
အမုန်းစကား၊ အန္တရာယ်များတဲ့ စကားပြောဆိုမှု၊ ရေးသားမှုတွေကို Facebook မှာ တွေ့နေရပါတယ်။
အဲဒါကို တစုံတရာသောအတိုင်းအတာနဲ့ ဟန့်တားနိုင်တဲ့ အစီအစဉ်တခု မြန်မာပြည်မှာ ပေါ်လာအောင် Facebook က စီစဉ်ပေးလိုက်ပါပြီ။
Facebook က မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေအတွက် သီးသန့် စီစဉ်လိုက်ခြင်းပါ။
Facebook မှာ ကော်မန့်ပေးတဲ့အခါ စာရေးကြသလို အဲဒီမှာရှိတဲ့ စတစ်ကာတွေကိုသုံးတာကိုလည်း အများအပြားက နှစ်သက်ကြပါတယ်။
အခု ပေါ်လာတဲ့ အစီအစဉ်က မြန်မာတွေနှစ်သက်နိုင်တဲ့ စတစ်ကာ အခု ၂၀ ကျော်ကို Facebook မှာ တပ်ဆင်ထားခြင်းပါပဲ။
ကိုယ့် Facebook အကောင့်မှာ စတင်အသုံးပြုနည်း အဆင့်ဆင့်ကို ပြောပြရမယ် ဆိုရင်...

ကော်မန့်ပေးတဲ့နေရာမှာ ရှိတဲ့ အပြုံးရုပ်လေး နေရာကို ထောက်လိုက်ရင် Post a sticker ဆိုတဲ့ စာတန်း ပေါ်လာပါမယ်။ အဲဒါကို ကလစ်ပါ။

ပုံတချို့ ပေါ်လာမယ်။ ပုံပေါ်က အပေါင်းလက္ခဏာ နေရာကို ထောက်ရင် Sticker Store ဆိုတဲ့ စာတန်း ပေါ်လာမယ်။ အဲဒီ အပေါင်းလက္ခဏာကို ကလစ်ပါ။

စတိုးဆိုင်ထဲ ရောက်သွားပါလိမ့်မယ်။ လောလောဆယ် တရုတ်နှစ်ကူးကာလ ဖြစ်တာကြောင့် နှစ်ကူးစတစ်ကာတွေ တွေ့ရမယ်။ ဘေးမှာတော့ မြန်မာဆိုင် တွေ့ရပါမယ်။ ပန်းစကားပြောပါ - Speak Panzagar ဆိုတဲ့ ဆိုင်ပါ။ Free ကို ကလစ်ပါ။
(မြန်မာပြည်မှာပဲ မြန်မာစတိုးကို တွေ့ရပါမယ်။ တခြားနိုင်ငံက အင်တာနက်သုံးသူတွေ ဒီဆိုင်ကို မြင်ရဦးမယ် မဟုတ်ပါ)

အပေါ်ကအဆင့်တွေ ပြီးပြီဆိုရင် ပုံမှာတွေ့ရတဲ့အတိုင်း မြန်မာ ကာတွန်းပုံလေး ပေါ်လာပါမယ်။ အဲဒါကို ကလစ်လိုက်ရင် ရွေးချယ်စရာ ကာတွန်းရုပ်လေးတွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် ကလစ်နိုင်ပါပြီ။
ဒီအရုပ်လေးတွေဟာ အမုန်းစကား၊ အန္တရာယ်များတဲ့ စကားပြောဆိုမှု၊ ရေးသားမှုတွေကို ဟန့်တားတဲ့နေရာမှာသာမက မိတ်ဆွေအချင်းချင်း သာမန်ပြောဆိုရေးသားမှုတွေမှာလည်း သုံးကြမယ်လို့ ယူဆရပါတယ်။
http://blog.irrawaddy.org/2015/02/facebook.html
No comments:
Post a Comment