စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သရုပ်ဆောင် ရွှေမှုန်ရတီနှင့် အင်တာဗျူး

သရုပ်ဆောင် ရွှေမှုန်ရတီ (ဓာတ်ပုံများ - စိုင်းဇော်/ The Irrawaddy)


 အနုပညာပျိုးခင်းက စင်တင်မင်းသမီးသုံးယောက်ထဲမှာအသက်အငယ်ဆုံးဖြစ်ပြီး  ပီပြင်စွာ သရုပ်ဆောင်နိုင်လို့ အချိန်တိုအတွင်းမှာ ပရိသတ်လက်ခံအားပေးမှုရလာကာ ရုပ်ရှင် ဇာတ်ကားကြီးတွေ ဗီဒီယိုဇာတ်ကားအများအပြားတွေမှာ ခေါင်းဆောင်မင်းသမီး နေရာ ခိုင်မာစွာ ရပ်တည်နေနိုင်သူကတော့ သရုပ်ဆောင် မင်းသမီး ရွှေမှုန်ရတီပါ။ သူဟာ အသက်ငယ်ငယ်နဲ့ အနုပညာအလုပ်တွေမှာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင် နိုင်လို့ ရန်ကုန်ပရိသတ်၊ နယ်ပရိသတ်တွေပါ တစ်ခဲနက် လက်ခံအားပေးမှု ရရှိထားသူပါ။ ဇာတ်ကားတွေကိုလည်း မအားလပ်အောင် ရိုက်ကူးသွားရင်း ပညာရေးဘက်ကိုလည်း ဆုံးခန်းတိုင်အောင် သင်ယူသွားမယ်ဆိုတဲ့ ရွှေမှုန်ရတီကို ကြုံတုန်းဆုံတုန်းမှာ ဧရာဝတီက မေးမြန်းထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး  နွားထိုးကြီးရွာမှာ ရွှေမှုန်ကို ပရိသတ်က ဆွဲလို့ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးပါဦး။ ဘယ်လိုဖြစ်တာလဲ။

ဖြေ  အဲဒီအကြောင်းဖြစ်ရပ်မှန်က ရွှေမှုန်စင်ပေါ်သီချင်းတက်ဆိုတယ်။ ဆိုပြီးသွားတဲ့အခါကျတော့ အားပေးတဲ့ ပရိသတ်တွေက အောက်ကနေ ပျော်ကြတယ်။ ဒါပေမယ့် ပွဲစီစဉ်သူတွေက စိုးရိမ်လို့ ပြန်တော့လို့ဆိုတော့ ရွှေမှုန် အေးအေးချမ်းချမ်းနဲ့ပဲ ပြန်သွားတာပါ။ ဒီအတိုင်းပဲ ပရိသတ်က လက်ဖျားနဲ့တောင် လာမတို့ပါဘူး။ အဲ့လောက် ယဉ်ကျေးတဲ့ ပရိသတ်ပါ။ အဲဒါကို ဘာဖြစ်လို့ ဆိုးရွားအောင်ရေးထားလည်းဆိုတာကို နားမလည်ဘူး ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ရှိပါစေတော့ ။ နောက်တစ်ခေါက်ဆိုရင် ရွှေမှုန်တအား စိတ်ဆိုးမိမှာသေချာတယ်။ ပရိသတ်ကို ရွှေမှုန်ပြောချင်တာက အဲလိုသတင်းမှားတွေရေးတဲ့သူအစား ရွှေမှုန်ကပဲ ကြားထဲက တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။

မေး  ဒါဆို နယ်ပရိသတ်အားပေးမှုက ဘယ်လိုရှိတယ်လို့ ပြောချင်လဲ။

ဖြေ  နယ်ပရိသတ် အားပေးမှုက တခဲနက်အားပေးကြတယ်။ ပွင့်လင်းကြတယ်။ သူတို့ စိတ်ထဲမှာ ပြောချင်တာကို ရိုးရိုးပဲပြောကြတယ်။ အဲလိုစိတ်ပဲရှိကြတာပါ။ ရိုင်းစိုင်းတာမျိုး ရွှေမှုန်အနုပညာသက်တမ်း သုံးနှစ်အတွင်းမှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ အဲဒါမှန်သော သစ္စာစကားပါ။ ပရိသတ်က အနုပညာရှင်တွေကို ချစ်တယ်ဆိုတာ ထုံးစံပါ။ အနုပညာရှင်တိုင်းကို ပရိသတ်က ချစ်ကြပါတယ်။ အားပေးကြတယ်။ အဲဒါကို ဘာဖြစ်လို့ ဒီလိုမျိုးရေးရတာလည်းဆိုတာ နားမလည်ဘူး။

