စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“တကယ်တမ်း ဘဝနဲ့ လက်တွေ့ကျတဲ့ အတွေးအခေါ်”



ငါ့ကိုချစ်ရဲ့လား..?

တစ်ခြားလူတစ်ယောက်က ချစ်တာမခံရပဲနဲ့ စိတ်ပျော်ရွှင်မှုကို ငါမတွေ့နိုင်ဘူး။ မပျော်နိုင်ဘူး။
ချစ်တာမခံရရင် မပျော်နိုင်ဘူး။ လူတွေဟာ အချစ်ခံချင်ကြတယ်။ လူတိုင်း အနည်းနဲ့အများ အချစ်ခံရရင် ပျော်တယ်။ လူတော်တော်များများဟာ ကိုယ်ကချစ်ဖို့ထက် အချစ်ခံရဖို့ကို ပိုပြီးစိတ်ဝင်စားတယ်။ ငယ်ငယ်က မိဘတွေချစ်တာကို ခံခဲ့ရလို့ ကျန်းမာပျော်ရွှင်တဲ့သူ ဖြစ်လာတယ်။ မိဘချစ်တာမခံရရင် စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် ကြီးလာတဲ့အခါမှာ ကိုယ်ကမေတ္တာပေးနိုင်ဖို့ကို ပိုပြီးဦးစားပေးရမယ်။

သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေမှာ ချစ်တာနဲ့ပတ်သက်ပြီးတော့ လွဲမှားတဲ့အယူအဆတွေ ဆိုပြရိုက်ပြကြတာ များတယ်။ “သူမချစ်ရင် ငါသေမှာပဲ” ဆိုတဲ့အဓိပ္ပါယ် ပေါက်နေတယ်။ သူမရှိရင် ငါ့ဘဝဟာ မပြည့်စုံဘူး။ သူမရှိရင် ငါအသက်ရှင်နေရတာ အဓိပ္ပါယ်မရှိဘူးလို့ ယူဆပြီးတော့ တစ်ခြားတစ်ယောက်ယောက်က ကိုယ့်ဘဝကို ပြည့်စုံသွားအောင် အဓိပ္ပါယ်ရှိသွားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီးစွဲလန်းနေတတ်သူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးဟာ အဆင်မပြေတာပဲ များပါတယ်။ ကိုယ့်ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ရှိအောင် တခြား ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ် လုပ်ယူမှပဲရမယ်။

ကိုယ့်ကိုကိုယ် တစ်ကယ်ချစ်ဖို့၊
ကိုယ့်ကိုကိုယ် အဖက်ဖက်က ကောင်းလာအောင် ပြုစုပျိုးထောင်ဖို့၊
ကိုယ့်အားကိုယ်ကိုးဖို့ လိုတယ်။

ဒါမှ ရင့်ကျက်ခိုင်မာတဲ့စိတ်နဲ့ ချစ်တတ်တဲ့သူ ဖြစ်လာမယ်။ ကိုယ့်အားကို ကိုယ်မကိုးနိုင်တဲ့သူက တခြားတစ်ယောက်ကို ချစ်တယ်ဆိုတာ အမှန်တော့ သူ့ဘဝရပ်တည်ရေးအတွက် ချစ်တာ၊ သူလိုတာတွေကို ပေးနိုင်မယ်ထင်လို့ ချစ်တာ၊ သူ့အခက်အခဲတွေကို ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပြီး ချစ်တာ။ အဲဒါမျိုးကို မှီခိုတဲ့ အချစ်လို့ခေါ်တယ်။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိတ်ဓါတ်ရင့်ကျက်မှု ပိုရှိလာအောင်၊ အရည်အချင်း ပိုရှိလာအောင် အထောက်အကူပေးတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်မှ စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေး ဖြစ်မယ်။

ကိုယ့်အားကိုယ်မကိုးနိုင်တဲ့သူဟာ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်ဘူး။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။

ကိုယ့်ကိုစစ်မှန်တဲ့မေတ္တာနဲ့ ချစ်တဲ့သူရှိတယ်ဆိုရင် ဝမ်းသာစရာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလိုလူမရှိလည်း ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်ရမယ်။ နေနိုင်ရမယ်။ ဒီအချက်ကို သားတို့ သမီးတို့အရွယ်တွေ သေသေချာချာ သဘောပေါက်စေချင်တယ်။ ဆရာတော်ဦးဇောတိက

(ဆရာတော်ဦးဇောတိက၏ “စိတ်နှလုံးရွှင်လန်းစေဖို့” စာအုပ်မှဖြစ်ပါသည်။ အားလုံးစိတ်နှလုံးအေးချမ်းပါစေလို့ဆန္ဒမွန်ဖြင့်)

နှလုံးသားအာဟာရ

https://www.facebook.com/photo.php?fbid=434894583275045&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...