စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကုသိုလ်အပြစ်များ ကုစားနည်း




   ကျွန်တော်တို့သည် လူငယ်ဘ၀က ခပ်ပေါ့ပေါ့နေခဲ့ကြရင်း သီလမလုံခြုံမှုများ ရှိခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် မိတ်ဆွေကောင်းများ၏ တိုက်တွန်းမှုကြောင့် ဗုဒ္ဓတရားတော်များကို အလေးအနက် နာယူလျက် ရှိသဖြင့်ပြုခဲ့ပြီးသော အကုသိုလ်များကို နောင်တရလျက် ထိတ်လန့်၍လည်း နေကြပါသည်။
ရဟန်းတော်များအတွက် ပြုပြီးသော အပြစ်များကျေစေရန် အာပတ်ဖြေ ကုစားနည်း များကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့သလို လူဝတ်ကြောင်များအတွက် အကုသိုလ်ကုစား နည်းများ ဟောကြားခဲ့ပါက သိရှိပြီး လိုက်နာကျင့်သုံးလိုပါသည်ခင်ဗျား။

         မောင်ငယ်နှင့် သူငယ်ချင်းများ သမ္မပဓာန်လေးပါးတွင် “ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ၀ါယာမော” “ဖြစ်ကုန်ပြီးသော အကုသိုလ်များ (နှင့် အလားတူ မဖြစ်သေးသော အကုသိုလ်များ) ကို ပယ်ခြင်းငှါ အားထုတ်ခြင်း”ဟု ပါရှိရာ ထိုအကြောင်းအရာကို သင်္ဂြီုဟ်ဘာသာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ပြထား၏။
“ဥပ္ပန္နပါပကကို မဂ်ကုသိုလ်၌ရှိသော ၀ီရိယ၏ ပယ်ရှားပုံမှာ ထင်ရှားပြီ၊ လောကီကုသိုလ်များ၏ ပယ်ရှားပုံကား “ငါသည် ပါဏာတိပါတမှုကို ပြုမိချေပြီ၊ ထိုပါဏာတိပါတမှုကား မကောင်းဆိုးဝါးလှ၏။

          ဤပါဏာတိပါတမှုကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စ ဖြစ်နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်၊ ပူပန်မှုကြောင့် ပြုမိတာကိုလည်း မပြုရာရောက်အောင် မတတ်နိုင်” ဤသို့ဆင်ခြင် ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတမှုကို လုံးလုံးဂရုမပြုဘဲ ပယ်စွန့်လိုက်၏၊ နောက်နောင်အခါလည်း ထိုပါဏာတိပါတမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြဉ်၏။ ဤသို့သော နည်းအားဖြင့် အားထုတ်သည် ရှိသော် ဖြစ်ပြီးပါဏာတိပါတအမှုကိုလည်း ပယ်နိုင်၏၊ ဖြစ်ပြီး ပါဏာတိပါတနှင့် အလားတူသော ပါဏာတိပါတ ကိုလည်း ပယ်စွန့်ရာရောက်၏။
ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်၊ ဆက်လက်အားထုတ်လျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။” (သင်္ဂဟ-ဘာဋီ၊ ၅၈၃)

     အထက်ပါ ဆင်ခြင်၍ အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားနည်းမှာ (သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော်၊ ဂါမဏိသံယုတ်၊ သင်္ခဓမသုတ်) ၌ ဘုရားရှင် ဟောတော်မူထားသည့် နည်းပင်ဖြစ်သောကြောင့် ထိုသုတ်ကို အကျဉ်းချုပ်၍ ထုတ်ပြပါမည်။
အခါတစ်ပါး မြတ်စွာဘုရားရှင် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေတော်မူခိုက် နိဂဏ္ဌ၏ တပည့်ဖြစ်သော အသိဗန္ဓက၏သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသိဗန္ဓက၏သား ရွာသူကြီးအား မြတ်စွာဘုရားသည် “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား အဘယ်သို့ တရားဟော သနည်း” ဟု မိန့်တော်မူ၏။

      အရှင်ဘုရား နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရားဟောပါ၏- “အသက်ကို သတ်သူ၊ မပေးသည်ကို ခိုးယူသူ၊ ကာမတို့၌ မှားယွင်းစွာ ကျင့်သူ၊ မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ များသော ထိုထိုကံက ဆောင်သွား၏” ဟု နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရားဟောပါ၏။ (အထက်ပါ နိဂဏ္ဌနာဋပုတ္တ၏ ဟောပြောချက်တွင် ပါဏာတိပါတစသော သီလလေးပါး လွန်ကျူးသူ မှန်သမျှသည် အပါယ်-ငရဲကျ၏-ဟူသော အဆိုနှင့် များသောထိုထိုကံက ဆောင်သွား၏- ဟူသော အဆိုနှစ်ရပ်ကို တွေရမည်ဖြစ်၏။

