စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကာမေသုမိစ္ဆာစာရကံအကြောင်း”



 
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များဆောက်တည်နေကျဖြစ်တဲ့
ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့်ဆိုးကျိုးတရား
အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလိုသိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊
ထိုထိုသော အကြောင်းတရားများကြောင့်ကောင်းကျိုး ၊ဆိုးကျိုးများရှိနေပါတယ်။

ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ
ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း
(ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး
အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည်
(၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။
(၂)။ မိန်းမဖြစ်ရခြင်း။
(၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။
(၄)။ အများ အမုန်းခံရခြင်း။
(၅)။ ရန်သူများခြင်း။
(၆)။ စိုးရိမ်ကြောင့်ကြ များရခြင်း။
(၇)။ ချမ်းချမ်းသာသာ မနေရခြင်း။
(၈)။ ချစ်သူနှင့် ကွဲရခြင်း။
(၉)။ မျက်နှာ မကြည်မလင် မရွှင်ပြခြင်း
စသော ဆိုးကျိုးများကိုရရှိစေပါတယ်။

ယခုခေတ်မှာ
●မလိုမုန်းထားသူပေါများနေတဲ့သူ၊
●ရန်သူလဲများတဲ့သူ၊
●လာဘ်လာဘရှားပါး တိတ်ဆိတ်တဲ့သူ၊
●ချမ်းသာမှု ကင်းဆိတ်တဲ့သူ၊
●လျှပ်ပေါ်လော်လီနေသော မိန်းမဖြစ်ရတဲ့သူ၊
●မိန်းမမဟုတ် ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ၊ယောက်ျားလျာ) ဖြစ်ရတဲ့သူ၊
●ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက်မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်
မဖြစ်နိုင်ပါဘဲ၊ မိန်းမတစ်ယောက်လိုဟိုစပ်စပ် ၊ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ်
မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့အထင်ကြီးစရာလုံးဝမကောင်းတဲ့
ယုတ်ညံ့တဲ့ အမျိုးသားဖြစ်နေတဲ့သူ၊
●မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတဲ့သူ၊
●ရုပ်ဆင်းအင်္ဂါ လက္ခဏာချို့ယွင်းသေးသိမ်တဲ့သူ၊
●စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်တဲ့သူ၊
●ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းနေတဲ့သူ .....
စသည်ဖြင့် ထိုထိုသို့သောပုဂ္ဂိုလ်များသည် ကာမေသုမိစ္ဆာစာရကံရဲ့
လွှမ်းမိုးမှုတစ်စိပ်တစ်ဒေသ ရှိနေတယ်လို့ ယူဆမည်ဆိုက ယူဆနိုင်ပါတယ်။

ရှေးတုန်းက ဧရကစ္ဆ ဆိုတဲ့မြို့လေးတစ်မြို့မှာ ရွှေပန်းထိမ်လုပ်ငန်းလုပ်ပြီး ချမ်းသာကြွယ်ဝနေသူ လုလင်တစ်ယောက်ရှိပါတယ်။ ပန်းထိမ်လုလင်လေးက ပစ္စည်းလည်းကြွယ်ဝတယ်၊
အရွယ်ကလည်းကောင်းနေတော့ အပျော်အပါးများလှပါတယ်။ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ၊ ရုပ်ရည် ချောမောသော မည့်သည့်မိန်းမ မဆို ထိုလုလင်လေးနှင့်လွတ်ကင်းသောမိန်းမဆိုတာမရှိသလောက်ပါပဲ။ ထိုထိုသော မိန်းကလေးများနှင့် ဖောက်လွဲဖောက်ပြန်မှားယွင်းတဲ့ အကျင့်ကိုကျင့်တာပါ။ အဲလိုအပျော်အပါးနဲ့ပျော်ပါးပြီးကောင်းမှုကုသိုလ်ကလည်းမရှိ၊ တရားလက်လွတ်ပြီးသေတော့
အဲဒီအကုသိုလ်ကံကြောင့် ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ငရဲကိုကျရောက်ခြင်းဆိုတဲ့ဆိုးကျိုးတစ်ခုခံခဲ့ရပါတယ်။ ငရဲကနေလွတ်လာ ပြန်တော့လည်း တစ်ခါ
တိရိစ္ဆာန်ဘဝ (မျောက်ဘဝ)ဖြစ်ရပြန်တယ်။ မျောက်ကလေးခုနစ်နှစ်သား အရွယ်ရောက်လာတော့
သင်းအုပ်မျောက်ကြီးရဲ့ သင်းကွတ်ခြင်းကိုခံရပြန်တယ်

