(ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထူးဆောင်းပါး)
လွန်လေပြီးသော မြန်မာ့သမိုင်းကို ငဲ့စောင်းကြည့်ပါက မြန်မာနိုင်ငံသည် ခေတ်များကိုမြင့်တုံ၊ နိမ့်တုံဖြင့် အတက်၊ အဆင်းများစွာ ဖြတ်သန်းခဲ့ရခြင်း မြင်တွေ့ရပါမည်။ အုပ်ချုပ်သူကောင်းမွန်၍ တိုင်းပြည်စည်ပင်ဝပြောချိန်ရှိခဲ့သလို အုပ်ချုပ်သူညံ့ဖျင်း၍ တိုင်းပြည်ဆင်းရဲဒုက္ခရောက်ချိန်လည်း ရှိခဲ့သည်။ သမိုင်းပညာရှင်တို့က မြန်မာ့သမိုင်းကို အကြမ်းဖျင်းသတ်မှတ်ရာ၌ လေးပိုင်းခွဲ၍ သတ်မှတ်ခဲ့ကြသည်။ ယင်းတို့မှာ -
(၁) ၁၁-ရာစုတွင် အနော်ရထာ စည်းရုံးတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်
(၂) ၁၆-ရာစုတွင် ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်
(၃) ၁၈-ရာစုတွင် အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့သော တတိယမြန်မာနိုင်ငံတော်နှင့်
(၄) ၂၀-ရာစုတွင် ဗိုလ်ချုပ်အောင်ဆန်း စည်းလုံးတည်ထောင်ခဲ့သော စတုတ္ထမြန်မာနိုင်ငံတော်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှေးမင်းတို့၏ စွမ်းဆောင်ချက်များကို နှိုင်းယှဉ်ဖော်ပြသွားပါမည်။ အနော်ရထာမှစ၍ ဗိုလ်ချုပ်အောင်ဆန်းအထိ မြန်မာနိုင်ငံတော်ကြီး မည်သို့မည်ပုံ တည်ထောင်ခဲ့ကြပုံကို လက်လှမ်းမီသမျှ တင်ပြသွားပါမည်။
ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သော အနော်ရထာနှင့် ကျန်စစ်သား
ပျူတို့၏ သရေခေတ္တရာနှင့် ဗိဿနိုးပျက်ပြီးနောက် သမုဒ္ဒရာဇ်မင်း ထူထောင်သော ပုဂံသည် အကျယ်အဝန်းအားဖြင့် ကနဦးအစတွင် ပြောပလောက်အောင်မရှိခဲ့။ ဤသည်ကို ခရစ်နှစ် ၁၀၁၇ တွင် နန်းတက်လာသော အနော်ရထာ(အနုရုဒ္ဓ)မင်း လက်ထက်တွင်မှ တစ်စစီပြန့်ကျဲနေသည့် မြို့ရွာများကို သိမ်းသွင်း၍ အချို့ကို တိုက်ခိုက်ယူကာ ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်နိုင်ခဲ့သည်။
အနော်ရထာသည် ပုဂံမြောက်ဘက်တွင် တကောင်း၊ မိုးကုတ်အထိ၊ တောင်ဘက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ၊ အနောက်ဘက်တွင် ချင်းနှင့် ယောတောင်တန်းအစပ်အထိ၊ အရှေ့ဘက်တွင် ဗန်းမော်မှ တောင်ငူခရိုင်အထိ ချီတက်သိမ်းယူပြီး ပုဂံမင်းနေပြည်တော်ကို ကင်းမြို့(၃၄)မြို့ဖြင့် ရံတားတည်ဆောက်ခဲ့သည်။ ထို့နောက် ရဟန်းတော်ရှင်အရဟံ၏ လမ်းညွှန်ချက်ဖြင့် ထေရဝါဒဗုဒ္ဓသာသနာ စည်ပင်လာအောင် သထုံသို့ ချီတက်တိုက်ခိုက်ပြီး ပိဋကတ်သုံးပုံ ပင့်ဆောင်တော်မူကာ ကိုးကွယ်ရာအစစ်အမှန်ဖြင့် ပုဂံကို ထွန်းလင်းစေခဲ့သည်။ အနော်ရထာသည် စစ်တိုက်ရာ၌ ကျွမ်းကျင်သူဖြစ်သလို ၎င်းတည်ထောင်ခဲ့သော မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ရန်လည်း မမေ့လျော့ခဲ့။ ပူပြင်းခြောက်သွေ့သည့် အညာဒေသ စိမ်းလန်းစိုပြည်လာအောင် ဆည်မြောင်းများကို အသစ်ဖော်ခြင်း၊ ရေတွင်းရေကန်ဟောင်းများ ပြုပြင်မွမ်းမံခြင်းဖြင့် စိုက်ပျိုးရေပေါများအောင် ဆောင်ရွက်ပြီး ကောက်ပဲသီးနှံများဖြစ်ထွန်းအောင် စီမံလုပ်ကိုင်ခဲ့သည်။ မွန်တို့ထံမှ လက်မှုအနုပညာများ သင်ယူစေကာ စေတီ၊ ပုထိုးများကို တည်စေ၏။ မွန်အက္ခရာကိုလည်း မြန်မာဘာသာတွင် မွေးစားယူခဲ့၏။
