စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိုလာဝက်ဝံရဲ့ပုံပြင်


______________

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား?
အေးခဲတဲ့မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုးလူမျိုးတွေက ဘာအင်အားမှ စိုက်ထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်ပါတယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာစိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင်ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့သွေးခဲကို ဝက်ဝံတွေဟာခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရလျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာအေးခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့ အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာစိုက်ထားတဲ့ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပါပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့သွေးနံ့ရလေ လျက်နှုန်းကမြန်လေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွှဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေ ဝင်ငွေများများရလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တချို့က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးအရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေး ဆိုတာကိုတောင် သူတို့ မေ့နေခဲ့ကြတယ်။

အမေရိကန်ရဲ့ အပတ်စဉ်ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင်ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့အချိန်ကို လက်မလွှတ်ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

တချို့က ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေသေချာချာမစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေ လိုချင်လေ နောက်ဆုံးတော့ လုံလောက်ပြီလို့မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကိုသောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...

တင်းတိမ်ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေပါတယ်။

မူရင်းလင့် -- http://ibook.idv.tw/enews/enews691-720/enews696.html

နိုင်းနိုင်းစနေ

https://www.facebook.com/photo.php?fbid=433549556742881&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...