စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသွင်အပြင်များက စကားပြောသည်



အခြားတစ်ပါးသောနိုင်ငံမှ နိုင်ငံရပ်ခြား တစ်နိုင်ငံသို့ ရောက်ပြီ ဆိုလျှင် မြင်ကွင်းထဲ တန်းဝင်လာသည်မှာ အဆောက်အအုံတို့၏ အသွင်သဏ္ဌန်၊ လမ်းများ၏ သန့်ရှင်း သပ်ရပ်မှု၊ သူတို့နိုင်ငံသားများ၏ အသွင်သဏ္ဌာန်။ ယင်းတို့မှတစ်ဆင့် စီတက်ကြည့်လျှင် များစွာထပ်သိနိုင်သည့် အဆောက်အအုံတို့၏ ဗိသုကာဟန်၊ အမှိုက်သိမ်းနည်းစနစ်၊ လူတို့၏ စည်းကမ်း လိုက်နာမှု၊ ဝတ်စား ဆင်ယင်မှုတို့ကို စောကြောမိမည်။ ရောက်ရောက်ချင်း မြင်ကွင်းတွင် အဆင့်ပေါင်းများစွာ ကျော်လွန် မကြည့်နှင့်ဦး ... နိုင်ငံသားများကို စိတ်ဝင်တစား ကြည့်မိမည်ဆိုလျှင် သူတို့၏ ဝတ်စားဆင်ယင်မှုက ထူးခြားလျှင် ထူးခြားသလို သတိမူမိမည်ပင်။ မြင်ကွင်းထဲတွင် သွားလာ လှုပ်ရှားနေသူများကို တွေ့မြင်ရမည်ကိုး။ ယင်းက သူတို့နိုင်ငံသားများ၏ နေ့စဉ် လူမှုဘဝ အသွင်အပြင်ကို ဖော်ပြသည်။ အငွေ့အသက်ကို စတင်ထိတွေ့မိခြင်း..။

မိမိဒေသ မဟုတ်သည့် နေရပ်စိမ်းတစ်ခုသို့ ရောက်ရှိ သွားချိန်တွင် ထိုနေရာဒေသ မြင်ကွင်းက ရောက်ရှိသွားသူကို ရှုမြင် သုံးသပ်မှု တစ်ခုခု ပေးနိုင်လေ့ ရှိပါသည်။ မိမိနိုင်ငံကို ရောက်လာသူ သူစိမ်း များကရော ဘယ်လို မြင်ကြပါသလဲ။ ကားစီးသွားရင်း လမ်းပေါ်မှ လူများကို သူစိမ်းတို့ နိုင်ငံကို ရောက်နေသလို သဘောထားပြီး ကြည့်မိလျှင် အတော်နီးနီးစပ်စပ် သိမြင်နိုင်ပါသည်။

နိုင်ငံသားများကို ကြည့်လျှင် ပထမဆုံး သတိပြုမိသည်မှာ သူတို့ရုပ်ရည် အသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှု အသွင်သဏ္ဌာန်ပင်။ ရုပ်ရည်ချော မချောက တစ်ဦးချင်းစီနှင့် ဆိုင်သော်လည်း ခြုံကြည့် လိုက်လျှင်တော့ သူတို့လူမျိုး၏ ရုပ်ရည်ကို အကြမ်းဖျင်းတော့ မှတ်ချက် ချမိမည်သာ။ နောက်..သူတို့၏ ဝတ်စားဆင်ယင်မှု။


အချိန်မပေးရသေးခင် တန်းခနဲ မြင်နိုင်သော အဆိုပါပြင်ပ အသွင်အပြင်မှာ များစွာစကားပြောသည်။ နိုင်ငံသားများ၏ အသွေးအရောင်သည် (အသားအရောင်ကို မဆိုလို) ၎င်းတို့ ဝတ်စားဆင်ယင်မှုဟန်နှင့် ဝတ်ဆင်ထားသော ဟန်တို့တွင် ပေါ်သည်။ အလွှာခွဲပြီး သွားကြည့်စရာမလို၊ လမ်းပေါ်တွင် ရောထွေးနေသော လူများကိုသာ ကြည့်လျှင်ပေါ်သည်။ ယင်းက နိုင်ငံသားများ၏ လူမှုဘဝကို ကောင်းစွာ ထင်ဟပ်သည်။ သူတို့ဘာတွေ ဝတ်ကြသလဲ။

