စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါရမီ ပါသော်လည်း တရား မရနိုင်သော သူ မဖြစ်ပါစေနှင့်




  ယခုတစ်လော ဓမ္မဆောင်းပါး ဖတ်သူ တချို့တလေ က ဓမ္မရေးရာ ဆွေးနွေး လိုသည်များကို ကျွန်တော့်ထံ နည်းလမ်း အမျိုးမျိုး နှင့်ဆက်သွယ်မေးမြန်းလာကြပါသည်။
(ထိုသို့ သိလိုသည်များအလွယ်တကူ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ကျွန်တော် ဓမ္မဆောင်းပါးများရေးသည့်အခါ အောက်ခြေ၌ကျွန်တော် နှင့်ဆက်သွယ်နိုင်မည့်လိပ်စာ၊ဖုန်း၊E.mail၊များထည့်ထား ရခြင်းပင် ဖြစ်ပါ၏။)

ဓမ္မ နှင့်ပတ်သက်လာလျှင် ကျွန်တော် နိုင်စွမ်းသည့်ဘက်မှ ကူညီနိုင်ဖို့အတွက်ပါ။
ကျန်ခဲ့သည့်ရက်ပိုင်းကမူ-

"မဟာဓန သူဋ္ဌေးသား ခမျာ ပါရမီ ပါလျက်သားနဲ့ တရားမရဘူး လို့ မြတ်စွာဘုရား ဟောကြားခဲ့တာကို ကျွန်တော် ဖြင့် ဘ၀င်မကျနိုင်ပါဘူးဗျာရယ်"ဟူ၍ တရားဆွေးနွေးဖော် ဓမ္မမိတ်ဆွေတစ်ဦး မှ မကျေမချမ်း လေသံဖြင့် ဆိုလှာပါ၏။

သူပြောသည့် "မဟာဓန သူဋ္ဌေးသား" အကြောင်း အကျဉ်းချုပ် ကို "ဓမ္မပဒကထာ" ၌လေ့လာ ဖတ်ကြည့်မိသောအခါ-
"မဟာဓန သူဋ္ဌေးသား" သည်-

၁။သူ့ဘက် မှ ကုဋေ(၈၀)၊မယား ဘက်မှ ကုဋေ(၈၀) ပေါင်း ကုဋေ (၁၆၀) ပိုင်ဆိုင်သော သူဋ္ဌေးကြီး။
၂။ဘုရင်၏ ဘဏ္ဍာရေးအတိုင်ပင်ခံဖြစ်၍ နန်းတော်သို့တစ်နေ့ သုံးကြိမ် သွားရောက်၍ ခ စားရခြင်း။
၃။အရက်သမားတို့၏ စည်းရုံးမှု အရ အရက်သမားဘ၀ သို့ ရောက်၍ ပစ္စည်းဥစ္စာ ကုန်ခမ်းရခြင်း။
၎။ နောက်ဆုံး စားစရာပင် မရှိ၍ ခွက်လက်ဆွဲ ကာ တောင်းစားရခြင်း စသည် အချက်များကို အကြမ်းဖျင်းမှတ်သားရပါသည်ပေါ့။

ထို့ကြောင့်ပင် "ဗုဒ္ဓမြတ်စွာဘုရားရှင်"က-

"အာနန္ဒာ-
ဤ "မဟာဓနသူဋ္ဌေးသား" ကိုကြည့်လော့၊
သူသည် "ပထမ အရွယ်"က ကောင်းသောဥစ္စာ ရှာဖွေရင်းနှီးအံ့။
ဤ ဗာရာဏသီပြည်တွင်" ထိပ်တန်း သူဋ္ဌေးကြီး"ဖြစ်မည်။
အကယ်၍ လူ့ဘောင်ကိုစွန့်ခွာ၍ "ရဟန်းဝတ်" ကာ တရားအားထုတ်ပါက "ရဟန္တာ" ဖြစ်မည်။
"မယား" ကား "အနာဂါနမ်" ဖြစ်မည်။

"ဒုတိယအရွယ်"ကျမှ ရှိသမျှ ပစ္စည်းနှင့်ရင်းနှီးပါက
"ဒုတိယ တန်းစားသူဋ္ဌေး"ဖြစ်မည်။
တရားအားထုတ်ပါက "အနာဂါမ်" ဖြစ်ပြီး "မယား" က "သကဒါဂမ်"ဖြစ်မည်။

