စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေမှာ ဘာကြောင့် မျက်ခုံးမွေးရှိရသလဲ



     မျက်ခုံးမွေးဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ “ခုံးမျက်စ သုံးရက်လ” ဆိုသလို လှပတဲ့ မျက်ခုံးမွေးဟာ ရုပ်ရည်ကို ပိုပြီးလှပအောင် အထောက်အပံ့ ပေးပါတယ်။

         ဒါကြောင့်လည်း မိန်းကလေးတွေဟာ မျက်နှာမှာ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီ ဆိုးသလို မျက်ခုံးမွေးကိုလည်း တသသနဲ့ အသေးစိတ် ပုံဖော်လေ့ ရှိကြပါတယ်။ ဒါ့အပြင် မျက်ခုံးမွေးဟာ မျက်နှာအမူအရာကိုလည်း ဖော်ပြလေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ မျက်ခုံးမွေး ပင့်တက်နေသလား၊ ကျနေသလား ဆိုတာကိုကြည့်ပြီး ဒီလူ အံ့အားသင့်နေသလား၊ စိတ်ရှုပ်ထွေးနေသလား စသဖြင့် အတွင်းစိတ်ကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ မျက်ခုံးမွေးဟာ အလှအပ၊ မျက်နှာအမူအရာ၊ မျက်နှာသွင်ပြင်အတွက် အရေးကြီးတဲ့အပြင် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တစ်ခုကိုလည်း လုပ်ဆောင်ပေးနေပါတယ်။

           ဒါကြောင့်လည်း ရှေးခေတ်လူသားကနေ
တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ တိုးတက်လာရာမှ ခန္ဓာကိုယ်က အမွေးထူ အတော်များများ မရှိတော့ပေမယ့် မျက်ခုံးမွေးကတော့ ကျန်ရစ်နေတာပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကတော့ မျက်လုံးထဲကို မလိုအပ်တဲ့ ချွေးတွေ၊ မိုးရေတွေ မဝင်ရောက်စေအောင် ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ ခုံးနေတဲ့ မျက်ခုံးမွေးသဏ္ဌာန်က ခေါင်းပေါ်၊ နဖူးပေါ်က ကျလာတဲ့ ချွေးတွေကို မျက်လုံးထဲ မဝင်စေဘဲ မျက်နှာတစ်ဖက်တစ်ချက်စီကို ရောက်အောင် လမ်းကြောင်း လွှဲပေးလေ့ ရှိပါတယ်။ ဒါကြောင့် ချွေးအရမ်းထွက်နေချိန်မှာပဲဖြစ်ဖြစ်၊ မိုးရေထဲမှာပဲဖြစ်ဖြစ် အမြင်အာရုံ ကြည်လင်စေအောင် အထောက်အပံ့ ပေးပါတယ်။

          မျက်ခုံးမွေးမရှိရင် ဒီလို အခြေအနေမျိုးမှာ အတော် ဒုက္ခရောက်ရပါလိမ့်မယ်။ နောက်ပြီး ချွေးတွေထဲမှာပါတဲ့ ဆားတွေက မျက်လုံးကို ယားယံစေနိုင်တာကြောင့် မျက်လုံးထဲ ချွေးမဝင်စေအောင် ကာကွယ်ပေးတာက မျက်ခုံးမွေးရဲ့ အားသာချက်တစ်ခုပါပဲ။ သိပ္ပံပညာရှင်တို့ရဲ့ ယူဆချက်အရ ရှေးလူသားတွေကနေ ခုခေတ်လူသားတွေအဖြစ် အဆင့်ဆင့် ပြောင်းလဲလာရာမှာ အကယ်၍ ကျွန်မတို့ လူသားတွေမှာ မျက်ခုံးမွေး မရှိခဲ့ရင်တောင်မှ မျက်လုံးတွေကို ချွေးတွေ၊ မိုးရေတွေကနေ ကာကွယ်ဖို့ တစ်ခုခုတော့ ရှိလာလိမ့်မယ်လို့ သိရပါတယ်။ မျက်တောင်မွေးတွေ အဆမတန် ရှည်နေတာပဲဖြစ်ဖြစ်၊ နဖူးတွေ မောက်နေတာပဲဖြစ်ဖြစ် မျက်နှာသွင်ပြင် တစ်ခုခုတော့ ပြောင်းနေမှသာ မျက်လုံးထဲ ချွေးတွေ၊ မိုးရေတွေ မဝင်နိုင်တော့မှာ ဖြစ်ပါတယ်။ 


မူရင်း>>>http://bluenavyblog.blogspot.com/2013/03/blog-post_7.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...