အနော်ရထာမင်းတည်ခဲ့သော ရွှေဆံတော်ဘုရားမှာ ထင်ရှား၏။ သို့ရာတွင် အနော်ရထာ၏ ဘဝအချိန်အတော်များများမှာ တိုင်းနိုင်ငံသစ် ဖြစ်ထွန်းရေးအတွက် စည်းရုံးတိုက်ခိုက်ရသည့် အချိန်သာများခဲ့သည်။ တကယ်တမ်း တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးအတွက် အချိန်ကောင်းစွာမပေးနိုင်ခဲ့။ ထို့နောက် ၁၀၅၀ တွင် နတ်ရွာစံခဲ့၍ နန်းစံသက် (၃၃)နှစ်ရှိခဲ့သည်။ ထိုနန်းစံနှစ်များအတွင်း မိဖုရား၊ ရံရွေတော်များနှင့်အတူ မင်းစည်းစိမ်ကို အပြည့်အဝခံယူခွင့်ရခဲ့သည်။
ပုဂံပြည်ကြီး အမှန်တကယ် ကြီးထွားစည်ပင်လာအောင်၊ လူမျိုးများ သွေးစည်းညီညွတ်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်သူကား အနော်ရထာ၏စစ်သူကြီး ကျန်စစ်သားမင်းဖြစ်၏။
ကျန်စစ်သားမင်းသည် ပုဂံနေပြည်တော်တွင် ဗုဒ္ဓသာသနာ ဝင်းပြောင်အောင် ထွန်းညှိဖြန့်ချိရာ အဦးအစဖြစ်သော မွန်လူမျိုးတို့ကို ပစ်ပယ်မထား။ အမတ်ရာထူးများ အပ်နှင်းပေးခဲ့သည်။ ပုဂံနှင့်ဝေးရာ ထားဝယ်ဒေသ၌ သံပျင်အကြီးအကဲအဖြစ် မွန်လူမျိုးများအား ခန့်အပ်ခဲ့သလို ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေ၏။ မွန်လူမျိုးများကို ထိုသို့အရေးပေးသလို ကျန်လူမျိုးများကိုလည်း ပစ်ပယ်မထား၊ သင့်ရာနေရာ၌ သင့်သလို ရာထူးများအပ်နှင်း၍ အုပ်ချုပ်စေ၏။ အင်အားနည်း၍ ပပျောက်တော့မည့် ပျူများကိုပင် အရေးပေးခဲ့သည်။ အာနန္ဒာဘုရား အပါအဝင် ဘုရား၊ စေတီများ တည်ခဲ့သလို အနော်ရထာလက်ထက်က မပြီးပြတ်ခဲ့သော ရွှေစည်းခုံစေတီတော်ကြီးကို လူထုအားဖြင့် အပြီးတည်တော်မူ၏။
အိန္ဒိယပြည်ဗုဒ္ဓဂယာရှိ မဟာဗောဓိဘုရားကို ပြုပြင်ခြင်း၊ တရုတ်နိုင်ငံသို့ သံတမန်များစေလွှတ်ခြင်းဖြင့် ပြည်ပနိုင်ငံများနှင့်ပါ ချစ်ကြည်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့၏။ ပြည်သူပြည်သားများကို စောင့်ရှောက်ရာ၌ ‘ကွဲကွာသူတို့၏ မျက်ရည်ကို လက်ဖြင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပစ်လတ္တံ့။ စိတ်နှလုံးပူဆွေးသူတို့၏နှပ်ရည်ကို ရေနှင့်တူသော ကရုဏာဖြင့် ဆေးကြောပစ်လတ္တံ့။ လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်း၊ မုန့်များ ပေးလတ္တံ့။ လက်ဝဲလက်ဖြင့် ပစ္စည်းဥစ္စာ၊ အဝတ်ပုဆိုးများ ပေးလတ္တံ့’ဟူသော ကျောက်စာပါစကားတို့ကို ထောက်ချင့်၍ ကျန်စစ်သားမင်း၏ စိတ်ရင်းစေတနာမှန်ကို သိစေ၏။ ကျန်စစ်သားသည် ၁၀၆၄ တွင် နန်းတက်ပြီး ၁၀၉၂ တွင် နတ်ရွာစံ၍ နန်းစံသက် (၂၈) နှစ်ရှိခဲ့သည်။ ထိုနှစ်များအတွင်း တိုင်းပြည်ကြီးပွားတိုးတက်အောင် လုပ်နိုင်ခဲ့သလို ၎င်းကိုယ်တိုင်လည်း မင်းစည်းစိမ်ကို ကောင်းစွာစံစားခဲ့ရသည်။ ဤသို့ဖြင့် (၁၁)ရာစုတွင် အနော်ရထာမင်း စည်းရုံးသိမ်းသွင်း၍ ကျန်စစ်သားမင်း ပိုးမွေးသလို မွေးယူတည်ထောင်ခဲ့သော ပုကာရာမ(ပေါက္ကာရာမ)ပုဂံရွှေပြည်ကြီးသည် မင်းအဆက်ဆက်အုပ်စိုးပြီး နှစ်ပေါင်းနှစ်ရာခန့်တည်တံ့ခဲ့ကာ နရသီဟပတေ့(မင်းခွေးချင်း)လက်ထက်တွင် ပျက်လေ၏။
ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သော ဘုရင့်နောင်
ဆင်ဖြူများရှင်ဟု သမိုင်းတွင်ခဲ့သည့် ဘုရင့်နောင်မင်းသည်ကား တောင်ငူဒေသမှ စတင်ပေါ်ထွန်းလာသော သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။ ပုဂံပျက်၍ ပင်းယ၊ အင်းဝခေတ်ဟူ၍ ပေါ်ထွန်းပြီးနောက် တပင်ရွှေထီးနှင့် ဘုရင့်နောင်မပေါ်မီစပ်ကြား မြန်မာနိုင်ငံသည် မင်းကြီးစွာစော်ကဲလက်ထက်မှစ၍ မွန်နှင့်မြန်မာများ အထက်၊ အောက် အပြန်အလှန်တိုက်ခဲ့သည့် အချိန်သာများခဲ့သည်။ မြန်မာများအသာစီးရသလို မွန်များအသာစီးရခဲ့သည့် အချိန်လည်းရှိခဲ့သည်။ သမိုင်းတွင် အနှစ်လေးဆယ်စစ်ပွဲဟု ထင်ရှားသည်။
ထိုကာလများအတွင်း မြန်မာနိုင်ငံသည် ဘုရင်တစ်ပါးတည်း၏ အာဏာစက်အောက်မရှိဘဲ သုံး၊ လေးပိုင်းမျှကွဲကာ အုပ်ချုပ်ခဲ့ကြသည်။ ဤသည်ကို တောင်ငူမှ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က တစ်စထက်တစ်စ သိမ်းသွင်းတိုက်ယူခဲ့သည်။ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့မှာ ယောက်ဖတော်စပ်ကြသည်။ တပင်ရွှေထီး နတ်ရွာစံသော် ဘုရင့်နောင်သည် မြို့၊ ရွာများကို တိုက်ယူ၍သော်လည်းကောင်း၊ တောင်းယူ၍သော်လည်းကောင်း သိမ်းသွင်းစည်းရုံးနိုင်ခဲ့ရာ ပုဂံခေတ်ကထက် ပိုမိုကျယ်ဝန်းသော ဒုတိယမြန်မာနိုင်ငံတော်ကြီး တည်ထောင်နိုင်ခဲ့သည်။ ဘုရင့်နောင်ကိုယ်တိုင် စစ်ရေးကျွမ်းကျင်ပြီး စစ်မက်လိုလားသူဖြစ်၍ မြေပြန့်ဒေသများသာမက အရှေ့ဘက်ရှိ ရှမ်းတောင်တန်းများ၊ အနောက်ဘက်ရှိ အာသံနှင့် မဏိပူရနယ်များ၊ ယခုအခါ လာအိုနိုင်ငံတွင်း၌ရှိနေသော လင်းဇင်းပြည်နယ်နှင့် ယိုးဒယားဇင်းမယ်သို့တိုင် ချီတက်တိုက်ခိုက် သိမ်းယူလေသည်။ ထို့နောက် မင်းနေပြည်တော်ကို တောင်ငူမှရွှေ့ကာ ပဲခူးဟံသာဝတီ၌ မြို့သစ်တည်၏။ ဘုရင့်နောင်၏ ဟံသာဝတီမြို့တော်ကြီးသည် တည်ထားရာ၌ အလွန်စနစ်ကျလှပ၍ နှောင်းလူတို့ကပင် အံ့သြချီးမွမ်းကြရ၏။
ဘုရင့်နောင်လက်ထက်တွင် ပဲခူး၊ ဟံသာဝတီသည် စည်ကားသိုက်မြိုက်လှပြီး နိုင်ငံတကာနှင့် ရောင်းဝယ်ဖောက်ကားနိုင်ခဲ့၏။ ပဲခူးကို ဆိပ်ကမ်းမြို့ကြီးပြုလုပ်စေပြီး ရောင်းရေးဝယ်တာ၌ မလစ်ဟင်းစေရအောင် အရောင်းအဝယ်ကျွမ်းကျင်သူရှစ်ဦး ခန့်အပ်ထားခဲ့သည်။ နိုင်ငံရပ်ခြားမှ ကုန်စည်များသည် မုတ္တမမှတစ်ဆင့်ဖြတ်၍ ပဲခူးသို့ဝင်လာ၏။ တစ်ဖန် ယင်းလမ်းကြောင်းအတိုင်း ဆန်၊ ချိပ်၊ ကျောက်မျက်ရတနာများနှင့် ကတိုး အစရှိသည့် အဖိုးတန်ကုန်များကို ရေကြောင်းဖြင့် တင်ပို့ရောင်းချနိုင်ခဲ့သည်။ ဟံသာဝတီနေပြည်တော်၌ မြို့တံခါးများကိုလည်း စစ်နိုင်ခဲ့သည့် ဒေသများကို အစွဲပြု၍ လင်းဇင်းတံခါး၊ ဇင်းမယ်တံခါး၊ ယိုးဒယားတံခါး၊ ညောင်ရွှေတံခါး၊ မိုးညှင်းတံခါးဟူ၍ အမည်တပ်ထားရာ တိုင်းတစ်ပါးက ခံ့ညားလေးစားလောက်သည့် တိုင်းပြည်ဖြစ်ခဲ့သည်။ ဘုရင့်နောင်သည် တိုင်းပြည်ကို စုရုံးသိမ်းသွင်းတည်ဆောက်ပြီးသောအခါ မင်းစည်းစိမ်ကို အသက်ထက်ဆုံး စံစားခဲ့ပေသည်။ ၁၅၄၉ တွင် နန်းတက်ခဲ့ပြီး ၁၅၈၁ ကျမှ နတ်ရွာစံ၍ နန်းစံသက် (၃၂)နှစ်ရှိခဲ့သည်။ အနော်ရထာမင်းနှင့် ဆတူမျှရှိလေ၏။
