စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာမှာ ငါဘာလေ့လာရမလဲ


...............................................

ငယ်ငယ်တုန်းကပေါ့။ ကျနော်ဆိုရင် ဖတ်စရာ စာအုပ်တစ်အုပ်ဝယ်ဖြစ်တဲ့အခါ ဒီစာအုပ်အသား ဘာနဲ့လုပ်ထားလဲဆိုတာ သိအောင် အသားကို သေချာပွတ်ကြည့်မိတယ်။ စာအုပ်သား ထူပြီး ဖြူနေရင် ဒါဝါးသားကောင်းကောင်းနဲ့ လုပ်တာ ဖြစ်ရမယ်လို့ မှတ်ချက်ချမိတယ်။

ထုတ်ဝေတဲ့ ခုနှစ်ကို ကြည့်မိတယ်။ ဒါက ဘယ်နှစ်ထုတ်လဲပေါ့။ ၁၉၉၅ လို့သိလိုက်ရရင် ၁၉၉၅ ခုနှစ်က ဒီလိုစာအုပ်တွေ ရှိနေပါလား၊ ၉၅ ဆိုတော့ ငါမမွေးခင် ဘယ်နှစ်နှစ်လဲ အစရှိသဖြင့် လိုက်တွေးနေမိတယ်။ နောက် အဖုံးမှာ ဆွဲထားတဲ့ ပုံလေးလှရင် ဒါ ဘယ်နိုင်ငံက အနုပညာ လက်ရာ ဖြစ်ရမယ်။ စာအုပ် မျက်နှာဖုံးက စာလုံး ကာလာရောင်နဲ့ စတိုင်ကို ကြည့်ပြီး ဒီစတိုင်က လှတယ်။ ဒီ font style ကတော့ ဒိတ်အောက်နေပြီ အစရှိသဖြင့်ပေါ့။ ၁၉၉၅ ခုနှစ်က မြန်မာ သုံးတဲ့ Myanmar font တွေ ပုံစံကို ကျနော်မြင်ရတာ ပုံစံတစ်မျိုးပေါက်နေတယ်လေ။ စာမျက်နှာ နောက်ဆုံးကို ကြည့်မိလိုက်တယ်။ အဆုံးကိုတော့မဖတ်သေးဘူး။ အရသာပျက်မှာစိုးလို့၊ နောက်ဆံးမှာ ပုံတွေများလည့်မလားပေါ့။

ပြီးရင်စာအုပ်စစချင်းက အမှာစာမှာ ရေးတဲ့သူရဲ့  အာဘော်ကို သုံးလေးကြောင်းလောက် ဖတ်မိတယ်။ စာအရေးလား၊ စကားအရေးလား။ သူတို့ခေတ်အရေးအသားတွေက ဒီခေတ်မှာ အမြင်ဆန်းတယ်လေ။ သည်၏ သုံးပုံတွေခြားနားတယ်။ လတ္တံ့ ဆိုတာမျိုးတွေ သုံးကြတာ လေ့လာမိတယ်။

ကဲအားလုံး ခြေစ ခေါင်းဆုံး ကြည့်ပြီး စာဖတ်တော့မယ်ဆိုတော့ အချိန်ကြည့်လိုက်တော့ တစ်နာရီ ကုန်လို့ကုန်မှန်းမသိ သိလိုက်ရတယ်။ တော်သေးတာပေါ့။ စာအုပ်က ကိုယ်အပိုင်ဝယ်ထားတဲ့ စာအုပ်မို့။ စာကြည့်တိုက်မှာ ထိုင်ဖတ်နေရင် အချိန်က နှမြောစရာ။ အားလုံး ပြီးတော့မှ စာအုပ်ဖတ်ဖြစ်လိုက်တယ်။ ဒါတောင်ဖတ်ရင်း အာရုံစိုက်ရ မျက်စိငြောင်းလို့ နားလိုက်ဖတ်လိုက်နဲ့ တော်တော်နဲ့ ခရီးမရောက်ဘူး။ စာကို တစ်ကြောင်းချင်းစီ စာလုံးအခွဲ ဆိုလို့ရင်းကို စေ့စေ့ပေါက်ပေါက်သိချင်တဲ့ ဝါသနာကလည်း ထုံတော့ တစ်ပတ်တောင်ကြာသွားပါတယ်။

ဆိုလိုရင်းက ဒီလိုပါ။

ကျနော်တို့ လူ့ဘဝသက်တမ်းက အသက် ၈၀။ ကျနော်ကတော့ ၅၀ ကျော်လောက်နဲ့ တွက်ထားတာ။ ဒီလောက်နည်းတဲ့အချိန်ကာလအတွင်း ဘဝမှာ ဘာတွေ လုပ်ရမလဲ။ များသယောင် ထင်ရတဲ့အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်လို့ကုန်မှန်းမသိ ကုန်သွားတယ်။

ယနေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အချိန်ကုန်လို့ကုန်မှန်းမသိ ကုန်နေတာ သိသူ နည်းပါလိမ့်မယ်။ ဟုတ်တယ်လေ။ ပုဂံခေတ်က ဘုန်းကြီး အရည်းကြီးလား၊ ဘာသာခြားလား၊ စင်္ကြဝဌာ ရဲ့အလွန်မှာ ဘာရှိလဲ။ ဘုရားက တရားကို ဘယ်ခေတ်စကားနဲ့ ဟောသလဲ။ ဘယ်ခေတ်က ဗုဒ္ဓ နဲ့ ဘုရား အဓိပ္ပါယ်ကွာခြားချက်က ဘယ်လိုလဲ။ ဒီလိုနဲ့ မေးခွန်းပေါင်းများစွာနဲ့ အလုပ်ရှုပ်ခေါင်းရှုပ် နေကြတယ်။ ကျနော်လည်း ခေါင်းအရှုပ်ခံခဲ့ဖူးတယ်။ သူများ ငြင်းခုန်နေတာတွေ အချန်ကုန်ဖတ်ခဲ့ဖူးတယ်။

