စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စကားပြော ကောင်းအောင် ဘယ်လို လုပ်မလဲ”


 

တစ်ခါက အခန်းတစ်ခန်းထဲမှာ အတူနေကြတဲ့ အခန်းဖော်ဦးဇင်းနှစ်ပါးရှိပါတယ်။
တစ်နေ့ မိုးတွေရွာတော့ တစ်ပါးက ရှေ့မျက်နှာစာကတံခါးကိုပိတ်လိုက်ပါတယ်။
အဲဒီအချိန် ကျန်တဲ့အခန်းဖော်က အပြင်ကပြန်ရောက်လာပါတယ်။
ရောက်လာတယ်ဆိုရင်ပဲ ပိတ်ထားတဲ့အခန်းတံခါးကို ဖွင့်လိုက်ပါတယ်။

ဒါကိုမြင်တဲ့အခန်းထဲကျန်နေတဲ့ တစ်ပါးက
“ဘာလို့ တံခါးဖွင့်လိုက်တာလဲ” လို့မေးတော့ပြန်လာတဲ့ ကိုယ်တော်က “မိုက်လို့ ကိုယ်တော်”
အဲဒီလိုဖြေလိုက်တယ်ဆိုရင်ပဲ အခန်းထဲကျန်နေတဲ့ကိုယ်တော်က
ဒေါသတွေထွက်ပြီး “မင်းက ဘယ်လောက်မိုက်လို့ ဖွင့်တာလဲ”
ဆိုပြီး တစ်ပါးနဲ့တစ်ပါး ခိုက်ရန်စကားများပါ တော့တယ်။

ဒါနဲ့ ဘေးမှာရှိတဲ့ အခန်းကကိုယ်တော်တွေက
အကျိုးအကြောင်းမေးပြီး ဖြေရှင်းပြရပါတော့တယ်။ ဒီနေရာမှာ သူပြောလိုတာက “မိုက်တယ်”ဆိုတာ “မှောင်မိုက်တာ”ကိုပြောတာပါ၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ချင်လို့
မိုက်တဲ့မိုက်ခြင်းမျိုးကိုဆိုလိုတာမဟုတ်ပါဘူးလို့ရှင်းပြမှ အချင်းချင်းပြန် အဆင်ပြေသွားပါတော့တယ်။

ဒါက စကားပြောရာမှာ အမှတ်မထင်ပဲ ပြဿနာဖြစ်ကြတော့မယ့်
အခြေအနေကို ဆိုက်ရောက်သွားတဲ့ စာရေးသူကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ၊
စာရေးသူရော ၊စာဖတ်သူပါ နေ့စဉ်နေ့တိုင်းပြောနေကြပေမဲ့ အပြောမတတ်တာကလည်း ဒီစကားပြောခြင်းအတတ်ပညာပါ။နေ့စဉ်နေ့တိုင်း ရေးနေပေမဲ့ အရေးမတတ်တာကလည်း
စာရေးခြင်းအတတ်ပညာပါ၊

■တစ်ခါတစ်ခါ “အွန်လိုင်း” မှာ ပိုလို့ကြုံရတတ်ပါတယ်။
■ကော်နက်ရှင်ကြောင့်ရယ်၊
■အချိန်အခါ အခြေနေကြောင့်ရယ်၊
စကားပြောရတာ၊ စာရေးရတာတွေဟာ တစ်ယောက်နဲ့တစ်ယောက် သံယသဝင်စရာတွေ၊
အထင်လွှဲစရာတွေကြုံတတ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ ၊စာရေးတဲ့အခါ ၊
အတတ်နိုင်ဆုံး သတိလေးနဲ့ ဂရုစိုက်ရေးတာ၊ ပြောတာအကောင်းဆုံးပေါ့။
 