မေး  မကြာခင်ရိုက်ကူးတော့မယ့် "ချန်ပီယံလေး" ရုပ်ရှင်ဇာတ်ကားကြီးမှာရော ရွှေမှုန်က ဘယ်လိုနေရာက သရုပ်ဆောင်ရမှာလဲ။

ဖြေ  အဲဒီကားကြီးမှာ ရွှေမှုန်က ကိုခန့် (ခန့်စည်သူ)ရဲ့ ညီမနေရာက သရုပ်ဆောင်ရမှာပါ။ ဇာတ်ကားလေးကတော့ ဖန်စီလေးပါပဲ။ နောက်မှ ဒရမ်မာဘက်ကို ချိုးသွားမှာပါ။

မေး  ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်လာရတဲ့ ရွှေမှုန် ဇာတ်ကားကြီးတစ်ကားကို သရုပ်ဆောင်ဖို့ လက်ခံပြီးရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ဖြစ်တဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။

ဖြေ  အဓိကကတော့ အကျီအ၀တ်အစား၊ ဆံပင်၊မိတ်ကပ်ကို ပြင်ဆင်ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကာရိုက်တာဝင်အောင်လို့ပါ။

မေး  ပညာရေးဘက်ကိုရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ  ပညာရေးနဲ့ပတ်သက်ရင် ရွှေမှုန် ဘွဲ့တစ်ခုရတဲ့အထိလုပ်မယ်။ ဘွဲ့ယူမယ်လို့တော့ ရွှေမှုန်ဆုံးဖြတ်ထားတယ်။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားမှာပါ။ ဒါပေမယ့် ရွှေမှုန်ကို အချိန်အတိုင်းအတာလေး တစ်ခုအထိတော့ စောင့်စေချင်ပါတယ်။

မေး  ရွှေမှုန်ရဲ့ညီမ ငွေမှုန်ရတီကလည်း အနုပညာဝါသနာပါတယ်လို့ သိရတယ်။

ဖြေ  ဟုတ်တယ်။ သူလည်း လောလောဆယ် ကားတွေတော့ ရိုက်နေတယ်။ ဒါပေမယ့် အခုမှ စလုပ်ကာစ ဆိုတော့ဘာမှန်းတော့ မသိသေးဘူးပေါ့။ သူ့ရဲ့စန်းက ဘယ်လိုလာမယ်မှန်းမသိသေးဘူးလေ။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှ အကုန် ကူညီပေးဖို့ရှိပါတယ်။

မေး  ကိုယ်အနေနဲ့ကရော ညီမကို ဒီ အနုပညာအလုပ်ကို လုပ်စေချင်လား။ ကိုယ်တစ်ယောက်ထဲနဲ့ရော အနုပညာအလုပ်လုပ်တာ လုံလောက်နေပြီလို့ မထင်မိဘူးလား။

ဖြေ  ဒါကတော့ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိတာပဲလေ။ သူကိုယ်တိုင် အနုပညာကို ၀ါသနာပါရင် အနုပညာကို လုပ်ပေါ့။ ဘယ်သူကို ဘာလုပ်ဆိုပြီး ရွှေမှုန်မပြောပါဘူး။ လူတိုင်းကို ရွေးချယ်ခွင့်ပေးထား တာပဲလေ။ အဲဒီတော့ ကိုယ့်ညီမကိုလည်း ရွေးချယ်ခွင့်ပေးထားတဲ့သဘောပါပဲ။

မေး  အနုပညာသက်တမ်း သုံးနှစ်အတွင်းမှာ ပရိသတ်အားပေးမှုရခဲ့တာ ဘာကြောင့်လို့ ကိုယ့်ကိုယ်ကို ထင်မိလဲ။