"တတိယအရွယ်"ကျမှ သတိတရားရပြီး ကျန်ရှိသမျှ ပစ္စည်းကလေးနှင့် ရင်းနှီးပါက
"တတိယတန်းစားသူဋ္ဌေး" တော့ဖြစ်နိုင်၍
တရားအားထုတ်ပါ က "သကဒါဂါမ်" ဖြစ်ကာ "မယား" က "သောတာပန်" ဖြစ်လိမ့်ဦးမည်။

ဣဒါနိပန=ယခုတော့ကား
ဂီဟိဘောဂတောပိ=လူ့ဥစ္စာစီးပွားချမ်းသာမှလည်း
ပရိဟီနော=ပျက်စီးဆုတ်ယုတ်ပြီး
သာမညတောပိ=ရဟန်းဘ၀ အရဟတ္တဖိုလ် မှလည်း
ပရိဟီနော=ပျက်စီးဆုတ်ယုတ်ပြီး
ပရိဟာယိတွာစ=လောကီဥစ္စာ လူချမ်းသာ၊လောကုတ္တရာချမ်းသာ ရဟန်းတရား တို့မှ ပျက်စီးဆုတ်ယုတ်ပြီးရမှာကား
သုက္ခပလ္လလေ=ရေခြောက်ခမ်းနေသော ရွံ့အိုင်နခမ်း၌
ကောဉ္ဇသကုဏောဝိယ=အတောင်ကျိုးကာ ဘယ်မှ မသွားနိုင်၊မပျံနိုင်သော ကြိုးကြာအိုကြီး ကဲ့သို့
ဇာတော=ဖြစ်၏"

ဟု "အရှင်အာနန္ဒာ"ကိုဟောကြားတော်မူခဲ့ပါကြောင်း ဓမ္မပဒကထာ၌ ပါဝင်ပါ၏။

ဤဖော်ပြချက်အရ "ပါရမီ" ပါ, ပါ လျှက် ဘာကြောင့် တရားမရသည် ကိုမြင်သာလောက်ပေပြီ။

နော့ပေတဲ့ ဒိထက် ရှင်းလင်းအောင်တင်ပြခွင့်ပြုစေချင်ပါသေးသည်။ ဓမ္မမိတ်ဆွေ လည်းသိပြီးဖြစ်ပါလိမ့်မည်။ ဒီလိုပါ။
"ဗုဒ္ဓမြတ်စွာဘုရားရှင်" က "အင်္ဂုတ္တရ ပါဠိတော်၊တိက နိပါတ်"တွင် "လူနာ(၃)မျိုး နှင့်တူသည့် ပုဂ္ဂိုလ် (၃)မျိုး"ကို ဤသို့ဟောကြားဖူးပါ၏။


(၁) အချို့သော လူနာ သည် သင့်လျော်သော ဆေးဝါး၊ဓါတ်စာ၊ သူနာပြုစုမှု ရရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
ထို ရောဂါ မှ မပျောက်သော လူနာ။

ထို "ပထမလူနာ" မျိုး သည်-"ပဒပရမ ပုဂ္ဂိုလ်"မျိုး နှင့်တူပါသည်။"ပရမဒ ပုဂ္ဂိုလ်"သည် ဤဘ၀၊ဤကိုယ် ဖြင့် မည်မျှပင်တရားအလုပ် အားထုတ်ပါသော်လည်း ကျွတ်လွတ်ခွင့် မရှိ။
သို့ရာတွင် ဤသို့ အားထုတ်မှု၏ အကြောင်းခံကြောင့် "အနာဂထေ ပစ္စယော ဘ၀ိဿတိ" အရ "ဒုတိယဘ၀" ဤဘုရားရှင် သာသနာ တွင်မှာပင် ကျွတ်လွတ်နိုင်ပါ၏။
( ပိုမိုသဘောပေါက်လွယ်အောင် သာဓက ပြရမည် ဆိုပါလျှင်-"၀ိမာန ၀တ္ထု" မှ "ဆတ္တမာဏ၀ လုလင်ဝတ္ထု","ဖားနတ်သား ၀တ္ထု" နှင့် "မူလပဏာသ" မှ "သစ္စကပရဗိုဇ်" ,တို့ဖြစ်ပါ၏။)

