စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိုင်းေ လာ့ဆရာတော်ကြီး ၏ထေရုပ္ပတ္တိအကျဉ်း

ပိုင်းေ လာ့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ

   ဆရာတော်အား (ပိုင်းလော့ဆရာတော်)ဟုအမည်တွင်ခေါ်ဆိုရခြင်း မှာ ဖခမည်းတော်ဆရာဝန်က ဆေးတိုက်ကို (Pilot) ပိုင်းလော့အမည်၊ လမ်းပြသင်္ဘော တံဆိပ်နှင့်ဖွင့်ခဲ့ပါသည်။ ကလေးဘဝကပင် ပိုင်းလော့လေး ဟု ကျောင်းမှ ဆရာ၊ ဆရာမ များကခေါ်လေ့ရှိပါသည်။ ရဟန်းဘဝရောက်သော်လည်း ပိုင်းလော့ဘုန်းကြီးလေးမှ ပိုင်းလော့ ဆရာတော်ဟု အမည်တွင်နေခဲ့ပါသည်။ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း လမ်းမှန်သမျှ လမ်းမမှားရအောင် လမ်းပြပို့ဆောင်ပေးသော အဓိပ္ပါယ်ရှိသောကြောင့် ဆရာတော်ကလည်း မတားမြစ်ဘဲ ထားခဲ့ကြောင်း အမိန့်ရှိခဲ့ဘူးပါသည်။
          ပိုင်းလော့ဆရာတော်အား မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့နေ ခမည်းတော် ဦးစံသိန်း၊ မယ်တော်ဒေါ်ကြည်ကြည်တို့မှ ၁၃၁၅ခု၊ နှောင်းတန်ခူးလဆန်း (၈)ရက် အင်္ဂါနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။ ယခုအခါ (၂၀၀၉-ခုနှစ်-၁၃၇၁-ခုနှစ်) ဆရာတော်ဘုရားသည် သက်တော် (၅၆)နှစ်၊ ၀ါတော် (၃၁)၀ါ ရှိပြီး ဖြစ်ပါသည်။
         ငယ်စဉ်ကလေးဘ၀မှ သက်တော် (၂၅)နှစ်အထိ လောကီပညာရပ်များကို သင်ကြားခဲ့ပြီး၊ သိပ္ပံဘွဲ့ကို ရုက္ခဗေဒ ဘာသာ အဓိကဖြင့် ရရှိခဲ့ပါသည်။ မဟာသိပ္ပံတန်းသို့ တက်ရောက်ပညာသင်ကြားဆဲကာလ၌ ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၄၀-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက် ဗုဒ္ဓဟူးနေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ (ယခင်တိုးကြောင်ကလေးရွာ) မိုးညှင်းသိင်္ဂီကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓသာရဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်မုခ်အနီးရှိ ရဟန္တာသိမ်တော်ကြီးတွင် ကာရကသံဃာတော် (၁၀)ပါးတို့၏ ဓမ္မာနုဂ္ဂဟ ချီးမြှောက်မှုကို ခံယူ၍ ခမည်းတော်-မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းဘ၀သို့ ရောက်ရှိခဲ့ ပါသည်။
        ရဟန်းဘ၀ဖြင့် ပရိယတ္တိသာသနာအတွက် မိုးညှင်းသိင်္ဂီကျောင်း ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဂန္ဓသာရထံ၌လည်းကောင်း၊ ၁၃၄၆-ခုနှစ်တွင် သင်္ကန်းကျွန်းမြို့နယ်၊ ရွှေကျင်တိုက်သစ်ကျောင်း ပဓာနနာယကဆရာတော်ဘုရား ဘဒ္ဒန္တခေမိန္ဒထံမှလည်းကောင်း ဗုဒ္ဓဘာသာအခြေခံပညာများကို သင်ယူလေ့လာခဲ့ပါသည်။ ၁၃၄၇-ခုနှစ်တွင် အခြေပြုမူလ တန်း ဂုဏ်ထူးဖြင့်အောင်မြင်၍ အငယ်တန်းစာပေများကို ဆက်လက် လေ့လာဆည်းပူးလျက် ရှိပါသည်။
           ဥပဇ္ဈာယ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဂန္ဓသာရ၏ လမ်းညွှန်ချက်အရ ပရိယတ္တိသာသနာထက် ပဋိပတ္တိသာသနာ ပိုင်းအား ပိုမိုကြိုးစားအားထုတ်ခဲ့ပြီး ရဟန်းဝါ (၈)၀ါ ရရှိချိန် ၁၃၄၈-ခုနှစ်တွင် ၀ိပဿနာတရားစခန်းများ ဖွင့်လှစ်၍ သာသနာပြုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၀ါတော် (၁၀)၀ါ ရရှိချိန်၌ ဥပဇ္ဈာယ်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တ ဂန္ဓသာရထံမှ မိုးညှင်းသိင်္ဂီကျောင်းကြီးကို လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီး ကျောင်းထိုင် ပဓာနနာယကဆရာတော် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ရဟန်းဝါ (၁၀)၀ါမှ စတင်၍ မိုးညှင်းသိင်္ဂီကျောင်း၌ နှစ်စဉ် တန်ခူးလနှင့် ၀ါတွင်းကာလများ၌ (၅)ရက်တရားစခန်းများဖွင့်လှစ်ခြင်း၊ ဒုလ္လဘရဟန်းခံပွဲကျင်းပခြင်း၊ တရားပြသခြင်းတို့ကို ယနေ့တိုင်ဆောင်ရွက်လျက်ရှိ ပါသည်။
       ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတသည် မြန်မာနိုင်ငံအ၀န်းရှိ အနယ်နယ်အရပ်ရပ်သို့ ကြွရောက်ပြီး တရားစခန်းများဖွင့်လှစ်၍ ၀ိပဿနာတရားများကို ဟောပြောညွှန်ပြ ဆိုဆုံးမတော်မူခြင်းများအပြင် မိဘမဲ့ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ခြင်းဟူသော ပရဟိတလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဆရာတော်ဘုရားကြီးသည် မိုးညှင်းသိင်္ဂီကျောင်း၌ ဇိနမာန်အောင်စေတီတော်ကြီးတည်ထားခြင်း၊ ဓမ္မာရုံတော်ကြီး ဆောက်လုပ်လှူဒါန်းခြင်း၊ နှစ်ထပ်ကျောင်းဆောင်တော်ဆောက်လုပ်လှူဒါန်းခြင်း၊ ရည်မည်းသင်းမြို့နယ် ရွှေမြင်တင် တောင်၌ ဓမ္မာရုံတော်ကြီးဆောက်လုပ်လှူဒါန်းခြင်း များဆောင်ရွက်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် သက္ကာယ ဒိဋ္ဌိ(၂၀)နှင့် တရားယောဂီ၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် သတ္တလောကဖန်ဆင်းရှင်၊ သစ္စာလေးချက်တစ်ပြိုင်နက်ဆိုက် ရောက်ပုံ တရားတော်စသည့် ကျမ်းစာအုပ်များကိုလည်း ရေးသားပြုစုကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
 
PilotSayadaw
  http://www.pilotsayadaw.net/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...