ပြောတဲ့သူကသာအမှုမဲ့ ၊ အမှတ်မဲ့ပြောလိုက်ပေမဲ့ ၊
ခံရတဲ့သူက အရမ်းနာကြည်းတာမျိုးဖြစ်တတ်ပါတယ်။တကယ်လို့ သူနာကြည်းတာသိသွားရင်တော့
ကိုယ်လုပ်တဲ့အမှားအတွက် ပြန်တောင်းပန်တာဟာ ကောင်းတဲ့ သူတော်ကောင်းတွေရဲ့ လုပ်ရပ်ဖြစ်တာမို့
ပြန်တောင်းပန်လိုက်ပါ၊ တောင်းပန်ခံရတဲ့သူကလည်း
ခွင့်လွှတ်တာ ဟာသူတော်ကောင်းတွေရဲ့ အလေ့အကျင့်တစ်ခုမို့
ခွင့်လွှတ်ပေးဖို့ ကြိုးစားကြည့်စေချင်ပါတယ်။

စကားကောင်းပြောတာ ချိုချိုသာသာပြောတာကို လူတွေမပြောနဲ့ ၊တိရိစ္ဆာန်တွေ တောင်ကြိုက်ကြပါတယ်။
တစ်ခါကပုဏ္ဏားကြီးတစ်ယောက်မှာ နွားလေးတစ်ကောင် မွေးထားပါတယ်။ နွားလေးကို ငယ်ငယ်ကတည်းကမြက်သာမကပဲ အကောင်းစား အစားအစာတွေပါ ကျွေးမွေးပါတယ်။
ဒါကြောင့် နွားလေးဟာ အရမ်းကိုသန်မာလာပါတယ်။
တခြားနွားတွေထက်ကို သူက ပိုကြည့်ကောင်းပါတယ်။ဒီနွားလေးဟာ လှည်းပေါင်းတစ်ရာကို အသာလေးဆွဲနိုင်ပါတယ်။တစ်နေ့ ဒီနွားလေးအကြောင်းကို သူ့ပိုင်ရှင်ပုဏ္ဏားက
သူဌေးတစ်ယောက်ကိုကြွားပါတယ်။သူဌေးကလဲ အဲဒီလိုဆွဲနိုင် တယ်ဆိုတာ မယုံတာနဲ့ ငွေတစ်ထောင်လောင်းကြေးထပ်ကြပါတယ်။
 
လောင်းကြမဲ့နေ့မှာ နွားကလေးကို ကျောက်စရစ်တွေအပြည့်တင်ထားတဲ့ လှည်းတစ်ရာ မှာကလိုက်ပါတယ်။ပြီးတာနဲ့ ပုဏ္ဏားကြီးက “ရုန်းလိုက်စမ်း ကောက်ကျစ်တဲ့ကောင်ကြီး၊
ကြိတ်လိုက်စမ်း ဟကောင်ကြီး”လို့ ပြောပြောပြီး
နွားကလေးကိုကြိမ်နဲ့ရိုက်ရုန်းခိုင်းပါတယ်

အဲဒီလိုပြောတော့ နွားလေးကလဲ ခြေလေးချောင်းလုံး တချောင်းမှမရွေ့ဘဲ ပေနေပါတယ်။
ဒါကြောင့် ပုဏ္ဏားလဲငွေတစ်ထောင်လောင်းကြေးရှုံးပါတယ်။
ပုဏ္ဏားလဲ ငွေတစ်ထောင် ရှုံးတော့
အိမ်ပြန်ရောက်ကတဲက မှိုင်နေပါတယ်။ဒါနဲ့နွားလေးကသွားပြီး“ဘာလို့မှိုင်နေ တာလဲ”လို့မေးပါတယ်။
အဲဒီမှာပုဏ္ဏားက ငွေတစ်ထောင်ရှုံးလို့ပေါ့လို့ပြောတော့ ၊ဒါဆိုရင် ဒီတစ်ကြိမ်ထပ်ပြိုင်ပါ၊ သခင်နိုင်စေရပါမယ်။ဒီတစ်ခါ နှစ်ထောင်ကြေးလောင်း ကြေးထပ်ပါ။
နောက်ပြီးကျွန်တော်ကိုလဲ “မကောက်ကျစ်ပဲနဲ့ ကောက်ကျစ်တဲ့ကောင်ကြီး” စတဲ့စကားလုံးရိုင်းရိုင်းတေ
မပြောပါနဲ့လို့ ပြောပါတယ်၊ ဒီလိုနွားလေးက အကြံပေးတာနဲ့ နောက်တစ်ခါငွေနှစ်ထောင်ကြေးလောင်းကြေးထပ်ပြီး သူဌေးနဲ့ ထပ်ပြိုင်ကြပါတယ်။