(၂) အချို့သော လူနာ သည် သင့်လျော်သော ဆေးဝါး၊ဓါတ်စာ၊ သူနာပြုစုမှု ရရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
ထို ရောဂါ မှ ပျောက်ကင်းမည့် လူနာ။

ထို "ဒုတိယသူနာ"မျိုးသည်-ရှေးရှေးဘုရားအဆက်ဆက် အထံတော်တွင် "နိယတဗျာဒိတ်" ရပြီးသော ကျိန်းသေ အကျွတ်တရားရမည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပါသည်။

(၃) အချို့သော လူနာ သည် သင့်လျော်သော ဆေးဝါး၊ဓါတ်စာ၊ သူနာပြုစုမှု ရလျှင် ထို ရောဂါ မှ ပျောက်၏။
သင့်လျော်သော ဆေးဝါး၊ဓါတ်စာ၊ သူနာပြုစုမှု ထို ရောဂါ မှ မပျောက်ပဲ သေမည့် လူနာ။

ထို "တတိယသူနာ"မျိုးသည်-"နေယျ ပုဂ္ဂိုလ်"မျိုး နှင့်တူပါ၏။ထို ပုဂ္ဂိုလ် သည် "ပါရမီ"လည်းပါ၏။
"မဟာသတိပဋ္ဌာန်နည်း"လည်း မှန်၏။ ထို မှန်သည့်အတိုင်း "သမ္မပ္ပဓာန်,လုံ့လ၀ီရိယ" နှင့်အားထုတ်ပါက တရားရပါမည်။


"တရားကို နည်းလမ်းတကျလည်း မလေ့လာ"-"အားထုတ်မှု လုံ့လ၀ီရိယလည်း မရှိ"ပါက ဤဘ၀ကျွတ်မည့်"ပစ္ဆိမဘ၀ိက ပါရမီ" ပါသော်လည်း လုံးဝ တရားမရနိုင်ပါ။
ဤအကြောင်းအရာ နှင့်ပတ်သက်၍လည်း "ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး"က-
"ယခု ကာလ ၌အများတို့ထင်မှတ်နေကြသည်ကား ပါရမီပြည့်လျှင် ဘုရားသာသနာနှင့်မတွေ့ချင်သော်လည်းမနေရ တွေ့ရမည်မုချ။ မကျွတ်ချင်သော်လည်း မနေရ ကျွတ်ရမည် မုချ ဟု ထင်မှတ်နေကြကုန်၏။ နိယာတ၊အနိယာတရှိသည်ကို သတိမမူကြကုန်။

ဤသို့ပြဆိုခဲ့ပြီးသော ပါဠိ၊အဋ္ဌကထာ တို့ကိုလည်းကောင်း၊ မဟာဓနသူဋ္ဌေးသားဝတ္ထုများကိုလည်းကောင်း ၊ထောက်မြော်၍
ကျွတ်ထိုက်သော ပါရမီရှိကြလေကုန်သော်လည်း အနိယတ နေယျ ပုဂ္ဂိုလ်မျိုးတို့မှာ ကျွတ်လောက်အောင် လုံ့လ၀ီရိယထား၍ အားထုတ်ကြကုန်ကြမှသာ ဤဘုရားသာသနာတော်၌ မဂ်ဖိုလ် ကိုရနိုင်ကြရာ၏။

ကျွတ်ထိုက်သော ပါရမီရှိကြပါကုန်သော်လည်း အားထုတ်မှုလုံ့လ၀ီရိယ ယုတ်လျော့၍ နေခဲ့လျှင် ဤ ဘုရားသာသနာတော်၌ မဂ်ဖိုလ် ကို မရကြကုန် ဟူသော သဘောကိုယုံကြည်စွာ သိအပ်၊မှတ်အပ်၏။" ဟု "ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏-ဗောဓိပက္ခိယ ဒီပနီ" တွင် အတိအလင်းရေးထားပါ၏။