တတိယမြန်မာနိုင်ငံတည်ထောင်ခဲ့သော အလောင်းဘုရား
ဘုရင့်နောင်နတ်ရွာစံ၍ ငါးဆူဒါယကာမင်းလက်ထက်တွင် ညီအစ်ကိုဝမ်းကွဲတော်သူ တောင်ငူဘုရင်ခံသည် ရခိုင်ဘုရင်နှင့်ပေါင်းကာ ပဲခူး၊ ဟံသာဝတီကို တိုက်လေ၏။ ခရစ်နှစ် ၁၆၀၀ ပြည့်တွင် မြို့တော်ကျဆုံးသွားပြီး ဘုရင်လည်း အသတ်ခံရ၏။ ထိုအခါ ဘုရင့်နောင်၏သားတော်တစ်ပါးဖြစ်သူ ညောင်ရမ်းမင်းသည် အင်းဝ၌ ပြန်လည်နန်းထိုင်၏။ တစ်ဖန် ဟံသာဝတီမွန်တို့သည် အင်းဝသို့ချီတက်လာပြီး အဆုံးတိုင်တိုက်ခိုက်လေရာ ဘုရင့်နောင်တည်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်ကြီး ပျက်သုဉ်းရပြန်သည်။
သူတစ်လူငါတစ်မင်း ဖြစ်နေသောအချိန်တွင် အသက်(၃၇)နှစ်အရွယ် ဦးအောင်ဇေယျဆိုသူသည် မုဆိုးဖိုရွာ၌ ထန်းလုံးတပ်ဆောက်လုပ်ကာ (၆၈)ဦးမျှသော လက်ရွေးစင်ရဲဘော်များနှင့် အခိုင်အမာနေ၏။ ရှမ်းနှင့်မွန်တပ်များ အကြိမ်ကြိမ်လာတိုက်သော်လည်း မအောင်မြင်။ ဦးအောင်ဇေယျ၏တပ်များသာ အင်အားကြီးထွားလာပြီး တန်ပြန်တိုက်ခိုက်ခြင်းကို ခံရလေသည်။ ထို့နောက် ဦးအောင်ဇေယျသည် ဖရိုဖရဲပြန့်ကျဲနေသော မြန်မာနိုင်ငံကို ပြန်လည်စည်းရုံးအံ့ဟု စိတ်ဒုံးဒုံးချကာ မုဆိုးဖိုကို ရတနာသိင်္ဃကုန်းဘောင်ဟူ၍ မြို့အဖြစ် သမုတ်တော်မူပြီး စစ်အင်အားကိုချဲ့ထွင်လေသည်။ ၁၇၅၃ တွင် မကြာမကြာ လာရောက်တိုက်ခိုက်နေသော ရှမ်းတို့ကို အပြီးတိုင်တိုက်ထုတ်နိုင်ပြီး အင်းဝကို ချီတက်သိမ်းပိုက်၏။ ထို့နောက် မိုးမိတ်၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်းထိ စစ်ချီပြီး ရှမ်းတို့အားသစ္စာခံစေ၏။
အင်းဝသို့တိုင် ထပ်မံလာရောက်တိုက်ခိုက်သော ဗညားဒလ၏မွန်တပ်များကို ကြံ့ကြံ့ခံပြန်လည်တိုက်ခိုက်ရင်း စစ်ဦးဘီလူးစီးကာ ပြည်၊ လွန်ဆေး (မြန်အောင်) မြို့တို့ကို ဆက်လက်သိမ်းပိုက်၍ ဒဂုံထိတိုင် စစ်ချီလေ၏။ ဒဂုံဝန်းကျင်ရှိ မွန်တပ်များကို ချေမှုန်းပြီး မြို့ကိုလည်း ရန်ကုန်ဟုသမုတ်သည်။ ထို့နောက် စစ်အင်အားထပ်မံဖြည့်တင်းကာ ပြင်သစ်အကူအညီရရှိထားသော မွန်တို့၏ သန်လျင်ကို ခက်ခက်ခဲခဲတိုက်လေ၏။ သန်လျင်ကိုရပြီးလျှင် မွန်တို့၏နောက်ဆုံးခံတပ် ပဲခူး၊ ဟံသာဝတီကို တိုက်လေ၏။ ခုနစ်လခန့် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ပြီးမှ ဟံသာဝတီကိုရလေသည်။ ပဲခူး၊ ဟံသာဝတီကျသွားသည်နှင့် တစ်ပြိုင်နက် မွန်တို့၏ လက်အောက်ခံ မြို့၊ ရွာများ အသီးသီး အညံ့ခံလာကြ၏။ ဤသို့ဖြင့် အလောင်းဘုရားသည် တတိယမြန်မာနိုင်ငံကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့သည်။ ထို့နောက်တွင် ဘုရင့်နောင်လက်ထက် မြန်မာပိုင်ဖြစ်ခဲ့သော မဏိပူရကသည်းကို ပြန်လည်တိုက်ယူခဲ့သည်။
