စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကုသိုလ်ဖြစ်ကြောင်း




ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ကုသိုလ်ဖြစ်ကြောင်းတရား (၁၀) ပါးဆိုတာရှိပါတယ်... ပုညကြိယဝတ္ထု (၁၀)ပါး လို့လည်းခေါ်ပါတယ်... အဲ့ဒီ (၁၀)ချက်ကို ပြုလုပ်ပွားများတဲ့သူတွေအတွက် ကောင်းမှုကုသိုလ်အကျိုးတွေ ရရှိနိုင်မှာဖြစ်ပါတယ်... အဲ့ဒီအချက်တွေကတော့...

၁) ဒါန (ပေးကမ်းစွန့်ကြဲခြင်း)
၂) သီလ (အကျင့်မွန်မြတ်ခြင်း)
၃) ဘာဝနာ (ကမ္မဌာန်း စီးဖြန်းခြင်း)
၎) ဝေယျာဝစ္စ (ကုသိုလ်နှင့် ပတ်သက်သောအမှုဆောင်ရွက်ခြင်း)
၅) ပတ္တိဒါန (မိမိရသော ကုသိုလ်ကို အမျှပေးဝေခြင်း)
၆) ပတ္တာနုမောဒန (သူတစ်ပါးပေးဝေသောကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ခြင်း)
၇) ဓမ္မဿဝန (ကောင်းမြတ်သောတရားကိုနာယူခြင်း)
၈) ဓမ္မဒေသနာ (ကောင်းမြတ်သောတရားကိုဟောပြောခြင်း)
၉) ဒိဌိဇုကမ္မ (အယူကိုဖြောင့်မတ်စွာယူခြင်း)
၁၀) အပစာယန (အရိုအသေပြုခြင်း)

အဲ့ဒီအချက်တွေအားလုံးကို အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ သုံးခုပါပဲ... ဒါနသဘောမှာ ပတ္ထိဒါန၊ ပတ္တာနုမောဒန တို့ပါဝင်ပါတယ်.... ကိုယ်တိုင်ပေးကမ်းစွန့်ကြဲလှူဒါန်းတာရယ်... မိမိရတဲ့ကုသိုလ်ကို မျှဝေတာရယ်... သူတစ်ပါးပေးဝေတဲ့ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တာရယ်တို့ ဖြစ်ပါတယ်... ကိုယ်တိုင်လှူဒါန်းတာတင်မက လှူဒါန်းလို့ရလာမယ့် ကုသိုလ်ကောင်းကျိုးတွေကိုဝေမျှဖို့လိုပါတယ်... ကိုယ်တိုင်မလှူဒါန်းနိုင်ရင်တောင်မှ သူတစ်ပါးလှူဒါန်းတာကိုကြည့်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်တာဟာလည်း ကုသိုလ်ကောင်းမှုလုပ်တာပါပဲ...

ဝေယျာဝစ္စနဲ့ အပစာယန တို့ကတော့ သီလသဘောထဲမှာ အကျုံးဝင်ပါတယ်... ကိုယ်တိုင်ရဲ့ အကျင့်သီလမွန်မြတ်ဖို့လိုသလို ကုသိုလ်နဲ့ပတ်သက်တဲ့ အများကောင်းကျိုးသယ်ပိုးလုပ်ဆောင်တာမျိုး... ထိုက်သင့်တဲ့သူကို ထိုက်သင့်တဲ့အရိုအသေပြုတာမျိုးဟာလည်း ကုသိုလ်ဖြစ်ကြောင်းတရားတွေပါပဲ...

ဘာဝနာသဘောမှာတော့ ဓမ္မဿဝနနဲ့ ဓမ္မဒေသနာ တို့ပါဝင်ပါတယ်... ထိုက်သင့်တဲ့တရားကို ပွားများနှလုံးသွင်း စီးဖြန်းရသလို ကောင်းမြတ်တဲ့တရားတွေကိုလည်း နာယူရပါမယ်... နာယူ ကျင့်ကြံသလို တခြားသူတွေအတွက်လည်း ဟောပြောပေးဖို့လိုပါတယ်... တရားနာတာ တရားစာအုပ်ဖတ်တာ တရားထိုင်တာတွေအပြင် တရားအကြောင်းဆွေးနွေးတာတွေဟာလည်း ကုသိုလ်ဖြစ်ကြောင်းတရားတွေထဲမှာ အကျုံးဝင်ပါတယ်...

