စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရက်ကြိုက်သော ကျွန်မရွာသားများ



စပယ်ဖြူ

မြန်မာပြည်မှာ အရက်သောက်တဲ့ ယဉ်ကျေးမှုတရပ် ထွန်းကားနေတာ စစ်တမ်းကောက်မယ်ဆိုရင် လူဦးရေ တ၀က်လောက်က အရက်သောက်သူတွေ ဖြစ်မယ်ထင်တယ်။ မြန်မာအမျိုးသား အများစု အရက်သောက်တတ်ကြတာမို့ ကျွန်မနဲ့ ခင်မင်ရင်နှီးတဲ့ သူတွေထဲမှာ အရက်သောက်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ အထူးသဖြင့်တော့ ကျွန်မရဲ့ရွာသား ငယ်ပေါင်းကြီးဖော်တွေပဲ ဖြစ်ပါတယ်။

ကျွန်မတို့ရွာမှာ အမျိုးသားကိုးဆယ် ရာခိုင်နှုန်းက အရက်သောက်ကြပါတယ်။ အမျိုးသား ဆယ်ယောက်ရှိရင် ကိုးယောက်က အရက်သောက်တတ်တာ တကယ့်ဖြစ်ရပ်မှန်ပါ။ ကျွန်မအကို အကြီးဆုံးဆိုရင် ရွာမှာမောင်မူး ကို ဖြစ်လို့နေပါတယ်။ စာလိုပြောရင်တော့ Binge drinker အရက်ကို အလွန်အကျွံသောက်သူ ဖြစ်နေ ပါတယ်။ မြန်မာပြည်မှာ အရက်အလွန် အကျွံသောက်တဲ့ လူဦးရေတိုးလာတာဟာ ကောင်းသောအလား အလာ မဟုတ်ပါဘူး။

ကျွန်မချစ်တဲ့ ရွှေကရင်တွေဟာလည်း အရက်နဲ့ထန်းရည်ကို အလွန်ကြိုက်ကြ ပါတယ်။ ကျွန်မတို့နယ်က ရွာတွေမှာ ကရင်ယောက်ျား တောသားတွေ သဘောကောင်းပြီး၊ ရိုးသားကြသလောက် အရှက်အကြောက် ကြီးကြပါတယ်။ ဒါပေမဲ့ အရက်ကလေး သောက်ထားပြီဆိုရင်တော့ အာသွက် လျှာသွက်နိုင်လှပြီး၊ အရှက်အကြောက် ကင်းသွားပါတော့တယ်။ ရွာက သာရေးနာရေးမှန်သမျှ အရက်သမားတွေ မပါရင် ပွဲမစီပါဘူး။ လိုအပ်သမျှ ကိစ္စအ၀၀ကို စေတနာအပြည့်နဲ့ ၀ိုင်းကူလုပ်ပေး ကြပါတယ်။ အဲဒီအတွက် အလှူရှင်တွေ၊ နာရေးအိမ်ရှင်တွေက အရက်ဝယ်တိုက် ရပါတယ်။

သာရေးနာရေးရှိရင် ရွာမှာအရက်ချက် ရောင်းတဲ့သူတွေ ၀င်ငွေကောင်းကြ ပါတယ်။ အဲဒီလိုအလှူ ရက်တွေမှာ ကျွန်မရွာသားတွေ ညနေစားမစာဘဲ အရက်ကိုမိုင်ကုန်သောက်ပြီး၊ အစာအိမ်ဟောင်းလောင်းနဲ့ နေကြတာကို မြင်ရတာ ကျွန်မတော်တော်လေး စိတ်မသက်မသာဖြစ် ရပါတယ်။ ကျေးဇူးရှင်တွေကတော့ အရက်တန်ခိုးနဲ့ လောကကြီးကို မေ့သွားတဲ့အထိ ပျော်ရွှင်အူမြူး နေကြပါတယ်။ တခါက စိတ်မကောင်းလွန်း လို့၊ ငါ့ရွာသားတွေ အရက်မသောက် တော့အောင် ငါဘာလုပ်ပေးရမလဲလို့ ကျွန်မ သူတို့ကိုမေးလိုက် မိပါတယ်။ ကျွန်မရဲ့ အတွင်းစိတ်ကို နားလည်ကြတဲ့ ရွာသားတွေ နှုတ်ဆိတ်နေကြပြီး၊ အဖြေစကားမတုန့်ပြန် ကြပါဘူး။