ဝတ်စားဆင်ယင်မှုပုံစံ အသွင်ဟန်ကို မကြည့်ခင် သူတို့ သပ်ရပ်ပြောင်ရောင်မှု ရှိမရှိက တန်းခနဲ မြင်သည်။ ဘာတွေဝတ်ကြသည် ဆိုသည့်အပြင် ဘယ်လိုဝတ်ကြသည် ဆိုသည်ကိုလည်း ရောထွေး စောကြော နိုင်သေးသည်။ နိုင်ငံလူမျိုး၏ ရိုးရာနှင့် မကင်းသော အဝတ်အထည်များကို ဘယ်လောက် အထိ ဝတ်နေကြသေးသလဲ။ ရိုးရာ အခမ်းအနားများက လွဲရင် နေ့စဉ်လူမှုဘဝ များမှာ မဝတ်ကြတော့ဘူးလား။ ဒါကတစ်ပိုင်း။ လတ်တလော နိုင်ငံသားများကို ဘယ်နိုင်ငံရဲ့ ဖက်ရှင်များက လွှမ်းမိုးနေကြသလဲ၊ ဘယ်စတိုင်ကို ယူထားကြသလဲ။အဲဒါကိုမှ မိမိတို့နှင့် လိုက်လျောညီထွေ ဖြစ်အောင် လှအောင်၊ ဝတ်ဆင်နိုင်သလား။ လက်ခံမွေးစား ကျင့်သုံးရာ အပြင်အဆင်နှင့် ဝတ်စား ဆင်ယင်မှုတို့ကို တင့်တယ်အောင် လုပ်နိုင်သလား။

ရုံးတက် ရုံးဆင်းချိန်များတွင် ကြည့်လျှင် သူတို့၏ လုပ်ငန်းခွင်ဝင်မှု အသွင်ကိုလည်း မြင်နိုင်သေးသည်။ တကယ်ကို ခန့်ညား စနစ်ကျအောင် ဝတ်ဆင်ပြီး လုပ်ငန်းခွင် သွားနိုင်သူတွေလား အကဲခတ်နိုင်သည်။ ဒါကလည်း လုပ်ငန်းခွင်များ၏ အဆင့်အတန်း၊ လုပ်ငန်းများ၏ အနေအထားနှင့် ဆက်စပ်ပြန်သည် မဟုတ်လား။ ပြင်ဆင်ထားသမျှ တင့်တယ် ရလေအောင်လည်း သူတို့ ဘယ်လို ယာဉ်ရထားနှင့် ဖြတ်သန်း သွားလာရသည် ဆိုသည့်ပေါ်လည်း မူတည်ပြန်ရာ အားလုံးနှင့်လည်း ဆက်စပ်ပြန်သည်။ ရုံးသွား ကျော့ကျော့ ရုံးပြန် ကျော့ကျော့ ဖြစ်ဖို့သည် အလှပြင်ရုံနှင့် မပြီး။

နောက်..နိုင်ငံသားများ၏ သွားလာမှု ဟန်ပန်။ စားသုတ်သုတ် သွားသုတ်သုတ်နဲ့ မဖြစ်မနေ အချိန်ကို အလေးထားပုံ ပေါက်နေလား။ သက်သောင့် သက်သာနှင့်ပင် အချိန်ကို အလေးထားသည့် အလေ့အကျင့် ရထားပြီးသားလား။ နောက် ခပ်လေးလေး သွားလာ လှုပ်ရှားကြသလား။ လမ်းပေါ်တွင် လမ်းဖြတ်ကူးသည်ပင်မတူ။ အချက်ပြမီး မကြည့်ဘဲ ခပ်လေးလေး သွားရင်သွား ဒါမှမဟုတ် ကသုတ်ကရက် ဇွတ်အတင်း အပြေးကူးနေသလား၊ အချက်ပြမီး အတိုင်း လိုက်နာပြီး သွက်သွက် ကူးကြသလား မြင်နိုင်သည်။ သွားလေးလေး
လာလေးလေးနှင့် လမ်းပေါ် ပိတ်လျှောက်နေသူတို့လည်း မြင်နိုင်သေးသည်။ စည်းကမ်းရှိခြင်း၊ သန့်ရှင်းခြင်း၊ စနစ်ကျခြင်း၊ ယဉ်ကျေးခြင်း၊ ဖော်ရွေ ကူညီတတ်ခြင်း၊ တာဝန်သိခြင်း စသည်တို့သည် လမ်းသွားလမ်းလာ များတွင်လည်း အကဲခတ်နိုင်သည်။ အခြားသော အပြုအမူများလည်း ရှိဦးလျှင် တွေ့မြင်နိုင်သေးသည်။ သဘောက လူထူရာ နေရာတွင် ရှိနေသူတို့က၊ ရောထွေးနေသော လူအများစုက သူတို့၏ လူမှုဘဝ၊ နိုင်ငံသားဘဝတို့ကို ပြသည်။