ဒိဌိဇုကမ္မဆိုတဲ့အချက်ကတော့ ဒါန၊ သီလ၊ ဘာဝနာ သုံးခုလုံးနဲ့ ဆက်စပ်နေပါတယ်... အယူကိုဖြောင့်မတ်စွာ ထားမှသာလျှင် ပေးကမ်းစွန့်ကြဲတဲ့နေရာမှာဖြစ်ဖြစ်... မွန်မြတ်တဲ့အကျင့်ကိုကျင့်တာ မကောင်းတာကရှောင်တဲ့နေရာမှာပဲဖြစ်ဖြစ်... ကမ္မဌာန်းတရားစီးဖြန်းပွားများရာမှာပဲဖြစ်ဖြစ် တကယ်အကျိုးများထိရောက်နိုင်မှာ ဖြစ်ပါတယ်... အယူဖြောင့်မတ်သူမှသာလျှင် ဒါနအစစ်၊ သီလအစစ်၊ ဘာဝနာအစစ်တွေကို ကွဲကွဲပြားပြားသိမြင်ပြီး ကုသိုလ်ကောင်းမှု အစစ်တွေကို ပြုလုပ်နိုင်ပါလိမ့်မယ်...

ဒီအချက်တွေဟာ လောကီရေးရာအမြင်နဲ့ပဲကြည့်ကြည့် လောကုတ္တရာအမြင်နဲ့ပဲကြည့်ကြည့် မိမိကောင်းကျိုး အများကောင်းကျိုးကိုသယ်ပိုးနေတဲ့ အကြောင်းအချက်တွေပဲဖြစ်ပါတယ်... သူတစ်ပါးကိုပေးကမ်းစွန့်ကြဲတာ... မကောင်းမှုမှရှောင်ပြီး ကောင်းတဲ့အကျင့်ကိုကျင့်တာ... ကောင်းမြတ်တဲ့အာရုံကိုပွားများပြီး စိတ်ကိုသန့်ရှင်းအောင်ထားတာ... အများကောင်းကျိုးကိုဆောင်ရွက်တာ... ကိုယ်ကောင်းတာလုပ်သမျှကို တခြားသူတွေကို အသိပေးဝမ်းမြောက်စေတာ... သူတစ်ပါးကောင်းတာလုပ်တာကို ဝမ်းမြောက်ကျေနပ်တာ... ကောင်းတဲ့ တရားတွေဟောတာ... နာတာ... မှန်ကန်တဲ့အမြင်ရှိပြီး ရိုသေထိုက်သူကို ရိုသေတာတွေဖြစ်ပါတယ်...

ဒီအချက်တွေလုပ်လို့ မိမိကော သူတစ်ပါးပါ နစ်နာစရာမရှိဘဲ နှစ်ဦးနှစ်ဖက်ကောင်းကျိုးများသာ ဖြစ်ထွန်းစရာရှိတဲ့အတွက် ကောင်းတဲ့အကျိုးတရားတွေ ရရှိခံစားရမှာအသေချာပါပဲ... ဒါကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ မိမိနေ့စဉ်လုပ်ဆောင်ချက်များကို အခုဖော်ပြထားတဲ့ ကုသိုလ်ဖြစ်ကြောင်းတရားလေးတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ အကျိုးရှိတဲ့ လုပ်ဆောင်ချက်လေးတွေကို နေ့စဉ်နေ့တိုင်းလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုတင်ပြလိုက်ရပါတယ်... စာဖတ်သူများအားလုံး ကောင်းမွန်ငြိမ်းချမ်းတဲ့ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ...


နှိုင်းရင့်နွေ

https://www.facebook.com/photo.php?fbid=435117799919390&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...