ကျွန်မရဲ့ ကျောင်းနေဖက် သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ မောင်ထွန်းနဲ့ ကျော်စိုးမြင့် တို့လည်းမောင်မူး တွေ ဖြစ်နေကြတယ်။ သူတို့နှစ်ယောက်လုံးက လူတော်တွေပါ။ အခွင့်အလမ်းတွေသာ ရှိခဲ့မယ်ဆိုရင် လူကောင်းလူတော်တွေ ဖြစ်နိုင်ပါတယ်။ ရွာတွေမှာ ဆယ်တန်းအောင်ရင် အဝေးသင်ဘွဲ့ပဲ ယူနိုင်ပြီး ယောင်ချာချာနဲ့ လေလွင့်ပျက်စီးသွားတဲ့ လူငယ်တွေ အများကြီး ဖြစ်နေတာ ကိုတွေးလိုက်တိုင်း နှမြောလွန်း လို့။ မောင်ထွန်းကတော့ မူးနေရတဲ့ဘ၀ကို စိတ်ကုန်လို့ထင်တယ်။ အရက်ပြတ်အောင် ရွာကဘုန်းကြီး ကျောင်းမှာ ဘုန်းကြီးဝတ်နေလို့ ဦးပုဇင်းမောင်ထွန်း ဖြစ်နေပါတယ်။

ဆေးလိပ်လိုပဲ အရက်သောက်ကြတဲ့ ပြဿနာဟာလည်း ကမ္ဘာကိုခြိမ်းခြောက် နေပါတယ်။ အရက် ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး လူမှုရေးပြဿနာများကို ကာကွယ်ရေး၊ အရက်သောက်တဲ့ လူဦးရေ လျော့နဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးစည်းရုံးဖို့ လိုအပ်နေပါတယ်။ အရက်ရဲ့ဆိုးကျိုးတွေကို ဖော်ပြလိုပါတယ်။ သိပြီးသားဆိုရင်လည်း ပိုပြီးမှတ်မိသွားအောင်ပါ။ အရက်ကို အလွန်အကျွံ သောက်ရင် သွေးတိုး၊ နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အစာအိမ်အနာ၊ အစာအိမ်ကင်ဆာ၊ သွေးအန်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရက်ကိုပဲ အဖော်ပြုပြီး၊ အစားကောင်းကောင်း မစားရင် အာဟာရချို့တဲ့လာတာမို့ သွေးအားနည်းခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

အရက်ကြောင့် စိတ်ကျရောဂါ၊ အတက်ရောဂါ၊ သံသယလွန်ကဲခြင်းနဲ့ အခြားစိတ်ရောဂါ တွေဖြစ်နိုင် ပါသေးတယ်။ ဒီစိတ်ရောဂါတွေအပြင် မှတ်ဥာဏ်ချို့ယွင်းခြင်းနဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အမူးလွန်တဲ့အခါ ခိုက်ရန်ဖြစ်ပွါးခြင်း၊ အက်ဆီးဒန့် ဖြစ်ခြင်းတွေကြောင့် အသက်ဆုံးရှုံးရ ကိုယ်လက်အင်္ဂါ ဆုံးရှုံးကြရပါတယ်။ အရက်ဆိပ်တက် နေတဲ့အချိန်မှာ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိတော့ ရာဇ၀တ်မှုကျူးလွန်ခြင်း၊ ကိုယ်ကျင့်သီလ ဖောက်ပြန်ခြင်းတွေနဲ့အတူ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ အရက်သောက်ပြီး ဆင်ခြင်မဲ့ သူတွေများလာရင် လူမှုရေးဖြောက်ပြန်တာ ပိုများလာပြီး ယဉ်ကျေးမှုတွေ ပျက်စီးဆုံးရှုံးပါတယ်။ ဆင်းရဲတဲ့ ကျွန်မတို့ တိုင်းပြည်မှာ အရက်သောက်တဲ့ ယဉ်ကျေးမှုထွန်းကား နေတာကြောင့် မျိုးဆက်သစ်လူငယ်တွေ စာရိတ္တ သတ္တိ အားနည်း ကြတယ်လို့ ကျွန်မမြင်ပါတယ်။