မြတ်စွာဘုရား ဟောခဲ့ပါတယ်။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာတရားက သစ္စာ လေးပါးတဲ့။ ဗုဒ္ဓဘာသာ ဘာသာရဲ့  ရည်ရွယ်ချက်က သံသရာဝဋ်ဆင်းရဲက ကျွတ်ဖို့လေ။ အခုက ဘာနဲ့ တူလဲဆို ပန်းထိမ်မတတ်ခင် ရွှေခိုးသင်ရသလိုပဲ။ မတတ်သင့်ဘူး၊ မသိသင့်ဘူးလို့မပြောဘူးနော်။ သမိုင်းဆိုတာ လူတွေမှတ်တမ်းတင်လို့ ဖြစ်လာတာ။ ဆက်ပြီးမှ မှတ်တမ်းတင်မယ့်သူ မရှိရင် နောင် အနာဂတ်မှာ သမိုင်းဆိုတော ပျောက်သွားမှာပေါ့။ ဟုတ်ကဲ့။ ဒါဆိုရင် သမိုင်းလေ့လာ ပါတယ်လို့ ခေါင်းစဉ်ပါ။ ဗုဒ္ဓဘာသာမှာ လေ့လာ၊ ကျင့်ကြံ၊ အားထုတ် အလုပ် သုံးမျိုး ရှိပြီး လေ့လာဆိုတဲ့အထဲမှာ နိဗ္ဗာန်ရောက်ကြောင်းတရားပဲ ပါရှိပါတယ်။ သာသနာ နွယ် ဘုရားသားတော်များက သမိုင်းကုန်ပြန်လှန်တယ်ဆိုတာ သာသနာ ဆက်တည်တံ့ဖို့အတွက် ကြိုးပမ်းနေကြခြင်းပါ။ ခုလောကီ လူပုဂ္ဂိုလ်အချို့ က လေ့လာ၊ ကျင့်ကြံ၊ အားထုတ် အလုပ်သုံးမျိုးကို ကျော်လွန်လို့ သမိုင်းမှာ ငြင်းခုန်နေကြပါတယ်။

ရလာတဲ့ ရလဒ်ကတော့ ဟိုဟာမှန်သလို၊ ဒီဟာမှန်သလို နဲ့ နောက်ဆုံး ဘာမှသိပ်မထူးခြားဘူး။ ကျနော် စစချင်းက ပေးခဲ့တဲ့ ဥပမာလိုပေါ့။ အချိန်က နည်းပါတယ်ဆို ငှားလာတဲ့ စာအုပ်တစ်ခုမှာ ခေါင်းစဉ်ကပါ။ စာအုပ်သားက ဘာနဲ့လုပ်တယ်။ စာလုံး စတိုင်က ဘယ်လိုရှိတယ်။ အဲဒါတွေနဲ့ပဲအချိန်ကုန်သွားကြတယ်။

ကျနော်တို့ လူ့သက်တမ်း ၈၀ ကို ၆၀ နဲ့ပဲတွက်ပါ။ နှစ် ၆၀ အတွင်း လောကီမှာ ဆပ်မကုန်တဲ့ ဝဋ်ကြွေးတွေအတွက် အလုပ်လုပ်နေကြတယ်။ ဖြတ်သန်းနေကြတယ်။ ပျော်မွေ့နေကြတယ်။ အဆင်းရဲခံနေကြတယ်။ အစရှိသဖြင့်ပေါ့။ အချိန်တွေပေါနေပါသလား။ ဒီကြားထဲ လောကုတ္တရာ မှာ လေ့လာ၊ကျင့်ကြံ၊အားထုတ်သုံးမျိုးကို Step by step မသွားနိုင်သေးခင် သမိုင်းမှာ ဘယ်လိုရှိတယ်။ တို့သမိုင်းမှာ ဘာတွေရှိတယ်။ ပြဿနာကတော့ ဘာဖြစ်သင့်တယ်။ ညာဖြစ်သင့်တယ်နဲ့ အမျိုးမျိုး တွေးခေါ် အငြင်းပွား နေရင်း အချိန်တွေက အကုန်မြန်သွားပြီ။ စီးနေတဲ့ရေကို တားလို့မရဘူး။ စီးနေတာကို မြင်အောင်ကြည့်ပြီး ကိုယ်တရားရသွာဖို့က ပဓနာ ပါ။ ဒီလိုပဲ မိမိကိုးကွယ်တဲ့ သာသနာ့အဆီအနှစ်ကို သေသေချာချာ မသိရသေးချိန် ဘာနဲ့ထုပ်ပိုးထားတယ်ကို လေ့လာနေရင် အချိန်သွားမယ်လေ။ လောကီ နဲ့ လောကုတ် က လေ့လာပုံချင်းမတူပါဘူး။

လေ့လာချင်စိတ်ပြင်းထန်တာကောင်းပါတယ်။ သို့ပေမယ့် အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ပါ။ အဓိကကို ဦးစားပေးလို့ သာမညကို ဆက်သွားနိုင်ပါတယ်။ သာမညကို ဦးစားပေးရင်း အချိန်တွေ ကုန်တဲ့အခါ ဖတ်လို့မပြီးတဲ့ စာအုပ်အတွက် တစ်ချိန်ကျရင် နောင်တ ရနေမိမှာပါ။
.
အောင်ခမ်း (Myanmar Young Buddhist)

.
http://www.innewsmyanmar.com/2013/06/blog-post_24.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...