရားကြီးနဲ့ ရွှေကြောတွေ့တဲ့အထိ ပေ (၅၀) ခန့် အနက်ရောက်မြေကြီးကို တူးလှန်ပစ်ရပါတယ်ခင်ဗျ။ ရွှေကြောရောက် တဲ့အခါ ချောင်းရေကို အင်ဂျင်စက်နဲ့ စုပ် ယူပြီး ရွှေပါတဲ့မြေကြီးကို ထိုးပက်ပါတယ်။ မြေကြီးနဲ့ ရေပေါင်းစပ်သွားတဲ့ ပျော်ဝင် ရည်များကို ဗြုန်းစင်ကြီးပေါ်ရောက်အောင် စက်အားနဲ့ တွန်းပို့ပြီး အမြင့်မှအနိမ့်သို့ စီးဆင်းစေတဲ့အခါ ရွှေမှုန်များဟာ မျော ဖတ်မှာ ကပ်ကျန်ခဲ့ပါတော့တယ်။ ရွှေ လုပ်ကွက်တစ်ခု ရာသီကုန်လုပ်ငန်းသိမ်း ပြီးဆိုရင် အကျယ်စတုရန်းပေ (၁၀၀၀၀) ခန့်၊ အနက်ပေ (၅၀) ခန့်ရှိတဲ့ ကျင်းချိုင့် ကြီးတွေ ကျန်ရစ်ခဲ့ပါတယ်။
ရွှေကုမ္ပဏီတွေအသုံးပြုတဲ့ နောက် နည်းစနစ်တစ်ခုက ကျင်းလုံးစနစ်ဖြစ်ပါ တယ်။ ဒီစနစ်က သစ်တောထိခိုက်မှုမရှိ ပါဘူး။ (၄) ပေပတ်လည်အကျယ်ရှိတဲ့ ကျင်းကို မြေအောက်ရွှေကြောရောက် တဲ့အထိ တည့်တည့်မတ်မတ် (ရေတွင်း တူးသလို) တူးဖော်ခြင်းဖြစ်ပါတယ်။ မြေ အောက်ရွှေကြောရောက်တဲ့အခါ ရွှေ ကြောအနေအထားကိုလိုက်ပြီး လိုဏ်ခေါင်း များထပ်မံတူးဖော်လုပ်သွားပါတယ်။ ဒေသ ခေါ်ကတော့ (ခေါင်း) တယ်လို့ ခေါ်ပါ သဗျ။ ရွှေပါတဲ့မြေကြီးကို အပေါ်ရောက် အောင်စက်သီးကြိုးနဲ့ဆွဲတင်ပြီး ဗြုန်းကြိတ် စက်နဲ့ အမှုန့်ကြိတ်ရပါတယ်။ ရရှိတဲ့ မြေ မှုန့်ကျောက်မှုန့်များကို ရေ၊ ဆိုင်ယာနှိုက်၊ ထုံး၊ အမိုးနီးယားပြဒါးစတဲ့ ဓာတုဗေဒ ပစ္စည်းတွေနဲ့ ရောစပ်ပြီး ချက်ကန်အတွင်း သိုလှောင်ထားရပါတယ်။ အချိန်တန်တဲ့ အခါ ချက်ကန်ကနေ ရွှေမှုန်ပျော်ဝင်ရည် ရရှိပါတယ်။ ကာဗွန်ကိုအသုံးပြုပြီး ပျော် ၀င်ရည်ထဲက ရွှေကိုခွဲထုတ်ယူပါတယ်။ ကျင်းလုံးစနစ်မှာ သစ်တောထိခိုက်မှုမရှိ ပေမဲ့ ဓာတုပစ္စည်းများနဲ့ မြေကြီးကိုပေါင်း စပ်ကိုင်ရတဲ့အတွက် ရွှေထုတ်ယူပြီးတဲ့စွန့် ပစ်မြေကြီးတွေမှာ ဓာတုပစ္စည်းတွေ အမြောက်အမြားကျန်ခဲ့သလိုချောင်းမြောင်း အတွင်း ဓာတုအစည်အကြေးတွေရောက် ရှိပြီး ရေထုညစ်ညမ်း မှုဖြစ်စေတဲ့နည်း စနစ် ဖြစ်ပါတယ်။ ရွှေနဲ့ ရေဆိုတာ ခွဲခြားလို့မှ မရတာဗျာ။ ဘယ်လိုနည်းစနစ်နဲ့ပဲ ရွှေတူး သည်ဖြစ်စေရေဆိုတာပါမှ ရွှေထုတ်လို့ ရတာချည်းပဲလေ။ နောက်နည်းစနစ်တစ် ခုက ချောင်းတွေမြောင်းတွေရဲ့ ရေတိမ် တဲ့နေရာတွေမှာ (၁၀) ပေ အထက်မြင့် တဲ့ ဗြုန်းစင်ကြီးတွေဆောက်ပါတယ်။