ဖြေ  ဘာကြောင့်ရယ်လို့တော့ ကိုယ့်ကိုကိုယ်မထင်မိဘူးပေါ့။ ရွှေမှုန်ဆရာတွေ တင်ပေးတဲ့ အတွက်ကြောင့် ရွှေမှုန်ရတီဆိုတာ ဖြစ်လာတယ်။ နောက် ပရိသတ် လက်ခံအားပေးမှုကြောင့် ရွှေမှုန်ရတီဆိုတာဖြစ်လာတယ်။ အနုပညာ ညီအစ်ကို မောင်နှမတွေ ၊ နောက် ဒါရိုက်တာကြီးတွေ ပံ့ပိုးပေးမှုကြောင့် နောက် Supporting တွေ အားလုံးရဲ့ ပံ့ပိုးမှုကြောင့် ရွှေမှုန်ရတီဆိုတာ ဖြစ်လာခဲ့တာပါ။ ကြိုးစားနေရာကနေ ရွှေမှုန် ကြိုးစားမှုကို ပရိသတ်ကလည်း လက်ခံတဲ့အတွက် ဒီလိုနေရာမျိုးကို ရလာခဲ့တယ်လို့ ရွှေမှုန်ထင်ပါတယ်။

မေး  သရုပ်ဆောင် ကာရိုက်တာနဲ့ပတ်သက်ပြီးတော့ ဘယ်လို ကာရိုက်တာမျိုးက ကိုယ့်အတွက် စိန်ခေါ်မှုဖြစ်စေမလဲ။ ခက်ခဲစေမလဲ။

ဖြေ  ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဇာတ်ကားမှာ ဒရမ်မာ အကြီးကြီးချိုးထားတဲ့ ကာရိုက်တာမျိုးက ကိုယ့်အတွက် စိန်ခေါ်မှုမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်နေတဲ့ ကာရိုက်တာတိုင်းက ရွှေမှုန်အတွက်တော့ စိန်ခေါ်မှုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က အသစ်တစ်ယောက်ဖြစ်တဲ့အတွက် မရိုက်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်ပါ။

မေး  အခု ဆံပင်တော်တော်တိုနေတယ်နော်။ ဆံပင်ညှပ်လိုက်တာ ဘာဖြစ်လို့လဲ။

ဖြေ  အင်း ဟုတ်တယ်။ ဆံပင်က ဒါရှည်လာတာလေ။ ပထမ ယောကျာ်းလေး ကေညှပ်ထားတာလေ။ ဇာတ်ကားရိုက်နေတာ။ ကားလေးက ဖန်စီလေးပါပဲ။ ယောကျာ်းလေးပုံစံဆိုတော့ ဒီဇိုင်းလေး ပြောင်းချင်လို့ တိုတာတော့ တော်တော်တိုတို ယောကျာ်းလေး ကေ ကိုညှပ်ချပစ်လိုက်တာလေ။ ဘိုကေမဟုတ်ပေမယ့် ဘေးနှစ်ဖက်ကိုပါ ရှိတ်ထိုးလိုက်တာ။ ပြီးတော့ဘေးက ဆံတောက်နဲ့ ။ ကိုမြင့်မြတ်ဆံပင်ပုံစံမျိုး ညှပ်လိုက်တာ။ အဲဒီလောက်ထိကို တိုသွားတာ။ ကာရိုက်တာနဲ့လိုက်ဖက်အောင် ဒီဇိုင်းပြောင်းလဲလိုက်ဖို့ စိတ်ရှိပါတယ်။

မေး  ကိုယ့်ဇာတ်ရုပ်ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဇာတ်ရုပ်ပီပြင်အောင် ဘယ်သူကိုကြည့်ပြီး တူအောင်ပြင်ဆင်ဖြစ်တာလဲ။ ကာရိုက်တာနဲ့ပတ်သက်ပြီး ရွှေမှုန်ဘက်က လေ့လာမှုအားက ဘယ်လိုရှိတာလဲ။