စကားမကျန်အောင် ပြောရပါလျှင် "တရားမရစေနိုင်သော အကြောင်းတရား(၂)ပါး"ရှိပါသေးသည်။(မဇ္ဈိမပဏာသ အဋ္ဌကထာ-၇) ဒေသနာတော် အရ ဟုပင်ဆိုရပါမည်ပေါ့။
ထို အကြောင်းတရား(၂)မျိုးမှာ-

"ဗုဒ္ဓမြတ်စွာဘုရားရှင်" ရှေ့မှောက်တော် ၌ တရားနာ နေသူဖြင့်လင့်ကစား

၁။ကိရိယပရိဟာနိယာ (တရားနည်း ခံယူရာ၌ မပြီးမဆုံး ချွတ်ယွင်းမှု)
(ဥပမာ အားဖြင့်- အရှင်သာရိပုတ္တရာ သည် ဓနဉ္စာနိပုဏ္ဏားကြီး အား တရားသွားဟောရာ၌ ပုဏ္ဏားကြီး ခံယူနိုင်သည့် ပရမတ္ထသဘာဝ ကို ဟောညွှန်ပေးလျှင် သောတာပန် ဖြစ်မည်။ ထို အာသယ ကို မဆင်ခြင်မိဘဲ ဗြဟ္မာ ဖြစ်ကြောင်း သမထ မျိုးကိုသာ ဟောမိ၍ သောတာပန် ဖြစ်ခွင့်မရတော့ဘဲ ဗြဟ္မာပြည် သို့ ရောက်သွားရခြင်းမျိုး သည် ကိရိယပရိဟာနိ အပြစ် ဖြစ်သည် ဟု ဆိုနိုင်ပါ၏။)

၂။ ပါပမိတ္တတာယ (မကောင်းသောသူ နှင့် ပေါင်းမိမှု)
(ဥပမာ အားဖြင့်-အဇာတသတ်မင်းသား သည် ပေါင်းမှာသော ဒေ၀ဒတ် ၏စကားကိုနားမထောင်ဘဲ ခမည်းတော် ဗိမ္ဗိသာရမင်းကြီး အား မသတ်လျှင် "သာမညဖလသုတ်"ကို မြတ်စွာဘုရားအထံတော်မှကြားနာရပြီး အဆုံး၌ သောတာပန် ဖြစ်ရမည်ဖြစ်ပါ၏။ယခုမူ-မကောင်းသောမိတ်ဆွေနှင့်ပေါင်းမိ၍အဖ သတ်သောကံ ကိုကျူးလွန်မိသဖြင့် တရားမရသော ပါပမိတ္တတာ အပြစ် ဖြစ်ပါ၏)
ယခု မဟာဓန သူဋ္ဌေးသားသည်လည်း ပါပမိတ္တဟူသော အရက်သမားအပေါင်းအသင်းမှားကာ ဥစ္စာပစ္စည်းကုဋေ(၁၆၀)ကုန်သွားသည့်အပြင် မည်သည့်ပစ္စည်းမျှ မကျန်အောင် အပေါင်းမှား၍ သူတောင်းစား ဖြစ်ခဲ့ရပါ၏။

ဤသည် က နှမြော စရာမကောင်းလှသေးပါ။ တကယ် နှမြောစရာကောင်းလှသည့်ကိစ္စ မှာ-
ဘ၀များစွာ ဒါန၊သီလ စသော ကောင်းမှုအမျိုးမျိုး၊ ၀ဋ်ပြတ်သော ၀ိဝဋမျိုးတို့နှင့် ရင်းနှီးမြုပ်နှံ၍ ပြတ်ပြတ်သားသား ဖြည့်ကျင့်ဆည်းပူးခဲ့ရသည့် ရဟန္တာ ဖြစ်လောက်သည့် ပါရမီ များပင်ဖြစ်ပါသည်။