ကျွန်မတို့ရွာမှာ နံမည်ကျော် အရက်သမားတွေ အစာအိမ်သွေးကြော ပေါက်လို့သွေးအန်ပြီး ကွယ်လွန်ကြ တယ်။ တချို့က ဦးနှောက်သွေးကြောပြတ် သို့မဟုတ် လေဖြတ်တယ်။ တချို့ဆိုရင် စိတ်ဖောက်ပြန်ပြီးတော့ သွေးရူးသွေးတန်းနဲ့ အော်ဟစ်သောင်းကျန်းပြီးမှ ဘ၀ကူးသွားကြ ပါတယ်။ ဒီလိုကြောက်စရာ အဖြစ်ဆိုး တွေကို လက်တွေ့မြင်နေရပေမဲ့ ကျွန်မရွာ သားတွေကတော့ အရက်ကို သစ္စာရှိစွာမိတ်ဖွဲ့ နေကြတာပါပဲ။ ဖြစ်ရင်ခံမယ်လို့ ဆိုကြတယ်။

အရက်သောက်တဲ့ လူဦးရေများလာတာ တိုင်းပြည်အတွက် အင်မတန်နစ်နာပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသရတဲ့ ကုန်ကျစရိတ်ကို စရင်းဇယားနဲ့ သေချာမှတ်တမ်းတင်ထားရင် နည်းမှာမဟုတ်ဘူး။ အရက်ကြောင့် ရာဇ၀တ်မှုဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ကျ သို့မဟုတ် အသက်ဆုံးရှုံး ရတာတွေကြောင့် လူ့အရင်းအမြစ်တွေ ဆုံးရှုံးရပါတယ်။ အရက်ကြောင့် ညီအကိုချင်း၊ သားအဖချင်း လူသတ်မှုဖြစ်တာတွေကို မြင်ရကြားရတာ စိတ်ဆင်းရဲ စရာကောင်းပါတယ်။ အရက်သေစာကို ရှောင်ကြည်ကြရင် ဒီလောက်ထိတောင် ဖြစ်မလာနိုင်ပါဘူး။

မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး တွေကိုအင်တိုက်အားတိုက် ကြိုးစားဆောင်ရွက် ကြတဲ့အခါ ကျန်းမာရေး မြင့်တင်ဖို့ကလည်း အရေးကြီးဆုံး လုပ်ငန်းတခု ဖြစ်ပါတယ်။ နိုင်ငံသားတွေ ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူနေထိုင်ကြဖို့ ပညာပေးလုပ်ငန်းတွေအပြင် စွမ်းဆောင်ရည် မြင့်မားရေးတွေကို စီမံကိန်းချ ဆောင်ရွက်ဖို့လို နေပါတယ်။ အရက်သောက်တာကို ဥပမာပြောရရင် လူငယ်တယောက် အရက်မသောက်ပဲ နေနိုင်တဲ့ စိတ်ဓာတ် စွမ်းရည်တွေရစေဖို့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး၊ မိဘဆရာသမားများရဲ့ ဆိုဆုံးမစကားကို နာခံလွယ်တဲ့ အကျင့်စရိုက်တွေရှိအောင် လေ့ကျင့်ပေးရ ပါမယ်။ လူငယ်တွေစိတ်မလေအောင် သူတို့ရဲ့စိတ်ကူးယဉ် အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လည်း လိုပါတယ်။

တရားမျှတပြီး၊ လူ့အခွင့်အရေး ပြည့်ဝတဲ့ လူ့ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက် ပေးခြင်းဖြင့် လူငယ်လူရွယ်တွေရဲ့ စိတ်ဓာတ်အင်အားနဲ့ စာရိတ္တသတ္တိတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ လူငယ်တွေ စည်းကမ်းရိုသေပြီး နှလုံးသား အရည်အသွေးတွေ ပြည့်ဝစေဖို့ လူကြီးတွေ၊ အကြီးအကဲ ခေါင်းဆောင်တွေက စံနမူနာကောင်းဖြစ်အောင် နေပြဖို့ လည်းလိုပါတယ်။ စာလိုပြောရင်တော့ (Role Model) စံပြဖြစ်အောင် နေတယ်ပေါ့။ မိဘဆရာသမား၊ လုပ်ငန်းအကြီးအကဲနဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ မျိုးဆက်သစ် တွေကို သြဇာညောင်းနိုင်ဖို့ စံနမူနာကောင်းတွေပြပြီး နေထိုင်ကြဖို့ လိုပါတယ်။ ဒီတော့ အရက်သောက်တဲ့ ဓလေ့ကို အရိုးစွဲအောင် ထိန်းသိမ်းလာကြတဲ့ မြန်မာတွေ ပြုပြင်ကြဖို့ မလိုပေဘူးလား။