■ မျောက်ဘဝကနေ သေတော့ တစ်ခါဆိတ်ဘဝရောက်ရပြန်တယ်။
■ အဲဒီဘဝကိုလွန်ပြန်တော့နွားဘဝရောက်ပြန်တော့လည်း
တစ်နှစ်သားအရွယ်မှာ သင်းကွတ်ခြင်းကိုခံရပြန်ပါတယ်။
■ ပြီးတော့ မျက်စေ့လည်းကန်းရပြန်တယ်။မျက်စေ့ကန်းပြီး မကျန်းမမာဖြစ်သော်လည်း
ထွန်ဆွဲရ၊လှည်းရုန်းရတဲ့ အလုပ်ကြမ်းများကို မနားမနေလုပ်ရပါတယ်။
ဒါက ထိုကံကိုလွန်ကျူးမိတဲ့သူများ ခံစားရတဲ့ဆိုးကျိုးတွေထဲက အပါယ်လေးဘုံသို့ကျရောက်တဲ့ဆိုးကျိုးပါ။

ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးတွေဆက်တိုက်ဆိုသလို နလန်မထူနိုင်အောင်ခံနေရတာပါ။ အဲဒီဆိုးကျိုးတွေမကုန်သေးပါဘူး။ အဲဒီနွားဘဝကနေစုတိပြန်တော့ ကျွန်မတစ်ဦးရဲ့သား ဖြစ်ရပါတယ်။
သားဆိုသော်လည်း ကာမေသုမိစ္ဆာစာရ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့
ယောင်္ကျားမဟုတ် မိန်းမမဟုတ်၊ နပုံးပဏ္ဍုက်သာဖြစ်ရတာပါ။

ယောင်္ကျားစစ်စစ်၊ တည်ကြည်ခန့်ညားတဲ့ယောင်္ကျားမျိုးမဟုတ်ပါဘူး။ ဒါနဲ့ နေလာလိုက်တာ
အသက်အားဖြင့် သုံးဆယ်လောက်ရောက်တော့ သေဆုံးသွားပြီး အင်မတန်မှ ဆင်းရဲမွဲတေတဲ့
လှည်းကူလီကြီးရဲ့သမီးဖြစ်ရပြန်တယ်။ထိုလှည်းကူလီကြီးရဲ့ လှည်းကုန်သည်ကြီးက
ထိုလှည်းကူလီထံမှ သမီးကို အကြွေးနဲ့သိမ်းပိုက်လိုက်ပါတယ်။

■ ထိုမိန်းကလေး အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ လှည်းကုန်သည်ကြီးရဲ့
သားက ချစ်လှပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်ပါတယ်။ ခင်ပွန်းသည်နှင့် မယားကြီး စိတ်ကြည်သာကြပါစေဆိုပြီး ဝတ္တရားကျေပွန်အောင်နှိမ့်ချရိုကျိုးသော
စိတ်ထားဖြင့် ဘယ်လိုပင် ပြုစုလုပ်ကျွေးငြားသော်လည်း ချစ်ခင်မှုကို နည်းနည်းလေးမှပင်မရပါ။
အမုန်းသာအဖက်တင်ခဲ့ရပါတယ်ဆိုတဲ့ထိုကံရဲ့ဆိုးကျိုးတွေထဲက အများ
အမုန်းခံရခြင်းဆိုတဲ့ဆိုးကျိုးကိုရလိုက်တာပါ။

အဲဒီဘဝကနေစုတိပြန်တော့ မြတ်စွာဘုရားရှင်လက်ထက်တော်မှာ ဥဇ္ဇေနီ ပြည်မှာ
ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး၏ တစ်ဦးတည်းသောသမီးဖြစ်ရပါတယ်။ အရွယ်ရောက်လာတော့
သာကေတ သူဌေးသားနှင့် လက်ထပ်ထိမ်းမြားရပါတယ်။ ခင်ပွန်းသည်၊
ခင်ပွန်းသည်နှင့်ပတ်သတ်သမျှသောမိဘ၊ မောင်နှမ၊ ဆွေမျိုးများပါမကျန်ရအောင်
ပေးတန်သည်ကိုပေး၊ ကျွေးတန်သည်ကိုကျွေးပါသော်လည်းမျက်နှာကောင်းမရခြင်းဆိုတဲ့ဆိုးကျိုးအပြင်၊
လင်ပစ်ပါခံရပြန်တယ်။