ပြီး ရင် ချောင်းအတွင်းက သဲတွေမြေကြီးတွေ ကို စက်အားနဲ့ စုပ်ယူပြီးဗြုန်းစင်ပေါ်က နေအမြင့်ကအနိမ့်ကို စီးဆင်းစေခြင်းဖြစ် ပါတယ်။ ရွှေမှုန်တွေကတော့ ရေစီးဆင်း ရာ လမ်းတစ်လျှောက်မှာ ခံထားတဲ့မျော ဖတ်မှာ ကပ်ကျန်ခဲ့တာပေါ့။ ဒီနည်းစနစ် က ချောင်းမြောင်းတွေရဲ့ ရေစီးရေလာ ကို ပျက်စီးစေပြီးသဲနှုန်းပို့ချမှုဖြစ်စေတယ်။ ချောင်းကြမ်းပြင်တွေ မြင့်တက်သွားတယ်။ စွန့်ပစ်လိုက်တဲ့သဲတွေ ကျောက်စရစ်တွေ နှုန်းတွေကြောင့် အပင်တွေသေကုန်တယ်။ ပတ်ဝန်းကျင်ထိခိုက်တယ်။ ရေတွေနောက် ကျိ ညစ်ညမ်းသွားတယ်ဗျာ။
ရွှေထုတ်လုပ်သူတွေနဲ့ သစ်တောဝန် ကြီးဌာနတို့ စာချုပ်ချုပ်ဆိုကြတဲ့အခါ သတ္ထုတူးဖော်ခြင်းကြောင့်ကျင်း၊ ချိုင့်များ ဖြစ်ပေါ်လာပါက ၎င်းနေရာတွင် ပြန်လည် မြေဖို့ပေးရမည်လို့ စည်းကမ်းသတ်မှတ် ထားပေမယ့် ကုမ္ပဏီအနည်းစုကသာ ဖြေဖို့ပေးခြင်းရှိပြီး အများစုကတော့ လုပ်ငန်းသိမ်းရင် ဒီအတိုင်းထွက်သွားကြ တာ များပါတယ်။ နောက်တစ်ချက်က သတ္ထုတူးဖော်ခွင့်ပြုထားသည့် ဧရိယာ အတွင်း၌ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ သစ် ပင်ခုတ်လှဲခြင်းမပြုရ၊ ခုတ်လှဲရန်လိုအပ်ပါ က သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်။
ခုတ်လှဲပြီးသည့်နေရာ တွင် သစ်တောစိုက်ခင်းများ ပြန်လည် တည်ထောင်ပေးရမည် (သို့မဟုတ်) စိုက် ခင်းတည်ထောင်စရိတ်ကျခံပေးရမည်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ အထက် မှာ ဖော်ပြခဲ့သလို ကျင်းဗြဲစနစ် (ဟင်း လင်းပွင့်စနစ်)နဲ့ ရွှေတူးတဲ့အခါအပေါ်ယံ မြေသားကို အပြောင်ရှင်းပစ်ရတဲ့အတွက် ရေလုပ်ကွက်အတွင်းရှိသမျှ အပင်ကြီး အပင်ငယ်အကုန်ဖယ်ရှားသုတ်သင်ခြင်း ခံလိုက်ရပါတယ်။