လူတို့၏ အသွင်အပြင်နှင့် ဖက်ရှင်တို့၏ သဘောကို လမ်းပေါ်တွင်လည်း တွေ့နိုင်သည်။ အဆောက်အအုံများကို ကြည့်လည်း သိနိုင်သည်။ အမိုးအကာ အောက်တွင်လည်း သိနိုင်သည်။ အသံဖြင့်လည်း စောကြော နိုင်ပါသည်။ ဖက်ရှင် ဆိုသည်မှာ ဝတ်စားဆင်ယင်မှု ချည်း သက်သက်မဟုတ် လတ်တလော ဖြစ်နေတာတွေကို ပြသည်၊ ပြောင်းနေတာတွေကို ပြောသည်။ တချို့အပေါ်ယံ ခေါင်းစဉ်တပ် ကိစ္စများသည် တကယ်တမ်းတွင် အပေါ်ယံ မဟုတ်။ အသွင်အပြင်တွင် အဆောက်အအုံများ၏ ဟန်၊ လမ်းများ၏ သဏ္ဌာန်အားလုံး ပါသည်။

အသိဉာဏ်နှင့် အတွေးအခေါ်နှင့် ပတ်သက်ပြီး ဘယ်ရာစုမှာ နေမလဲဟု မေးခွန်းထုတ်ကြည့် သလိုပင် ဘယ်ဖက်ရှင် ဘယ်အသွင်အပြင်နှင့် နေမလဲဟုလည်း စဉ်းစား ကြည့်နိုင်သည်။ လူမှု အဖွဲ့အစည်း ကြီး တစ်ခုလုံး ရှိနေသော နိုင်ငံ၊ နိုင်ငံဟူ၍ ရှိနေသော လူမှုအဖွဲ့အစည်းကြီး တစ်ခု၏ အသွင်အပြင်၊ အနှစ်သာရ၊ နောက်ကြောင်း၊ လက်ရှိ၊ အနာဂတ်တို့ကို ပြဆိုနိုင်သော အခြေအနေတစ်ရပ်က သူ့ဘာသာ ရှိနေတာတော့ မဟုတ်ပါ။ လူတို့၏ ဖန်တီးမှု အခြင်းအရာ ဖြစ်သည်။

အသွင်အပြင်ဟု ဆိုသည်နှင့် ဝတ်စား ဆင်ယင်မှုမှသည် အပြုအမှုအဆုံး ဆက်စပ်မှု အားလုံးကို အပေါ်ယံကိစ္စဟု မမှတ်စေလိုပါ။ အပေါ်ယံသည် အတွင်းကလာသည်။ အတွင်းသည်လည်း ပြင်ပ ဖက်တာများဖြင့် တည်ဆောက်ခံ ထားရခြင်း ဖြစ်သလို ယင်းတည်ဆောက်ခံ ထားရသော အရာများသည်လည်း လက်ရှိ ဘက်ပေါင်းစုံက သက်ရောက်လာနေသော လွှမ်းမိုးမှုများနှင့်လည်း ဆက်စပ်နေသေးသည်။ ထို့အပြင် တည်ဆောက် ခံရခြင်းနှင့် မဆိုင်သော တစ်ဦးချင်း၏ အသွင်အပြင်အတွက် အခြေအနေတို့ ဖန်တီးပေးထားဖို့ လိုသလို တစ်ဦးချင်းကလည်း လိုက်လံပြုမူဖို့ လိုသည်။

မူလအခြေ ဆိုသည်ကလည်း ရှိနေသေးသည်။
သို့ဖြစ်ရာ နိုင်ငံသားတို့၏ ပုံရိပ်တို့သည် အခြားသော ပုံရိပ်များနည်းတူ ဆက်စပ်နေသော အရာများ ပတ်သက်နေသော အရာများစွာ ရှိနေသည့် နည်းတူ တစ်ဦးချင်းနှင့် ဆိုင်သည်ဆိုသော အချက်သည်လည်း ပြေးမလွတ်တန်ရာ...။
ဝတ်စားဆင်ယင်မှုနှင့် မြင်သာစေသော အသွင်အပြင် မှန်သမျှတို့သည် နောက်ကွယ်က အကြောင်းအရာတို့ကို စကားများစွာ ပြောပြကြသည်။

ဇင်ဇင်သော်

The Voice Weekly
https://www.facebook.com/photo.php?fbid=436721893092314&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...