ဒီကြိမ်မှာတော့ ပုဏ္ဏားက သူနွားလေးကို“ဖေ့သားကြီး ရုန်းလိုက်စမ်းကွ”လို့ ပြောပြီး ရုန်းခိုင်းလိုက်တာ၊
ကျောက်စရစ်ခဲတွေတင်ထားတဲ့ လှည်း တစ်ရာကို အသာလေး
ဆွဲပြီး ရုန်းလိုက်ပါတော့တယ်၊ ဒါကြောင့် ပုဏ္ဏားကြီးလဲ ငွေနှစ်ထောင်နိုင်သွားပါတယ်

ဒီဇာတ်လမ်းလေးမှာပြောရရင်တော့ စကားအပြောမတတ်လို့ စကားလုံးအရိုင်း အစိုင်းတွေသုံးလို့ ငွေတစ်ထောင်ရှုံးခဲ့ရပေမဲ့ချိုချိုသာသာပြောလိုက်တဲ့အတွက် နှစ်ထောင်တောင်နိုင်ပါတယ်။
 
ပြောချင်တာကတော့ အသိဥာဏ်ရှိတဲ့ လူမပြောနဲ့ ၊
အသိဥာဏ်နဲတဲ့နွားတောင် စကားလုံးချိုချိုသာသာနဲ့ ခိုင်းတာသဘောကျပါတယ်။
ဒါကြောင့် ကိုယ်အိမ်မှာခိုင်းတဲ့ “အလုပ်သမားတို့ ၊စာရင်းငှား” တို့ကိုလဲ
စကားလုံးချိုချိုသာသာနဲ့ ခိုင်းမယ်ဆိုရင် ပိုပြီးခရီးရောက်အဆင်ပြေနိုင်ပါတယ်၊
 
နောက်တစ်ခါ စကားပြောဆိုတာနဲ့ပတ်သက်ပြီး စကားခြောက်ခွန်းဆိုတာရှိပါ သေးတယ်။
အဲဒါတွေက

(၁) ဟုတ်လဲဟုတ်မဟုတ် မှန်လဲမမှန်၊ သူတစ်ပါးလည်းနားထောင်လို့မကောင်း၊ အကျိုးမရှိတဲ့စကား၊
 
(၂) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးနားထောင်လို့မကောင်း၊ အကျိုးမရှိတဲ့စကား၊
 
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးနားထောင်လို့ကောင်းတဲ့ စကား ၊
 
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်းနားထောင်လို့ကာင်း၏၊ အကျိုးမရှိတဲ့ စကား၊
 
(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနားထောင်လို့ မကောင်းတဲ့စကား၊
 
(၆) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနားထောင်လို့ ကောင်းတဲ့ စကား။

အဲဒီလို စကားပြောဆိုတာနဲ့ပတ်သက်ပြီး စကားခြောက်ခွန်းရယ်
လို့ရှိရာမှာ နောက်ဆုံး ငါးနဲ့ခြောက်ကိုပဲပြောဆိုပါတဲ့ ။ရှေ့ကစကားတွေကို အကျိုးမရှိတဲ့အတွက် မပြောဆိုပါနဲ့တဲ့ ။မြတ်စွာဘုရားကတော့ လေးခွန်းကိုပယ်တော်မူပြီး နောက်နှစ်ခွန်းကို သာပြောတော်မူပါသတဲ့၊

စာဖတ်သူများရော စကားတွေပြောနေလိုက်ကြတာ နေ့တိုင်းပါပဲ။
ကဲခု စကား ပြောဆိုရမဲ့နည်းလေးတွေ ၊ ပြောရမဲ့စကားလုံးအမျိုးအစားလေးတွေသိသွားပြီဆိုတော့ ဘယ်လိုများပြောကြမှာပါလဲ၊ အကောင်းဆုံးကတော့ တစ်ယောက်စကား
တစ်ယောက်နားမှာ မခါးရအောင်သတိလေးဆောင် ပြောကြားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ။

-【ရွှေမန်းသား ( အရွင္အကုၤရ)】သာသနတကၠသီလာဓမၼာစရိယ၊

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...