ဖြေ  လေ့လာတာဆိုရင် အခုဆိုရင် အင်တာနက်တွေရှိလာတော့ အင်တာနက်ထဲကကြည့်ပြီးလေ့လာဖြစ်တယ်။ နောက်စာအုပ်တွေ ဖတ်ဖြစ်တယ်။ နောက် နိုင်ငံခြားက ကားတွေ ကြည့်ဖြစ်တယ်။ လေ့လာမှုကတော့အစုံပါပဲ။ လေ့လာမှုကတော့ အပြင်မှာ ဒီလိုသွားရင်းလာရင်း လမ်းလျှောက်နေရင်းနဲ့လည်း အပြင်က လူတွေကို ကြည့်ရင်း ဘယ်လိုဆိုတာလည်း ကြည့်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ နောက်ပြီးလေ့လာတယ်ဆိုတာ တစ်ခုထဲကိုပဲ ကြည့်ပြီး လေ့လာတာမဟုတ်ပါဘူး။ ကိုယ့်မျက်လုံးထဲမှာ မြင်သမျှအရာတွေ အားလုံးက လေ့လာစရာတွေချည်းပါပဲ။



မေး  ရွှေမှုန် ဒီနေ့ ဒီနေရာအထိ အောင်မြင်အောင် အဓိက ပံ့ပိုးပေးခဲ့တာက ဘယ်သူလဲ။

ဖြေ  အဲဒါကတော့ ရွှေမှုန် မေမေပါပဲ။ ရွှေမှုန်ကို ထိန်းကျောင်းပေးခဲ့တဲ့မေမေရယ်၊ ရွှေမှုန်ရဲ့ ဆရာသမားတွေ ကျေးဇူးတွေကြောင့်ပါပဲ။ နောက် အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပရိသတ်ကြောင့်လည်း ပါတာပေါ့။

မေး  အောင်မြင်မှုကို လိုလားတဲ့ လူငယ်တွေအတွက်ကိုလည်း ရွှေမှုန်က လူငယ်အချင်းချင်း ဘယ်လို ကြိုးစားအားထုတ်မှု ပြုလုပ်ဖို့ ၊ ဘယ်အရာတွေကို လက်ကိုင်ထားဖို့ ပြောပြချင်လဲ။

ဖြေ  အဓိကကတော့ စိတ်ပါပဲ။ စိတ်ရှည်ရှည်လေးထားပြီး ဘယ်သူဘာပြောပြော မေတ္တာ ပြန်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ နောက်ပြီး ရိုသေလေးစားမှု Repect ရှိဖို့လိုတယ်ပေါ့။ အဓိက အဲဒါပါပဲ။

မေး  ကိုယ့်ကို Repect မထားတဲ့ အဖြစ်မျိုးရော ကြုံဖူးလား။

ဖြေ  အဲဒါက ဘယ်လိုပြောရမလဲဆိုတော့ သူများတွေ ဘယ်လို စိတ်ရှိလည်းဆိုတာတော့ ရွှေမှုန်မသိဘူးပေါ့။ နောက်ပြီး သူတို့ ဘယ်လိုစိတ်ထားတယ်ဆိုတာလည်း ရွှေမှုန်သိလည်း မသိချင်ပါဘူး။ ဒါပေမယ့် ရွှေမှုန်ကတော့ ဘယ်သူကို မဆိုအားလုံးကို  Repect ထားပါတယ်။

မေး  ၂၀၁၅ခုနှစ်အတွင်းမှာ ရွှေမှုန်လုပ်သွားမယ့် အနုပညာအကြောင်းတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ  ဟုတ်ကဲ့။ ရွှေမှုန် ကားကြီးတွေ ရိုက်သွားဖို့ရှိပါတယ်။ နောက် ဗီဒီယိုတွေ ရိုက်သွားမယ်။ ရွှေမှုန်ဆရာတွေနဲ့ အတူတူပဲဖြစ်ဖြစ်၊ တစ်ခြားမင်းသား အစ်ကိုတွေနဲ့ပဲ ဖြစ်ဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ ရှိပါတယ်။


ယုမွန်ကျော်
http://blog.irrawaddy.org/2015/02/blog-post_68.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...