ကသည်းမြို့ကို သိမ်းပိုက်ပြီးနောက် တောင်ဘက်စွန်း ထားဝယ်သို့ လာရောက်ထိပါးနေသော ယိုးဒယားတပ်များကိုတိုက်ရန် စစ်ချီပြန်သည်။ ထားဝယ်၊ မြိတ်၊ တနင်္သာရီကိုသိမ်းပြီး ယခင်ကြံရွယ်ထားသည့်အတိုင်း ယိုးဒယားသို့စစ်ချီကာ အယုဒ္ဓယမြို့တော်ကို ဝိုင်းထားစဉ် နာမကျန်းဖြစ်လာပြီး တပ်အဆုတ် ကင်းရွာအရောက်၌ နတ်ရွာစံလေသည်။ ၁၇၆၀ တွင် နတ်ရွာစံသော အလောင်းဘုရားမှာ အနော်ရထာ၊ ကျန်စစ်သားနှင့် ဘုရင့်နောင်တို့လောက် နန်းစံသက်မများ၊ ၁၀ နှစ်ခန့်သာ ထီးနန်းစိုးစံခဲ့ရ၏။ ထိုနှစ်များအတွင်း အလောင်းဘုရားသည် နိုင်ငံတည်ထောင်ရေးအတွက် လုံးပန်းခဲ့ရသည့်အချိန်သာများခဲ့၏။ သို့သော်ငြား သက်ဦးဆံပိုင်ဘုရင်တစ်ပါးဖြစ်၍ မင်းစည်းစိမ်ကိုကား အထိုက်လျောက်ရခဲ့ပေသည်။
အလောင်းဘုရား တည်ထောင်ခဲ့သော တတိယမြန်မာနိုင်ငံတော်ကြီးသည် နှစ်ပေါင်း ၁၃၀ ကျော် တည်တံ့ခဲ့ပြီး မင်း(၁၁)ဆက် အုပ်စိုးခဲ့ကာ သီပေါမင်းလက်ထက် ၁၈၈၅ တွင် ပျက်လေ၏။
စတုတ္ထမြန်မာနိုင်ငံတော် တည်ထောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း
ရှေးမင်းများနှင့်မတူ ဗိုလ်ချုပ်အောင်ဆန်း၏ ကွဲပြားချက်မှာ နှစ်ပေါင်းတစ်ရာကျော်တိုင် ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘဝရောက်နေသော မြန်မာပြည်ကြီးကို တိုင်းတစ်ပါးနယ်ချဲ့တို့ထံမှ အရပြန်ယူပေးခဲ့ခြင်းဖြစ်သည်။ သီပေါမင်းလက်ထက်တွင် အပြီးတိုင်ဆုံးရှုံးခဲ့သော တိုင်း၏အချုပ်အခြာအာဏာကို နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက အသက်ပေး၍ စွမ်းစွမ်းတမံပြန်လည်ရယူပေးခဲ့သည်။
ထို့အတူ လုပ်နိုင်ခဲလှသော အမျိုးသားသွေးစည်းညီညွတ်မှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို မည်သည့်ခေတ်ကာလနှင့် မတူအောင် ဗိုလ်ချုပ်အောင်ဆန်းတည်းဟူသောပုဂ္ဂိုလ်က တည်ဆောက်နိုင်ခဲ့သည်။ ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝနှင့် အထက်တန်းကျောင်းသားဘဝအထိ အဖြစ်အပျက်များမှာ လူအများသိပြီးဖြစ်၍ အကျယ်တဝင့် မဖော်ပြတော့ပါ။ ဗိုလ်ချုပ်အောင်ဆန်းတွင် နိုင်ငံရေးနိုးကြားစိတ်များ ပေါ်ထွန်းလာပြီး လွတ်လပ်ရေးအရယူရန် ကြိုးပမ်းမှုများသာ ဖော်ပြသွားပါမည်။
ကိုအောင်ဆန်း ရန်ကုန်တက္ကသိုလ် တက်ရောက်သည့်အချိန်သည် ပထမကျောင်းသားသပိတ်ကြီးဖြစ်ပွားပြီး ဝံသာနုစိတ်များ နိုးကြားတက်ကြွနေချိန်ဖြစ်၏။ သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်နေချိန်လည်းဖြစ်၏။
ကျောင်းသို့ ရောက်လာသော ကိုအောင်ဆန်းသည် စာသင်ချိန်များမှအပ ကျန်အချိန်များတွင် အခန်းတွင်း၌ကုပ်ကာ အတ္ထုပ္ပတ္တိစာပေများ၊ နိုင်ငံရေးကျမ်းများ၊ အတွေးအခေါ်စာအုပ်များ အမြဲလိုလို ဖတ်နေလေ့ရှိသည်။ ထိုအချိန်ကတည်းက ကိုအောင်ဆန်းသည် ကျန်ကျောင်းသားများနှင့်မတူ တစ်မူထူးခြားနေခဲ့သည်။ အတန်းဖော်များနှင့် လမ်း၌ဆုံတွေ့သည့်အခါ လူမှုရေးအရ နှုတ်ဆက်လေ့မရှိ၊ ရှုသိုးသိုးလျှောက်သွားလျှင် လျှောက်သွားတတ်၏။ အများသူငါ ရွှန်းရွှန်းဝေဝေပြောနေချိန်လည်း တုံဏှိဘာဝေတိတ်ဆိတ်နေလေ့ရှိ၏။ အခါများစွာမှာ ငေးငေးတွေးတွေးနေတတ်ပြီး တစ်ခါတစ်ရံ အံကြိတ်၍၊ တစ်ခါတလေ လက်သီးတဆုတ်ဆုတ် တပြင်ပြင်ဖြစ်နေတတ်၍ ရင်းနှီးသူများပင် ပေါင်းရသင်းရခက်သူဟု ယူဆခဲ့ကြသည်။ အမှန်မှာ ထိုအချိန်ကတည်းက ကိုအောင်ဆန်းသည် ဆုံးရှုံးခဲ့ရသော မြန်မာ့လွတ်လပ်ရေး မည်သို့မည်ပုံပြန်လည်အရယူရမည်ကို အကြံထုတ်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူ့မှာ အခြားကျောင်းသားများနှင့်မတူ၊ တစ်မူကွဲလျက်ရှိချေ၏။ သူ၏ လွတ်လပ်ရေး အရယူလိုသောစိတ်သည် သူ့ကြောင့်ပင်ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသားသပိတ်ကြီးပြီးနောက် ပိုမိုပြင်းထန်လာ၏။