မိမိ၌အောင်မြင်သော မျိုးစေ့ မည်မျှပင်ရှိနေစေကာမူ ထိုမျိုးစေ့ အပင်ပေါက်ရာပေါက်ကြောင်း မြေ သို့ချခြင်း၊ရေလောင်းခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်း မရှိပါက ပုပ်ဆွေးပျက်စီးသွားမည်ဖြစ်ပါ၏။
ထို့ကြောင့် ပါရမီ လည်းရှိပါမှ။လုံ့လ၀ီရိယလည်း စိုက်ထုတ်၍ လွတ်လို၊ကျွတ်လိုသော ဆန္ဒဖြင့်သာလျှင်လုံ့လမယုတ်၊ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း တင်ပြအပ်ပါ၏။
ထုံးစံအတိုင်း- ကြားဖူးနားဝ စာလေးတစ်ပုဒ် ကို ကျွန်တော့်ဘာသာ ပြန်လည်ပြုပြင်၍ ပြန်ပြောပြရပါဦးမည်။
(မူရင်း ကတော့ အခြားအကြောင်းအရာပါ)


"သဗ္ဗာန်သမား"တစ်ယောက်သည် ကူးတို့ဆိပ် တွင် ခရီးသည် မျှော်နေသည် ဆိုပါစို့။
ခဏအကြာတွင် သားသားနားနားဝတ်စားပြီး လက်ဆွဲအိတ်တစ်လုံးဆွဲထားသော လူတစ်ယောက် ရောက်လာသည်။တစ်ဖက်ကမ်းသို့ ပို့ပေးရန် ငှားရမ်းပါသည်။

သဗ္ဗာန် ထွက်ခွာ စ တွင် ထို "ပုဂ္ဂိုလ်" က မေးပါ၏။

"မင်း အဘိဓမ္မာ တတ်သလား "
"သဗ္ဗာန် သမား" က မျက်နှာငယ်လေးဖြင့်-
" သရဏဂုံ (၃)ပါး ကလွဲရင် ဘာ မှမတတ်ဘူး ခင်ဗျာ"
"ခရီးသည် ပညာရှင်ကြီး" က ခေါင်းကိုယမ်းလိုက်ပြီး-
"အင်းး….ခုလို ၀ိမုတ္တိယုဂ္ဂ ခေတ်မှာ အဘိဓမ္မာ မှ မတတ်ရင် လူဖြစ်ရှုံးတာပဲကွ"
"သဗ္ဗာန်သမားလေး"အတော် အားငယ်သွားရှာပါသည်။
ထို"ပုဂ္ဂိုလ်"က ထပ်မံမေးပြန်ပါသည်။

"မင်း ပဋိစ္စသမုပ္ပါဒ် ရော တတ်သလား"
"သြကာသ ဘုရားရှိခိုးတောင် အနိုင်နိုင်ပါ ခင်ဗျာ"
"အင်းး….မင်းတော့ အတော် သနားစဖွယ်ကောင်းနေရော့ပြီ ကွယ့်"
"ဟုတ်ကဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ရေးတေးတေး ရိပ်မိပါတယ် ခင်ဗျာ"

မြစ်လယ် သို့ ရောက်သောအခါတွင် ကောင်းကင်းတစ်ပြင်လုံး အုံ့မှိုင်းပြီးနီရဲလာသည်ကိုတွေ့ရ၏။
"သဗ္ဗာန်သမား" က-
"မုန်တိုင်း တိုက်တော့မယ် ခင်ဗျ"
"ခရီသည် ပညာရှင်ကြီး" က ထိတ်လန့်တကြားဖြင့်-
"ဒုက္ခပဲ ငါ ရေမကူးတတ်ဘူးကွ၊ ဘယ်လိုလုပ်ကြမလဲ"
"သဗ္ဗာန်သမား"က ကောင်းကင် ကိုမော့ကြည့်ပြီး-
"လေမုန်တိုင်း က အဘိဓမ္မာ နဲ့ ပဋိစ္စသမုပ္ပါဒ် မတတ်တော့လည်း ခက်သားကလား ဗျ" ဟု ရေရွတ်သည်ဆို၏။
တွေးသာ ကြည့်ပါတော့ ခင်ဗျာ။

ရေးသားပြီးစီး။ ။ ၁၃၇၄၅ခုနှစ်၊၊နယုန်လဆုတ်(၄)ရက်၊(၂၇-၆-၂၀၁၃)ရက်နေ့၊ဗုဒ္ဓဟူးနေ့- (နေ့လည် -၁၀း ၄၀)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့် ကလျာဏ မိတ္တ
(ည.ည.တ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...