စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘာသာဝင်တိုင်း တက်ရောက် သင်ယူရမည့် ယဉ်ကျေးမှု သင်တန်း


 
 ကိုတင်မောင်ဦး (အလုံ)

မိဘတိုင်းသည် မိမိတို့၏ သားသမီးများကို ကောင်းစားစေချင် ကြသည်။ တိုးတက် စေချင်ကြသည်။ ကြီးပွား အောင်မြင် စေချင်ကြသည်။

သိင်္ဂါလောဝါဒ ဆုံးမခန်းတွင် မိဘဝတ္တရား ငါးပါးကို ကျက်မှတ် လွယ်ကူစေရန် ကဗျာဖွဲ့ ပေးထား၏။ ထိုကဗျာမှာ ''မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့ တာ'' ဟု ဖော်ပြထားသည်။

     မိဘများသည် ထိုကဗျာအတိုင်း တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ပါက သားသမီးများသည် ကြီးပွားချမ်း သာလာနိုင်သည်။ ထိုနည်းတူ ဆရာများကလည်း ဆရာ့ဝတ္တရား ငါးပါးဖြစ်သော ''အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ'' ဆိုသော ဝတ္တရား ငါးပါးနှင့် အညီ မိဘဆရာပူးပေါင်း ကလေးပညာကောင်း ဆိုသကဲ့သို့ မိဘနှင့်ဆရာသည် ကလေးအတွက် အမြဲလက် တွဲနေသ လို နွေရာသီ ကျောင်းပိတ်ရက်များ တွင်လည်း ကလေးများအတွက် မိဘများနှင့် ရပ်ကွက်ရှိ ရပ်မိရပ် ဖလူကြီးများက လည်း ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ လိမ္မာယဉ်ကျေးမှု ရှိစေရန် အမြဲတမ်းလိုလို သွန်သင် ဆုံးမမှုပေးရန် လိုပေသည်။

    လောကနီတိ ကျမ်းတွင် ရေအတိမ်အနက်ကို ကြာရိုးကိုမြင်သဖြင့် သိနိုင်သလို အမျိုးယုတ်၊ အမျိုးမြတ်ကို လည်း
ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိနိုင်၏။ ပညာရှိကို ထိုသူပြောသော စကားဖြင့် သိနိုင်၏။ မြေကောင်း၊ မကောင်း မြက်ပင်ညှိုး၊ မညှိုးကို ကြည့်ခြင်းဖြင့် သိနိုင်၏ဟု မိန့်ဆိုထားရာ တိုးတက်ထွန်းကား သောလောကကြီးတွင် လူသားတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာသည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း တိုးတက်မြင့်မားမှုကို ပြသ ရာ ရောက်ပေသည်။ ယဉ်ကျေးမှုသည် ထိုနိုင်ငံ လူမျိုးအတွက် အဓိကကျသော အရာ ဖြစ်ပေသည်။ သို့ဖြစ်ပါသောကြောင့် ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားအောင် ကြိုးစား ဆောင်ရွက် လျက် ရှိနေကြသည်။

    မြန်မာ့ ယဉ်ကျေးမှု သမိုင်းကို လေ့လာလျှင် ရှေးပြည်ထောင်စု နွယ်ဖွား တိုင်းရင်းသား များသည် ပျူခေတ်မှ စ၍ ဘုရားရှင် လမ်းညွှန် ဟောကြားခဲ့သော ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ကိုးကွယ် ဆည်းကပ်မှု၊ လောကီ လူမှုရေး ကျင့်သုံး ဆောက်တည်မှု၊ လောကုတ္တရာ လွတ်မြောက်ရေး သင်ကြားမှု စသည်များကို ဘုန်းတော် ကြီး ကျောင်းများတွင် သင်ကြားကြရပြီး လိုက်နာကျင့်သုံး ခဲ့ကြသည်။ ထို့ကြောင့် မြန်မာလူမျိုးနှင့် မြန်မာ ယဉ်ကျေးမှုသည် ကမ္ဘာအလယ်တွင် ထည်ဝါ ခံ့ညားစွာဖြင့် ယနေ့တိုင်အောင် ရပ်တည်နိုင်ခဲ့ ပေသည်။ မြန်မာ့ ယဉ်ကျေးမှု မဆိတ်သုဉ်းသမျှ မြန်မာ လူမျိုးနှင့် မြန်မာ ယဉ်ကျေးမှုတို့သည် ကမ္ဘာ အလယ်တွင် တင့် တယ် ထည်ဝါစွာဖြင့် ဆက်လက် တည်ရှိ ရပ်တည်သွား မည်မှာ ဧကန်ပင် ဖြစ်ပါသည်။