ကျောင်းသားသပိတ်ကြီးမှ ဆက်နွှယ်ဖြစ်ပေါ်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ လုပ်ငန်းဆောင်တာများကို အထူးစိတ်ဝင်တစားလုပ်ကိုင်ပြီး ကျောင်းသားထုကို စည်းရုံးနိုင်ခြင်းဖြင့် မြန်မာလူငယ်များကို အလိုအလျောက်စည်းရုံးပြီးဖြစ်မည်။ ထိုလူငယ်များကို စည်းရုံးနိုင်ပါက ဆုံးရှုံးလေပြီးဖြစ်သော လွတ်လပ်ရေးအရ ပြန်ယူနိုင်အောင် အင်အားစုကြီးတစ်ခုမုချရမည်ဟု ယုံကြည်လာပြီး ကျောင်းသားများအရေးကိစ္စကို ရွပ်ရွပ်ချွံချွံလုပ်လေ၏။ ထို့ကြောင့်ပင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ပထမဦးဆုံး အတွင်းရေးမှူးဖြစ်လာသည်။ ထိုစဉ်က သမဂ္ဂလုပ်ဖော်ကိုင်ဖက်များမှာ ကိုနု၊ ကိုရာရှစ်၊ ကိုသိန်းဖေ၊ ကိုအုန်းနှင့် ကိုကျော်ငြိမ်းတို့ဖြစ်ကြသည်။ ၁၉၃၇-၃၈ တွင် ကိုအောင်ဆန်းသည် သမဂ္ဂဥက္ကဋ္ဌဖြစ်လာ၏။
ကိုအောင်ဆန်း သမဂ္ဂဥက္ကဋ္ဌဖြစ်လာချိန်တွင် တက္ကသိုလ်၌ မျိုးချစ်စိတ်နှင့်အသင်းအဖွဲ့များ အလွန်နိုးကြားတက်ကြွနေကြ၏။ ကိုအောင်ဆန်းသည် ထိုသို့ကျောင်းသား နိုင်ငံရေးသာလုပ်ရသည်ကို အားမရတော့၊ တစ်ဖက်၌လည်း တို့ဗမာအစည်းအရုံး၌ သခင်ကိုယ်တော်မှိုင်းနှင့် သခင်ဗစိန်ဂိုဏ်းဟူ၍ အကွဲအပြဲဖြစ်ပေါ်လာရာ သခင်အသင်းကြီး မပျက်စီးရလေအောင်၊ အင်အားချည့်နဲ့ မသွားလေအောင် ကျောင်းသားခေါင်းဆောင်များ အချင်းချင်းတိုင်ပင်၍ ကိုနုနှင့်အတူ တစ်ရက်တည်း အစည်းအရုံးသို့ ဝင်လိုက်ကြ၏။
ထိုသို့ တို့ဗမာအစည်းအရုံးသို့ဝင်လိုက်ခြင်းသည် ကိုအောင်ဆန်းအတွက် စွန့်လွှတ်မှုများစွာ ပေးဆပ်လိုက်ရခြင်းဖြစ်သည်။ တက်လက်စဥပဒေတန်းကို လက်လွှတ်လိုက်ရသည်။ သူမြတ်နိုးသော တက္ကသိုလ်ကျောင်းသားလောကမှ လုံးဝထွက်လိုက်ရသည်။ ပို၍ဆိုးသည့်အချက်ကား လူတစ်လုံး၊ သူတစ်လုံး ကြီးပွားတိုးတက်ရေးအတွက် လုံးလုံးစွန့်ပစ်လိုက်ရခြင်းဖြစ်၏။ တော်ရုံလူအနေဖြင့် ထိုသို့ဆုံးဖြတ်ချက်ချရန် မလွယ်ကူပါ။ သို့ရာတွင် ထိုအလုပ်ကို ကိုအောင်ဆန်းသည် ရဲရဲပင်လုပ်ခဲ့၏။ ရဲရဲပင်စွန့်ခဲ့၏။
တို့ဗမာအစည်းအရုံးဝင်တစ်ဦးဘဝတွင်ကား မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားစွာနေထိုင်ခဲ့ရသည်။ ကျောင်းသားဘဝလို တောက်ပြောင်မှုမျိုးမရှိ။ ဖြစ်သလိုနေ၊ စားကာ နိုင်ငံရေးလုပ်ရ၏။ ထိုနိုင်ငံရေးအလုပ်များမှာလည်း အမြဲလိုလို ထောင်နှုတ်ခမ်းလျှောက်ရသလို လုပ်ကိုင်ရခြင်းဖြစ်၏။ ‘သခင်ပေါက်စထောင် ခြောက်လ’ဆိုသည့် စကားရှိသည် မဟုတ်ပါလော။ သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖြစ်လာချိန်တွင် မြန်မာပြည်ကြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် အမြဲကြံစည်တွေးတောနေပြီး ဖြစ်နိုင်သည့်အချက်များကို အမြဲလိုလိုရှာဖွေနေလေ့ရှိသည်။ မြန်မာပြည်ကြီး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးမှလွဲ၍ အခြားသောစိတ် သူ့မှာမရှိ။ တစ်ချောင်းတည်းသောစိတ်ဖြင့်သာ လွတ်လပ်ရေးအရယူရန် အမြဲကြံစည်လုပ်ကိုင်နေ၏။ စားလည်းသည်စိတ်၊ အိပ်လည်းသည်စိတ်ဖြင့် လွတ်လပ်ရေးသာလျှင် အရူးအမူးဖြစ်နေ၏။