ထိုနည်းဖြင့်ပင် အိမ်ထောင်သုံးဆက်တိုင်တိုင် လင်ပစ်မ ဘဝနှင့် ဒုက္ခလှလှကြီးရောက်ခဲ့ရခြင်းဆိုတဲ့ ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တဲ့ ချစ်ရသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆိုးကျိုးကို ရရှိခံစားရတာပါ။
လူချမ်းသာ ပန်းထိမ်လုလင်ဘဝက ငွေကိုရေလိုသုံးကာ ပျိုသော၊ အိုသော ၊လင်ရှိသော၊ လင်မရှိသော ချောမောလှပတဲ့မိန်းကလေးမှန်သမျှနဲ့ ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံရဲ့
ဆိုးကျိုးကတော့ ယခုပြောပြထားတဲ့ဆိုးကျိုးတွေပါပဲ။

ဒီကံက အလွန်ပင်လွန်ကျူးဖို့လွယ်ပါတယ်။အဓိက ပြောချင်တာက ပိုက်ဆံအင်မတန်ချမ်းသာတဲ့
ယောင်္ကျားများ၊ ပိုက်ဆံအင်မတန်ချမ်းသာတဲ့မိန်းမများထိုထိုသို့သော ပုဂ္ဂိုလ်များ ကျူးလွန်ဖို့လွယ်သလို၊
ငွေနောက်လိုက်နေသောယောင်္ကျားများမိန်းမများ နဲ့ အချောင်စိတ်များတဲ့ ပုဂ္ဂိုလ်များ အထူးသတိပြုစေချင်ပါတယ်။

ထိုမှကြွင်းသော သူများလည်း လုံးဝမလွန်ကျူးမိစေဖို့ အထူးတိုက်တွန်းလိုတာပါ။
ယခု ပန်းထိမ်သည် လုလင်လေးဘဝဆက်တိုင်းယုတ်ညံ့ပြီး ဒုက္ခရောက်ခဲ့တာ
ကြည့်ခြင်းအားဖြင့် ထိုကံက အလွန်ပင်ကြောက်စရာကောင်းလှတယ်ဆိုတာ သေချာပါတယ်။

■ နောက်ဆုံးဘဝမှာ ထိုလုလင်တစ်ဖြစ်လဲ သူဋ္ဌေးသမီးလေးက အဆွေခင်ပွန်းကောင်းဖြစ်တဲ့
ဇိနဒတ္တာထေရီမနှင့်တွေ့ဆုံပြီး၊ဘိက္ခုနီမအဖြစ်ခံယူကာ တရားကျင့်လိုက်တာ ရဟန္တာမဖြစ်သွားတော့မှ
ကာမေသုမိစ္ဆာစာရကံရဲ့ဆိုးကျိုးများအဆုံးသတ်သွားပါတယ်။

ထိုကာမေသုမိစ္ဆာစာရကံကို ရှောင်ကြည်မယ်ဆိုရင် ဆိုးကျိုးရဲ့ပြောင်းပြန်ကောင်းကျိုးတွေကိုရစေပါတယ်။
●သုဂတိဘုံတို့၌သာဖြစ်ရခြင်း
●ယောင်္ကျားစစ်စစ်ဖြစ်ရခြင်း၊
●နပုံးပဏ္ဍုက်မဖြစ်ရခြင်း၊
●အများချစ်ခင်မှုကိုခံရခြင်း
●မိတ်ဆွေပေါများခြင်း(ရန်သူမရှိခြင်း)၊
●စိုးရိမ်ကြောင့်ကျမှုကင်းခြင်း၊
●စိတ်ချမ်းသာခြင်း၊
●ချမ်းချမ်းသာသာနေရခြင်း၊
●မိမိချစ်ခင်သူနဲ့ဘဝတစ်လျောက်လုံးပေါင်းသင်းရခြင်း၊ ●မျက်နှာကြည်လင်ဝင်းပပြီးပျော်ရွှင်စေခြင်း

ဆိုတဲ့ ကောင်းကျိုးများဟာ ထိုကံကိုရှောင်ကြဉ်ခြင်းရဲ့ကောင်းကျိုးများသာဖြစ်ပါတယ်။
အဲဒီတော့ ဘဝသံသရာတစ်လျှောက်လုံးမကောင်းတဲ့ ဆိုးကျိုးတွေကနေ လွတ်ကင်းအောင်၊ ကောင်းကျိုးအနန္တရစေအောင် ကာမေသုမိစ္ဆာစာရကံကို အသက်ထက်ဆုံး
လုံခြုံအောင်စောင့်ထိန်းစေဖို့ အသိပေးလိုက်ရပါတယ်။အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
-【အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)】
Posted by►
www.facebook.com/youngbuddhistassociation.mm
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...