          အထက်ပါအဆိုနှစ်ရပ်တွင် သူ့အသက်ကို သတ်သူမှန်သမျှ အပါယ်ငရဲကျမည်မှန်လျှင် ‘များသော ထိုထိုကံက ဆောင်သွား၏’ ဟူသော အဆိုသည် မှားရာ၏။ အနည်းငယ်ရှင်းပါမည်။ များသော ထိုထိုကံက ဆောင်သွားသည် (ရေများရေနိုင် မီးများမီနိုင်-ဟူသကဲ့သို့ ကုသိုလ်ကံများလျှင် ကုသိုလ်ကံက သုဂတိသို့ ပို့ဆောင်၍ အကုသိုလ်ကံများလျှင် အကုသိုလ်ကံက ဒုဂ္ဂတိသို့ ပို့ဆောင်သည်) မှန်ပါလျှင် သူ့အသက်သတ်သူမှန်သမျှ အပါယ်ငရဲသို့ မကျနိုင်၊ သူ့အသက်ကို သတ်ပြီးနောက် ကုသိုလ်များပြုထားပါလျှင် ကုသိုလ်ကံက များသည့်အတွက် ‘များသောထိုထိုကံက ဆောင်သွားသောကြောင့်’ သုဂတိသို့သာ ရောက်ရာ၏။
အပါယ်ငရဲသို့ မကျရောက်နိုင်တော့ပေ။

     ဤသို့လျှင် နိဂဏ္ဌ၏ ဟောပြောချက်သည် ရှေ့နောက်မညီဖြစ်နေ၏။ သီလလေးပါး ချိုးဖျက်သူမှန်သမျှ အပါယ်ငရဲကျ၏-ဟူသော ရှေ့စကားကို များသော ထိုထိုကံက ဆောင်သွား၏-ဟူသော နောက်စကား က ချေဖျက်လျက်ရှိ၏။ သီလလေးပါး တစ်ပါးပါးချိုးဖျက်ဖူးသူမှန်သမျှ ငရဲကျရမည်မှန်လျှင် ငရဲမှလွတ်သူဟူ၍ မရှိသလောက်ဖြစ်ရာ၏။ များသောထိုထိုကံက ဆောင်သွားသူမှန်လျှင် ငရဲကျသူဟူ၍ မရှိသလောက်ဖြစ်ရာ၏။)

“များသော ထိုထိုကံက ဆောင်သွား၏” ဟူသော အဆိုကို ရှေးဦးစွာ ချေဖျက်လိုသော ဘုရားရှင်သည် အောက်ပါအတိုင်း ဆက်လက် ဆွေးနွေးမေးမြန်တော်မူ၏။ ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့ လတ္တံ့ ဟု (မိန့်တော်မူ၏)။

    “ရွာသူကြီး ယောက်ျားတစ်ဦးတစ်ယောက်သည် ညဥ့်၌ဖြစ်စေ၊ နေ့၌ ဖြစ်စေ အသက်ကို သတ်တတ်၏၊ သတ်သော အချိန် မသတ်သော အချိန်တို့ကို ထောက်ဆလျှင် အဘယ်အချိန်က များသနည်း။” “အရှင်ဘုရား စင်စစ်သော်ကား အသက်မသတ်သော အချိန်က များပါ၏။” (ခိုးမှုစသည်တို့ကို ဆက်လက်မေးတော်မူ၏။) “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူ ဟူ၍ မဖြစ်တော့လတ္တံ့။” (သူတစ်ပါးအသက်ကို သတ်သောအချိန်အနည်းငယ်အတွင်း၌ အကုသိုလ်ကံ အနည်းငယ် ဖြစ်၏။

         ကျန်မသတ်သောအချိန်များစွာတွင် ကုသိုလ်ကံလည်း များစွာဖြစ်နိုင်သောကြောင့် ကုသိုလ်ကံက များသဖြင့် အပါယ်ငရဲကျသူဟူ၍ ရှိနိုင်တော့မည်မဟုတ်။ ဆက်လက်၍ သီလလေးပါးကို ချိုးဖျက်သူမှန်သမျှ အပါယ်ငရဲ ကျ၏-ဟူသော အဆို၏ အပြစ်ကို ဆက်လက်ပြလိုရကား..) ရွာသူကြီး ဤလောက၌ “အသက် သတ်သူ- မပေးသည်ကို ခိုးယူသူ- ကာမတို့၌
ဖောက်ပြန်စွာ ကျင့်သူ- မမှန်ပြောသူ ဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏” ဟု အချို့သော ဆရာသည် ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ ရွာသူကြီး ထိုဆရာကို ကြည်ညိုသော တပည့်အား ဤသို့အကြံသည် ဖြစ်၏- “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ (မပေးသည်ကို ငါ ခိုးယူမိ၏၊ ကာမတို့၌ ငါ မှားယွင်းစွာ ကျင့်မိ၏၊ မမှန်သည်ကို ငါပြောမိ၏။)