သခင်အောင်ဆန်း လွတ်လပ်ရေးကို မည်မျှအရူးအမူး ဖြစ်ရပါသနည်းဆိုပါလျှင် ၎င်းအိပ်သည့်အိပ်ရာ၊ ဝတ်သည့်အဝတ်အစားတို့သည် အမြဲလိုလို နံစော်ညစ်ပတ်နေလေ့ရှိ၏။ ခြုံသည့်စောင် သည်အတိုင်း ပုံထားခဲ့သလို တစ်နေရာမှ ပြန်လာအိပ်လျှင်လည်း သည်အတိုင်း ဝင်အိပ်လေ့ရှိ၏။ အိပ်ရာမှာ ကြမ်းပိုးများ တင်းကျမ်းပြည့်နေ၍ မည်သူမျှ ယောင်လို့မှမလှဲရဲ။ ကိုယ်တိုင်မှာလည်း နိုင်ငံရေးရွပ်ရွပ်ချွံချွံလုပ်၍ ကျန်အချိန်များတွင် စာဖတ်နေလေ့ရှိ၏။ ဆင်းရဲပြတ်လပ်လိုက်သည်မှာလည်း မပြောနှင့်။ အမြဲလိုလို ထမင်းစားဖို့ရာ ငွေကြေးတစ်ပြားမှမရှိ။ တစ်စုံတစ်ယောက်က လာကျွေးလျှင် ထစားတတ်ပြီး မကျွေးလျှင် ရေသောက်ဗိုက်မှောက်နေခဲ့၏။ သို့ရာတွင် တစ်ကြိမ်တစ်ခါမျှ မညည်းညူခဲ့။ တစ်ခါတစ်ရံ တစ်နေ့လုံးနေ၍ ထမင်းတစ်နပ်မစားရ။ တကယ့်ကို အငတ်ငတ်အပြတ်ပြတ်လုပ်ကိုင်ရ၏။ ထို့ကြောင့်လည်း သခင်လူငယ်များကို လူထုကချစ်လေသည်။
သခင်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှူးဖြစ်လာ၏။ တစ်ဖက်တွင်လည်း ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ အင်္ဂလိပ်တို့သည် သခင်များကို ပိုမိုဖိနှိပ်လာပြီး ဖမ်းဆီးထောင်ချလေသည်။ ဟင်္သာတ ဒေါင့်ကြီးရွာတွင် သခင်အောင်ဆန်း ဟောပြောချက်ကို မနှစ်မြို့၍ ခရိုင်ရဲဝန်ဇေးဗီးယားက ဖမ်းဝရမ်းထုတ်ရာမှအစ သခင်အောင်ဆန်း ရုတ်တရက်ပျောက်သွားပြီး ၁၉၄၁ မတ်လ ၃ ရက်တွင် သွားခေါခေါ၊ နှုတ်ခမ်းမွေးရေးရေး၊ မျက်မှန်တပ်ထားသော တရုတ်ပေါက်ဖော်လိုလူတစ်ဦး တစ်ဖန်ပြန်ပေါ်လာ၏။ ထိုလူကား သခင်အောင်ဆန်းပင်တည်း။ သခင်အောင်ဆန်းသည် ဖမ်းဝရမ်းထုတ်ခံရစဉ်ကတည်းက ရှောင်တိမ်းနေပြီး တရုတ်အကူအညီရရှိရန် တရုတ်ပြည်သို့ထွက်ခွာခဲ့သော်လည်း တရုတ်နှင့် အဆက်အသွယ်မရ။
ဂျပန်နှင့်ရကာ စစ်ပညာသင်ယူစေရန် မြန်မာလူငယ်များအား ပြန်လည်ခေါ်ယူရေး ရုပ်ဖျက်၍ လျှို့ဝှက်ပြန်လာခြင်းဖြစ်သည်။ ထို့နောက် အများသိသည့်အတိုင်း ရဲဘော်သုံးကျိပ်တို့သည် စစ်ပညာသင်ကြားခဲ့ကြပြီး ဂျပန်တပ်များနှင့်အတူ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာကာ အင်္ဂလိပ်တို့အား မောင်းထုတ်ခဲ့ကြသည်။ တစ်ဖန် ဂျပန်ကို တော်လှန်ခဲ့ပြန်သည်။ ထိုအချိန်များအတွင်း နိုင်ငံရေးဖြစ်စဉ်များ လျှင်မြန်စွာဖြစ်ပွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်အပြေးအင်္ဂလိပ်ပြန်အဝင်မှစ၍ နှလုံးရည်ဖြင့်တိုက်ရန် အားထုတ်ခဲ့သည်။ ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်ချိန်ကစ၍ ရရှိခဲ့သော အမျိုးသားသွေးစည်းညီညွတ်မှုကို မပြိုကွဲလေအောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်နိုင်ခဲ့သည်။ တစ်တိုင်းပြည်လုံးကလည်း ‘ဗိုလ်ချုပ်၊ ဗိုလ်ချုပ်’ ဖြစ်နေ၏။
