စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်သည့် ကျော်ကျော်မျိုး

"ကျွန်တော့်ကို ဝေဖန်တာတွေလည်းသိလိုက်ရပြီ အားပေးတာကိုလည်း သိလိုက်ရပြီ ဘာလုပ်ရမယ်ဆိုတာကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ပြီး စဉ်းစားနေတယ်"


ပြီးခဲ့သည့်ရက်ပိုင်းက အောင်ဆန်းရုပ်ရှင်တွင် ပါဝင်သည့် ဇာတ်ဝင်ခန်းအချို့ကို အစမ်းရိုက်ကူးထားသော ဗီဒီယိုဖိုင်အား အွန်လိုင်းပေါ်တင်ပေးခဲ့ရာ ပရိသတ်များက အကောင်း၊ အဆိုး ဝေဖန်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်သူ၏ သရုပ်ဆောင်မှု၊ အသံနေအသံထားနှင့် အ၀တ်အစားသစ်လွင်နေမှုများကို အများဆုံးဝေဖန်ခဲ့ကြပြီး မိန့်ခွန်းပြောကြားသည့် ဇာတ်ဝင်ခန်းကိုမူ နှစ်ခြိုက်ခဲ့ကြသည်။ ထို့ကြောင့် ယင်းဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ အဓိကသရုပ်ဆောင်အနေဖြင့် ရိုက်ကူးခဲ့သည့် ကျော်ကျော်မျိုးကို ဝေဖန်မှုများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အောင်ဆန်းရုပ်ရှင် Teaser ကို ကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်တာကို ကြိုက်တဲ့သူရှိသလို ဝေဖန်သူတွေလည်းရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲ။

ဖြေ- ဒါကတော့ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတော့ အားလုံး ကိုယ့်ကိုကြိုက်ရမယ်လို့တော့ ပြောလို့မရဘူးလေ။ ဒါပေမဲ့ ဝေဖန်တယ်ဆိုတာက ကောင်းစေချင်လို့၊ များများဝေဖန်တာက များများကြိုးစားစေချင်လို့ မှတ်ယူပါတယ်။ လိုသေးတယ်ဆိုတော့ ထပ်ကြိုးစားရမှာပေါ့။

မေး- Teaser ကို ကိုယ်တိုင်ကြည့်ပြီးတော့ ဘာတွေလိုအပ်မှုရှိတယ်လို့ထင်လဲ။

ဖြေ- စကားပြောတဲ့ Flow ကိုတော့ နည်းနည်းပြင်ရမယ်။ သရုပ်ဆောင်တဲ့အပိုင်းမှာ ဒါရိုက်တာတွေခိုင်းတဲ့အတိုင်းပဲ လုပ်တာဆိုတော့ သူဟာနဲ့သူ အံဝင်ခွင်ကျတယ်လို့ ထင်တယ်။ ဟိုအရင်က အထောက်အထားတွေနဲ့ ပြန်ရိုက်တာဆိုတော့ ရှေးကကားတွေအတိုင်းပဲ စကားပြောရတယ်။ ခေတ်ပေါ်ကားမဟုတ်တော့ အခက်အခဲတွေတော့ အများကြီးရှိတယ်။

မေး- ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့အခန်းကို ပရိသတ်တွေလည်း ကြိုက်ကြတော့ အဲဒီအခန်းကိုကော အားရလား။

ဖြေ- မိန့်ခွန်းပြောတဲ့အခန်းကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ မိန့်ခွန်းအဖြတ်အတောက်ကိုလည်း သေချာလေ့ကျင့်ထားတယ်။ အဲဒါကြောင့် အဲဒီအခန်းကိုတော့ အားရကျေနပ်မှုရှိပါတယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းနဲ့ယှဉ်ရင် နည်းနည်းဝနေတယ်လို့ ဝေဖန်မှုလည်းရှိတော့ ဘယ်လိုပြင်ဆင်သွားမလဲ။

ဖြေ- ခန္ဓာကိုယ်ပိုင်းကို ဒါရိုက်တာတွေကတော့ မလိုဘူးပြောတယ်။ ပရိသတ်က နည်းနည်းဝတယ်ပြောတယ်။ အဲဒါကတော့ အဆင်ပြေအောင် ညှိလုပ်ရမယ်။ ကျွန်တော်လည်း ကိုယ့်ဟာကိုယ်တော့ သိတယ်။ သာမန်ထက် နည်းနည်းလေး။ အများကြီးလည်း မဟုတ်ဘူး။ မသိမသာလေး။ အဲဒါကြောင့် ဒါရိုက်တာတွေကလည်း ကျွန်တော့်ကို မပြောတာ။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲရမယ်။ နှိပ်စက်ရမယ်၊ အပင်ပန်းခံရမယ်။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်နေရာမှာ ချွတ်စွပ်နီးပါးတူအောင် လုပ်မယ်။ ပိန်တယ်၊ ပါးတယ်၊ မျက်နှာချောင်ကျတယ် အဲဒါတွေရအောင် လုပ်သွားမယ်။

မေး- အောင်ဆန်းရုပ်ရှင်တစ်ကားလုံး ရိုက်တဲ့အချိန်ကျရင် ဘာတွေပိုပြီး ကြိုးစားရမယ်လို့ထင်လဲ။