      ငါသည်လည်း အပါယ်ကျမည့်သူ ငရဲကျမည့်သူ ဖြစ်၏” ဟု အယူမှားကို ရ၏။” “ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ၀န်ထုပ်ကို ပစ်ချအပ် သကဲ့သို့ ဤအတူ ငရဲ၌ ကျရာ၏။ (ဆက်လက်၍ မိမိ၏ ၀ါဒ နှင့် အကျိုးတရားကို ဖော်ပြလိုရကား…) “ရွာသူကြီး ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊

       ထိုမြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အသက်သတ်ခြင်း (စသည်တို့)ကို ကဲ့ရဲ့တော်မူ၏၊
အထူးကဲ့ရဲ့တော်မူ၏၊ “အသက်သတ်ခြင်း(စသည်)မှ ရှောင်ကြလော့” ဟုလည်း ဟောတော်မူ၏။” “ရွာသူကြီး ထိုဆရာ၌ အလွန်ကြည်ညိုသော တပည့်သည် ဤသို့ ဆင်ခြင်၏– “မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အသက်သတ်ခြင်းကိုကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “အသက် သတ်ခြင်းမှ ရှောင်ကြလော့” ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ဤမျှ ငါသတ်မိ၏၊

            သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ်” ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက် သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်း အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။” (ခိုးခြင်းစသည်၌လည်း ဤနည်းအတိုင်းသိ)

      အထက်ပါဒေသနာအရ အသက်သတ်ခြင်းစသော မကောင်းမှုတစ်ခုခုကို ပြုမိသောသူသည် နိဂဏ္ဌ၏ တပည့်များကဲ့သို့ ငါတော့ အပါယ်ရောက်ကြောင်း မကောင်းမှုကို ပြုမိပြီ၊ သေရင်တော့ အပါယ်ကျတော့မှာပဲ စိတ်ဆင်းရဲနေရမည်မဟုတ်၊ ထိုသို့ စိတ်ဆင်းရဲကာ နှလုံးမသာမယာဖြစ်နေလျှင် အကုသိုလ်တိုးပွားဖို့သာ ရှိ၏။

ထို့ကြောင့် ပြုခဲ့မိသော အကုသိုလ်အမှုတို့ကို ပြန်ပြောင်းစဉ်းစားကာ ပူပန်မနေပဲ ငါတော့ မကောင်းမှုကို ပြုမိပြီ၊ ဒီတစ်ကြိမ်တော့ ရှိပါစေတော့၊ နောင်အခါ ဒီလိုအမှုမျိုးမပြုဖြစ်အောင် ရှောင်ကြဉ်မည်-ဟု မိမိစိတ်ကိုပိုင်းဖြတ်ကာ ထိုကဲ့သို့သော မကောင်းမှုများ မပြုဖြစ်အောင် ရှောင်ကြဉ်ရမည်ဖြစ်၏။ ဤမျှဖြင့် အကုသိုလ်အပြစ်များ ကုစားသည့်နည်းကို သိရှိလောက်ပြီထင်ပါသည်၊ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲစော်ကားမိသော အကုသိုလ်အပြစ်မျိုး၊ ကျေးဇူရှင် မိဘ၊ ဆရာသမားတို့အား ကံသုံးပါးတို့ဖြင့်ပြစ်မှားစော်ကားမိသည့် အကုသိုလ်အပြစ်မျိုး တို့ကား တောင်းပန် ကန်တော့ ခြင်းဖြင့် ပျောက် ကင်းနိုင်ပါ၏။

 ဆေးကုရာတွင် ရောဂါအလိုက် ပျောက်သည့်ရောဂါရှိသလို၊မပျောက်သည့်ရောဂါလည်း
ရှိပေ လိမ့်မည်၊ သို့ရာတွင် ကုသလိုက်သည့်အတွက် အချို့ရောဂါများ မပျောက်သည့်တိုင် သက်သာရာတော့ ရပေလိမ့်မည်၊ မိခင်ရင်းကို သတ်မိခြင်းစသော ကံကြီးငါးမျိုးနှင့် ကံကို ပယ်ခြင်းစသော နိယတမိစ္ဆာဒိဋ္ဌိသုံးမျိုး-ဟူသော အကုသိုလ်ကံကြီးများကား ကုစား၍ မရသော ကံကြီးများ ဖြစ်၏။ ကျန်အကုသိုလ် ကံတို့ကား မပျောက်ကင်းနိုင် ကုစား၍ မရနိုင်သည့် အပြစ်များ မဟုတ်သဖြင့် ကြိုးစားကာ ကုစားကြရ မည်ဖြစ်ပါသည်။

အရှင်ကောဝိဒ (ယော)

http://www.myatpanyagon.com မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2091141&x

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...