နှစ် (၁၀၀) ကျော်သက် တမ်းရှိတဲ့ သဘာဝသစ်တောကြီးတွေ တစ်ခါတည်းမျိုးကန်းသွားတာပေါ့ဗျာ။ ရွှေကုမ္ပဏီအချို့ဟာ ဒီလိုသစ်ပင်ခုတ်လဲ မှုတွေကို ခွင့်ပြုချက်ရယူခြင်းလည်းမရှိ၊ ဖြစ်ပေါ်လာတဲ့ကျင်းချိုင့်တွေကို ပြန်လည် မြေဖို့ခြင်း၊ သစ်တောစိုက်ခင်းပြန်လည် တည်ထောင်ပေးခြင်း၊ စိုက်ခင်းတည် ထောင်စရိတ်ပေးသွင်ခြင်းပေးသွင်းခြင်း လည်းမရှိကြောင်း လေ့လာသိရှိရပါတယ်။ စာချုပ်မှာပါတဲ့ နောက်စည်းကမ်းချက် တစ်ခုက ရွှေတူးဖော်မှုကြောင့် ထိခိုက် ပျက်စီးသည့်အပင်များအတွက် သစ်တော ဦးစီးဌာနက သတ်မှတ်သည့် လျော်ကြေး ငွေပေးသွင်း ရမှာဖြစ်ပါတယ်။ ရွှေလုပ်ကွက် အတွင်း အပြောင်ရှင်းလိုက်လို့ ပျက်စီးပြုန်း တီးသွားတဲ့သစ်ပင်တွေအတွက်လျော်ကြေး ငွေပေးတဲ့ ကုမ္ပဏီဆိုတာ မရှိသလောက် ပါဘဲ။
အခုဆိုရင် ဗန်းမောက်မြို့နယ်အတွင်း ရှိ မဲဇာချောင်း၊ ချောင်းကြီးချောင်းတွေမှာ ငါးမျိုးတုံးသလောက်ဖြစ်သွားပြီ။ ချောင်း ကြီးချောင်းဆိုတာဟာ ဟိုတုန်းက ရာသီ မရွှေးစက်လှေနဲ့သွားလို့ရတဲ့ချောင်းဖြစ်ပါ တယ်။ အခုတော့ ရွှေလုပ်ငန်းတွေက သဲ နှုန်းပို့ချမှုများ သို့ ဆောင်းနဲ့ နွေမှာ ချောင်း ကောသလောက်ဖြစ်သွားပြီ။ ရွှေလုပ်ကွက် အနီးရှိချောင်းမြောင်းတွေအားလုံး ရေစီး ရေလာပျက်စီးယိုယွင်းပြီး ကြည်လင်သန့် ရှင်းမှုမရှိ နောက်ကျိုညစ်ညမ်းကုန်ပြီ။ လူ သူကျွဲနွားတိရစ္ဆာန်တွေ ချောင်းရေမသောက် နိုင်ကြတော့ဘူး။ ရေက နောက်ကျိရုံတင် မက ဓာတုစွန့်ပစ်ပစ္စည်းတွေ ပျော်ဝင်နေ တယ်လေ။
ဗန်းမောက်မြို့နယ်အတွင်းက အဖိုး တန်ကျွန်းပင်ကြီးတွေ ပေါက်ရောက်ရှင် သန်ရာ သဘာဝတောတွေထဲမှာ စီးပွား ဖြစ်ရွှေတူးဖော်ထုတ်လုပ် မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းခြင်းများအပြင် အဆိုးဝါး ဆုံး ညစ်ညမ်းမှုကတော့ အကျင့်စာရိတ္တ ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းပါခင်ဗျာ။
သိကြတဲ့အတိုင်း ရွှေမှော်ဆိုတာ နေရာဒေသကအလွှာစုံ၊ စရိုက်စုံလူပေါင်း များစွာ စုဝေးရောက်ရှိလာတာမို့ မူးယစ် ဆေးဝါး၊ စိတ်ကြွဆေးပြား၊ အရက်၊ ဖဲ၊ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းတွေ လည်း ပေါ်ထွန်းလာစမြဲပဲလေ။ လူပေါင်း များစွာ နေထိုင်ဖို့ သစ်တောတွေကို ခုတ် ပြီးတဲတွေဆောက်ကြ၊ ဈေးဆိုင်တန်းတွေ ဆောက်ကြ၊ ယန္တရားကြီးတွေ၊ ရုံးတွေ အတွက် သစ်ပင်တွေ ခုတ်လှဲပြီး အဆောက် အဦးတွေဆောက်ကြ၊ အို ရှုပ်ယှက်ကို ခတ်လို့ပေါ့ဗျာ။