ဖြေ- တစ်ကားလုံးရိုက်ရင် ပိုကြိုးစားရမယ်။ အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားရတော့မယ်။ Teaser ရိုက်တုန်းကလည်း လေ့လာပြီးရိုက်ခဲ့သလို တစ်ကားလုံးရိုက်ရင် ဒီထက်ပိုပြီး ကြိုးစားရမယ်။ လေ့လာရမယ်။ အခု Teaser လွှင့်တာက ကျွန်တော့်အတွက် တော်တော်ကောင်းသွားတယ်။ ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး ဒါကလိုတယ်၊ ဒါကဒီလောက်ပဲဆိုပြီး ဆွေးနွေးလို့ရတယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၀၀)ပြည့်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက် မှာကော နတ်မောက်ကိုသွားဖို့ အစီအစဉ်ရှိလား။

ဖြေ- ၁၃ ရက်နေ့က ရန်ကုန်မှာ အစည်းအရုံးက အစီအစဉ်မရှိဘူးဆိုရင်တော့ နတ်မောက်ကို သွားဖို့များတယ်။ နတ်မောက်ကိုတော့ သွားချင်တယ်။ အဓိကသွားချင်တာက ဗိုလ်ချုပ်မွေးတဲ့ဇာတိ၊ ဗိုလ်ချုပ်နေခဲ့တဲ့အိမ်ဆိုတော့ သွားရောက်လေ့လာချင်တာ။ ဗိုလ်ချုပ်ကိုမီလိုက်တဲ့ လူတွေရှိသလို ဗိုလ်ချုပ်ကိုမမီပေမယ့် သက်ကြီးပိုင်းလူတွေရဲ့ စကားတွေက အတွေ့အကြုံတွေရမှာပဲ။ အဲဒီလိုမျိုး ဒီဇာတ်ကားအတွက် အထောက်အကူပြုမယ့်ဟာလေးတွေသွားပြီး လေ့လာချင်တယ်။ ကျွန်တော့်အနေနဲ့လည်း ရောက်သင့်တဲ့နေရာလေ။

မေး- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို စောင့်ပြီးအားပေးနေမယ့် ပရိသတ်တွေကိုကော ဘာပြောချင်လဲ။

ဖြေ- ကျွန်တော့်ကို ဝေဖန်တာတွေလည်း သိလိုက်ရပြီ။ အားပေးတာကိုလည်း သိလိုက်ရပြီ။ ဘာလုပ်ရမယ်ဆိုတာကိုလည်း လူကြီးတွေနဲ့တိုင်ပင်ပြီး စဉ်းစားနေတယ်။ အဲဒါကြောင့် ဇာတ်ကားကြီးရိုက်ပြီးလို့ ထွက်လာခဲ့ရင် ကြည့်နေတဲ့အချိန်မှာ တကယ့်ဗိုလ်ချုပ်အောင်ဆန်းကို မျက်ဝါးထင်ထင်ပြန်မြင်လိုက်ရသလို ဖြစ်အောင်အကောင်းဆုံး ကြိုးစားသရုပ်ဆောင်သွားမယ်။

မေး- ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ရတာက ဝေဖန်မှုတွေ အများကြီးရှိနိုင်တော့ ဒီအလုပ်လုပ်ဖို့ ဘယ်လောက်တာဝန်ကြီးတယ်လို့ ခံယူထားလဲ။

ဖြေ- ဒီတာဝန်က ဘယ်သူမှပေးတာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ယူခဲ့တာ။ ဒီနေရာမှာရိုက်ချင်လို့ ကိုယ်တိုင်လျှောက်ခဲ့တယ်။ ကံလည်းပါတယ်။ ကိုယ်လည်း ကြိုးစားတယ်။ အဲဒါကြောင့် လုပ်ခွင့်ရခဲ့တယ်။ ကျွန်တော်ဆုံးဖြတ်ချက် ချထားတာကတော့ သူများတွေ ဂါရ၀ပြုကျေးဇူးဆပ်တာထက်စာရင် ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ ၀င်သရုပ်ဆောင်ပြီး ဗိုလ်ချုပ်ကို ဂါရ၀ပြုကျေးဇူးဆပ်ရတယ်လို့ ခံယူထားတယ်။ ဘယ်လောက်အခက်အခဲရှိရှိ အမှားရှိရှိ အတက်နိုင်ဆုံး ကြိုးစားသွားမယ်။ ကျော်ကျော်မျိုးက ကျော်ကျော်မျိုးတစ်ကဏ္ဍပဲ။ ဒီကားကို ကြည့်လိုက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မီတဲ့လူတွေရော မမီတဲ့လူတွေရော ဗိုလ်ချုပ်ကို မျက်ဝါးထင်ထင်မြင်ရသလို သရုပ်ကျအောင် သရုပ်ဆောင်သွားမယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး ခံယူထားတဲ့ ခံယူချက်ကောရှိလား။

ဖြေ- ဗိုလ်ချုပ်က တစ်နိုင်ငံလုံးက လေးစားရတဲ့ပုဂ္ဂိုလ်၊ တုနှိုင်းမရှိလို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲသိကြတယ်။ လူသာသေတာ နာမည်မသေဘူး။ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ တာဝန်ကျေတယ်ဆိုတာထက် တက်နိုင်ရင် ရှိရှိသမျှဉာဏ်တွေရော လုပ်အားတွေရော ကြိုးစားမယ်လို့ ခံယူထားတယ်။

ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်သည့် ကျော်ကျော်မျိုး
7Day Daily

http://7daydaily.com/story/31713#.VOBTwC7dXLU 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...