စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိပ်ပြောင်၊ နောက်ပြောင်လို့ စိတ်ညစ်နေသလား ?



ကျမ ၁၄-၁၅ နှစ်အရွယ်မှာ ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက်၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ ပြည်တည်နာ ကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)

သူ့ခေါင်းတစ်ခုလုံး ပြည်တည်နာတွေနဲ့ ပြည့်နေလို့ ရန်ကုန်ဆေးရုံကြီး အရေပြားဌာနကို သွားပြတော့ ဦးခေါင်းအရည်ခွံ ခွါရမယ်လို့ ပြောလိုက်ပါတယ်။ တကယ်ပြောတာလား၊ စနောက်လိုက်တာလားတော့ မသိပါဘူး။

သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲ သူတို့မိသားစု ကုနေကျ မြန်မာဆေးဆရာနဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့နာမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ ညာဘက်လက်သန်းရဲ့ လက်သဲက ရှည်နေတာမို့ ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကိုသဘောပေါက်လာပါတယ်)။

မြန်မာဆေးဆရာဆိုပေမဲ့ အနောက်တိုင်းဆေးဖိုးထက် ပိုဈေးကြီးပါတယ်။ ဆေးဖေါ်ဖို့ ကျပ် ၅၀၀၊ ဆေးထိုးခ ၅ ကျပ် ပေးရပါတယ်။ (ရွှေဈေး နှစ်ထောင်ကျပ်အချိန်ကပါ)

သူက ဆေးအတွက် ကိုယ်တိုင်တောထဲသွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့ သိရပါတယ်။ အတိုချုံပြောရရင် သူ့ဆေးနဲ့ မောင်ဝမ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွားပါတယ်။ ဒါပေမဲ့ အနာတွေရဲ့နေရာမှာ အနာရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိပဲ ပြောင်လက်နေပါတယ်။

အဲ့ဒါနဲ့သူ့ကိုပြောပြတော့ ကြက်သွန်နီ ကို ထက်ခြမ်း ခြမ်းပြီး ခေါင်းကိုပွတ်ခိုင်းပါတယ်။ မကြာခင်မှာ အံသြလောက်အောင် ဆံပင်တွေ ပေါက်လာလိုက်တာ သူ့အရင်က ဆံပင်ထက် ပိုများတာကို တွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကို ယခုတိုင်မှတ်မိနေပါတယ်။

ဒါကြောင့် ထိပ်ပြောင်၊နောက်ပြောင်သူ၊ ဆံပင်နည်းသူ၊ ဆံပင်ပါးသူတွေကို တွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့
ကျမမောင်ဝမ်းကွဲရဲ့ အနာရောဂါ အခြေအနေကြောင့်လား။ သူများအခြေအနေနဲ့ မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ပါဘူး။

အခု ကြက်သွန်နီအကြောင်းရှာဖတ်တော့ လက်တွေ့စမ်းသပ်မှုတစ်ခုအရ ကြက်သွန်နီအရည် နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးရာ နှစ်လတွင် ဆံပင်များ ပေါက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။

ကြက်သွန်နီရဲ့ အခြားသော ကျန်းမာရေးအကျိုးပြု အစွမ်းသတ္တိများကိုလည်း ဖေါ်ပြလိုက်ပါတယ်။

ကြက်သွန်နီရဲ့ ကျန်းမာရေးအကျိုးပြု အစွမ်းသတ္တိတွေဟာ အလွန်များလှပါတယ်။ သူ့မှာ အစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ဘုရင်လို့ ခေါ်ကြပါတယ်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ဟာ နီးစပ်တဲ့မျိုးများဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊အ၀ါ၊နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုး ရှိပါတယ်။ အရောင်တွေ ကွဲပြားသလို၊ အရွယ်အစားနဲ့အရသာလည်း အမျိုးမျိုးကွဲပြားပါတယ်။

ကြက်သွန်နီမှာပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင် မျက်စိစပ်စေပါတယ်။ အမျိုးအစား၊လတ်ဆပ်မှု၊ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများကွဲပြားပါတယ်

ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus, magnesium, chromium, iron နှင့် fiber တွေများစွာပါဝင်ပါတယ်။

ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကို ရောဂါအမျိုးမျိုး ကုသရာတွင် အသုံးပြုခဲ့တဲ့ မှတ်တမ်းများရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့်အနာကျက်ရန်အတွက် ကြက်သွန်နီအနှစ် (onion paste) ကိုအသုံးပြုခဲ့ကြပါတယ်။

ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။

၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acid တို့ကြောင့် သွေးအားနည်းခြင်းရောဂါကိုသက်သာစေပါတယ်။

၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။

၃။ အရောင်သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင် ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင်အသုံးပြုနိုင်ပါတယ်

၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသောပိုးများ၊အထူးသဖြင့် ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊စမ်းကိုက်ရောဂါပိုး (Salmonella) နဲ့ တီဘီပိုး (TB) တို့ကိုသတ်နိုင်စွမ်းရှိပါတယ်။

၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့် သွေးတိုး ကျစေပါတယ်။ သွေးကြဲစေပါတယ်။ သွေးကြောထဲမှသွေးခဲမှုများကိုလည်းအရည်ပျော်စေပါတယ်။

၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက် အကူပြုပိုးမွှားများအားတိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။

၇။ ၀မ်းချုပ်ခြင်း။ ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကိုသက်သာစေပါတယ်။

၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ်မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။

၉။ နားအူခြင်း၊နားတွင်းအသံမြည်နေခြင်း။ ကြက်သွန်နီရည်ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊နားတွင်းအသံမြည်နေခြင်းတို့ ကိုသက်သာစေပါတယ်။

၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီအရည်(၀ါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးပါက နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။

၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ စေပါတယ်။

၁၂။ အအေးမိခြင်း၊ချွဲကပ်ခြင်း။ ကြက်သွန်နီသည်ခုခံအားကိုလည်းကောင်းမွန်စေပါတယ်။ ကြက်သွန်နီရည်နှင့်ပျားရည်ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည်ပျော်စေပြီး အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။

၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေး ပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။

၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း ခြင်း သတ္တိပိုကောင်းပါတယ်။

သတိထားရန် အချက်များ။

ကြက်သွန်နီကို လေသလပ်သည့် အခန်း အပူချိန်၊နေရောင်တိုက်ရိုက် မရသောနေရာတွင် သိမ်းဆည်း နိုင်ပါတယ်။

အာလူးများနဲ့အတူတူ ထားပါက အာလူးမှ အစိုဓါတ်နဲ့ ethylene ဓါတ်ကြောင့် ကြက်သွန်နီများ ပုပ်လွယ်ပါတယ်။

လှီးထားသော ကြက်သွန်နီများအား လေလုံသောနေရာတွင် ၁ -၂ ရက်ခန့် သိမ်ထား နိုင်ပါတယ်။ လေမလုံပါက ပိုးမွှားအန္တရာယ်ရှိပါတယ်။
ကြက်သွန်နီလှီးစဉ် မျက်စိမစပ်အောင် ကြက်သွန်နီများကို မလှီးခင် တစ်နာရီခန့် အအေးခံထားခြင်း(၀ါ) ရေတွင် စိမ်ပြီး အခွံနွှာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

မြတ်ပန်းရဂုံ
ကျမ်းကိုး ။ ။ http://juicing-for-health.com/

Credit to သင့်အတွက်ကျန်းမာရေး


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.2317417836

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...