ရွှေတူးဖော်ခွင့်ချပေးလို့ရရှိတဲ့အခွန် အခနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝပတ် ၀န်းကျင်ပြုန်းတီးပျောက်ကွယ်သွားတဲ့ သစ်တောဧရိယာတွေ၊ ဖြစ်ပေါ်လာတဲ့ ရေထု၊ မြေထုညစ်ညမ်းမှု၊ ချောင်းမြောင်း တွေ ရေစီးရေလာပျက်စီးမှု၊ လူတွေရဲ့ အကျင့်စာရိတ္တပျက်ယွင်းမှုတွေ အချိုးညီ ပါရဲ့လားဗျာ။
သက်ဆိုင်ရာ သစ်တောရေးရာဝန် ကြီးဌာနဲ့ သတ္ထုတွင်းဝန်ကြီးဌာနတို့အနေ နဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှု မရှိစေရေး၊ ယိုယွင်းထိခိုက်မှုရှိပါက ပြန် လည်ဖြည့်ဆည်းလုပ်ကိုင်ပေးနိုင်ရေးအတွက် လိုအပ်တဲ့စည်းကမ်းချက်များစနစ်တကျ သတ်မှတ်ပေးထားပေမယ့် စည်းကမ်းသတ် မှတ်ချက်အတိုင်း လိုက်နာမှုမရှိတဲ့ ရွှေ ကုမ္ပဏီကြီးတွေကို ဘယ်လိုကြီးကြပ်ထိန်း သိမ်းကွပ်ကဲကြမလဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရွှေကုမ္ပဏီကြီးတွေဆိုတာ သာမည မှမဟုတ်တာ။ ပတ်သက်ရာပတ်သက် ကြောင်းတွေက ရှိနေတတ်တယ်လေ။ ဒီတော့ကာမြို့နယ်အဆင့်ဝန်ထမ်းငယ် တွေအနေနဲ့ မပြောရဲမဆိုရဲတဲ့ အနေအထား မျိုးလည်း ရှိတတ်တာဘဲ။ သတ္ထုတွင်းဝန် ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာနတို့ က ရွှေလုပ်ငန်းရှင်တွေစာချုပ်ပါစည်းကမ်း ချက်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်ရေး ထိန်းသိမ်းကြီးကြပ်ကွပ်ကဲ ဖို့အတွက် ထိရောက်တဲ့စည်းကမ်းထိန်း သိမ်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဆောင်ရွက် သင့်ပြီဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသစ်တောစိုက်ခင်းများ တည်ထောင်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်သင့်ပြီဖြစ်ပါ ကြောင်း အကြံပြုနှိုးဆော်လိုက်ရပါတယ် ခင်ဗျား။
ကမ်းနဖူးကစမ်းဦး (ကသာ) Hot News Journal
ထပ်ဆင့်တင်ပြသူ
ရဲလတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...