ဖဆပလတပ်ပေါင်းစုကြီးကိုလည်း စနစ်တကျဖွဲ့စည်းနိုင်ခဲ့ပြီ။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးပေးရန် ဗြိတိသျှတို့ထံ တောင်းဆိုလေ၏။ လန်ဒန်သို့သွားရောက်ကာ သမိုင်းဝင် အောင်ဆန်း-အက်တလီစာချုပ် ရေးထိုးနိုင်ခဲ့၏။ လူထုကိုလည်း တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမည်ဟု ကတိပြုထား၏။ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်း (ထိုအချိန်ကတပ်မှထွက်ပြီးဖြစ်) ဦးဆောင်သော ဖဆပလအဖွဲ့ကြီးသည် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒ ၉၅ ဒသမ ၃ ရာခိုင်နှုန်းအထိရရှိကာ အနိုင်ရရှိခဲ့သည်။ ထို့နောက် ၁၉၄၇ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ ထိုသို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့်အချိန်၊ လွတ်လပ်ရေးရရန် လက်တစ်ကမ်းအလိုတွင်မှ ဗိုလ်ချုပ်အပါအဝင် ခေါင်းဆောင်ကြီးများသည် မြန်မာ့သမိုင်း၌ စွန်းထင်းအညစ်နွမ်းဆုံးဖြစ်စေသော လုပ်ကြံမှုကြီးနှင့် ရင်ဆိုင်ခဲ့ရ၏။
ဗိုလ်ချုပ်အောင်ဆန်းသည် သံလိုက်ဓာတ်ပမာရှိသူဖြစ်သည်။ တွေ့သည့်လူတိုင်းကို ကရုဏာသက်စေ၏။ ရိုးသားပြတ်သားသည့် ဗိုလ်ချုပ်၏ စိတ်နေစိတ်ထားကို သိသောလူထုသည် ဗိုလ်ချုပ်ကို မချစ်ဘဲမနေနိုင်၊ မကြည်ညိုဘဲမနေနိုင်၊ မယုံကြည်ဘဲမနေနိုင်။
ထို့ကြောင့်ပင် နှစ်ပေါင်းရာချီ၍ ပျောက်ဆုံးနေသော မြန်မာပြည်သူပြည်သားအပေါင်းတို့၏ ချစ်ခင်ယုံကြည်မှုသည် ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကျမှ တစ်ဖန်ပြန်ပေါ်လာ၏။ သမိုင်းပညာရှင် ဒေါက်တာဂျီ၊ အိတ်ခ်ျ၊လုစ်က ဗိုလ်ချုပ်ကို ‘မြန်မာ့သမိုင်းတွင် ကျန်စစ်သားပြီးလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်နက်မပါဘဲ ပထမဆုံးစွမ်းဆောင်နိုင်သူ’ဟု ဆိုခဲ့သည်။ ကိုယ်ကျိုးမဖက်သော၊ အများအတွက် စွန့်လွှတ်အနစ်နာခံဝံ့သော ဗိုလ်ချုပ်ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဆုပ်ဆုပ်ခဲခဲရခဲ့၏။ ဗိုလ်ချုပ်၏ အထူးခြားဆုံးဂုဏ်အင်မှာ ကိုယ်ကျိုးလုံးဝမကြည့်ခြင်းပင်တည်း။ ထို့ကြောင့် ဗိုလ်ချုပ်သည် လုပ်ကြံမခံရ၍ အသက်မသေပါကလည်း မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမလုပ်တော့ဘဲ စာသာရေးမည်ဟု တွင်တွင်ပြောခဲ့သည်။ ပြောသည့်အတိုင်းလုပ်သည့် ပုဂ္ဂိုလ်ဖြစ်၍ လွတ်လပ်ရေးရပါကလည်း မုချအနားယူမည့်ပုဂ္ဂိုလ်ဖြစ်သည်။ စည်းစိမ်အာဏာဆိုသည်မှာကား ဝေလာဝေး . . . ။
ရှေးမြန်မာမင်းများနှင့် မတူသည့်အချက်မှာ ထိုအချက်ပင်ဖြစ်၏။ အနော်ရထာမှ အလောင်းဘုရားအထိ မင်းများသည် နိုင်ငံတည်ထောင်ရေးအတွက် လုံးပန်းခဲ့သူများဖြစ်ပြီး နိုင်ငံတည်ထောင်ပြီးသည့်အခါ၌လည်း မင်းစည်းစိမ်ကို အပြည့်အ၀စံစားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာကား ဆုံးရှုံးလေပြီးသော မြန်မာ့လွတ်လပ်ရေးကို အရပြန်ယူပေးသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကား နောင်လည်းပေါ်မည်မဟုတ်ပေ။
http://7daydaily.com/story/31494#.VNttyXvdXLV
No comments:
Post a Comment