    ယဉ်ကျေးသော တိုင်းပြည်တွင် ကိုးကွယ်သော အယူဝါဒကို အကြောင်းပြု၍ စာပေနှင့် ယဉ်ကျေးမှုသည် ပြန့်ပွား တိုးတက်လာမြဲ ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ တိုင်းရင်းသားများသည် လည်းဗုဒ္ဓဘာသာ အယူဝါဒနှင့် ဗုဒ္ဓစာပေများကို ဘုန်းတော်ကြီး ကျောင်းများတွင် ဘိုးဘေးဘီဘင်မှ စ၍ သင်ကြားခဲ့ရပြီး ယဉ်ကျေးသော မြန်မာ့ လူ့ဘောင်ကို ထူထောင် နိုင်ခဲ့ကြသော်လည်း ၁၈၈၅ ခုနှစ် ကုန်းဘောင်ခေတ် နောက်ပိုင်း သီပေါမင်း ပါတော်မူပြီးချိန်မှစပြီး မြန်မာနိုင်ငံသည် တိုင်းတစ်ပါးသား ဘာသာ ခြားတို့ လက်အောက် ကျရောက်ခဲ့ရသည်။
   ထိုအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုများ သည်တစ်စတစ်စ မှေးမှိန် ပျောက်ကွယ်ခဲ့ပြီး လောကဓာတ် ပညာများ တစ်ရှိန်ထိုး ခေတ်စား တိုးတက်လာ ခဲ့သည်။ ၎င်းအပြင် အယူဝါဒ အမျိုးမျိုးလည်း ထိုးဖောက် ဝင်ရောက် လာခဲ့သည်။ ထို့ကြောင့် ရှေးယခင်က ယဉ်ကျေး သိမ်မွေ့ခဲ့သော မြန်မာ့ လူ့ဘောင်တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ တိမ်ကော ညှိုးမှိန်လာသော ကြောင့်မျက်မှောက်ခေတ် လူငယ်များတွင် အရိုအသေပေးမှု (ဂါရဝ)၊ နှိမ့်ချပြောမှု (နိဝါတ)၊ ပြောဆိုဆုံးမ လွယ်မှု (သောဝစဿတာ) စသော ကောင်းမြတ်သော တရားများနှင့် အရှက်အကြောက် (ဟီရိသြတ္တပ္ပ) ဟူ သော လောကစောင့် လောကပါလ တရားများ ခေါင်းပါး လာကြရုံမျှမက အမျိုးဘာသာ၊ သာသနာ၊ စိတ်ဓာတ်များပါ ခေါင်းပါးယိုယွင်း လာသည်ကို တွေ့မြင် နေရပါသည်။

       ဤသို့သော အခြေအနေများကို သုံးသပ်မိသော သာသနာ့ဥသျှောင် ဆရာတော်ကြီးများနှင့် နိုင်ငံတော် အကြီးအကဲများ သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာ အမှတ် (၄၅) ဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း စာမေးပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ အဆင့် သုံးဆင့်ခွဲပြီး တစ်နိုင်ငံလုံးရှိ မြို့နယ် သံဃနာယက အဖွဲ့များက တာဝန်ယူ ကျင်းပပေးသွားရန် ညွှန်ကြားပြီး ၁၉၈၄ ခုနှစ် မေလမှ စတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့ရာ တစ်နှစ်ထက် တစ်နှစ် တိုးတက် အောင်မြင် ခဲ့ပါသည်။

      နှစ်စဉ်နှစ်တိုင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်ဖြင့် ကျင်းပခဲ့သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း စာမေးပွဲအား အလုံမြို့နယ်တွင်လည်း မြို့နယ် သံဃနာယကအဖွဲ့၏ သြဝါဒကို ခံယူပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၏ ဦးဆောင် လမ်းညွှန်မှုကို  ခံယူပြီး မြို့နယ် သာသနာနုဂ္ဂဟ အသင်း၊ မြို့နယ် ဥပဋ္ဌာက အဖွဲ့တို့နှင့်အတူ သစ်တောရပ်ကွက် အောင်ဇေယျ ရိပ်မွန် ဓမ္မာရုံတွင် သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပြီး အလုံမြို့နယ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ၂ဝ၁၃ ခုနှစ် မေ ၁ ရက်မှစတင်၍ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်ပြီး ဘုန်းတော်ကြီးများမှ သင်ကြားပို့ချပေးလျက် ရှိပါသည်။ 

    ထိုကဲ့သို့ ဆရာ ဒကာ ညီညွတ်စွာဖြင့် နှစ်စဉ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲများကို ကျောင်းနေအရွယ်မှစပြီး သင်ကြားပေးခြင်း ဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာကာ ဘာသာတရား ကိုင်းရှိုင်းသော လူငယ်များ ဖြစ်လာမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။    ။
 http://myawady.com.mm/library/stories/storiesforall/item/17230-201

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...