တချို့က အရက်သောက်တာ ဆေးဖြစ်ဝါးဖြစ်လို့ ဆိုကြပါတယ်။ အဲဒီလို ဆေးဖြစ်ဝါးဖြစ် သောက်ရင်း တဖြည်းဖြည်း အရက်စွဲတတ်ပါတယ်။ အရက်ကို နေ့စဉ်အနည်းငယ် သောက်သုံးမှီဝဲရင် ကျန်းမာရေးကောင်း တယ်ဆိုပေမဲ့ အရက်လုံးဝမသောက်ပဲ ကျန်းမာအောင် နေလို့ရပါတယ်။ တချို့ကလည်း လူမှုရေးအရ သောက်ရတယ်လို့ ဆိုပါတယ်။ အရက်ကြိုက်တဲ့ လူတွေက ပျော်ရင်လည်း သောက်တယ်။ ပျင်းရင်လည်း အပျင်းပြေအောင် သောက်တယ်။ စိတ်ညစ်ရင်လည်း အရက်သောက်တယ်။ စိတ်ညစ်စရာတွေ များလာတော့ အရက်သောက်များလာပြီး၊ အရက်ရဲ့ ကျေးကျွန်ဖြစ်သွားတယ်။ အဲဒီလို ဖြစ်မသွားအောင် သတိထားပြီး၊ ကြိုတင်ကာကွယ် သင့်ပါတယ်။

အဆင်မပြေတာ၊ စိတ်ညစ်စရာတွေရှိရင် အရက်ဆိုင်သွားမဲ့အစား၊ မိတ်ဆွေသူငယ်ချင်း တယောက် ယောက်ကို တစုံတရာအကူအညီ ပေးလိုက်ပြီး သူသထူးစိတ်ချမ်းသာအောင် လုပ်ပေးပါ။ စိတ်ညစ်ပြေသွား နိုင်ပါတယ်။ စိတ်ညစ်တိုင်း သာ အရက်သောက်ရမယ်ဆိုရင် စိတ်သောက ရောက်စရာတွေနဲ့ အမြဲလိုလိုမိတ်ဖွဲ့ နေရတဲ့ကျွန်မ ခုလောက်ဆို အရက်စွဲနေပြီ။ အားနွဲ့တဲ့ ကျွန်မတို့ မိန်းမသားတွေ ရတနာသုံးပါးကို ယုံကြည် အားကိုးပြီး၊ လောကဓံမှန်သမျှကို သတိဥာဏ်နဲ့ ရင်ဆိုင် တုန့်ပြန်နိုင်ကြတယ်။

မြင့်မြတ်တဲ့ ယောက်ျားတွေမှာ ပိုပြီးစွမ်းအားကောင်းတဲ့ စိတ်တန်ခိုးတွေရှိ ပါတယ်။ အကိုကြီး၊ မောင်ကြီးတို့ သတိမပြုမိတဲ့ မိမိတို့အတွင်း သဏ္ဍာန်ကစိတ်တန်းခိုးတွေကို ပြန်ဆင်ခြင်ကြည့်ပြီး၊ ရဲရင့်ခိုင်မာတဲ့ စိတ်တွေဖြစ်လာအောင် ဥာဏ်ပညာနဲ့ ပြုပြင်လို့ရပါတယ်။ စောင့်စည်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေကို စောင့်စည်းထိန်းချုပ်နိုင်တဲ့ သတ္တိတွေ၊ လောကဓံရဲ့ထိုးနှက်မှုကို တိုက်ခိုက်အောင်မြင်နိုငိတဲ့ ရဲရင့်မှုတွေ ရှင်သန်ကြီးထွားအောင် ကြိုးစားကြစေချင် ပါတယ်။ ကျွန်မတို့ မြန်မာပြည်အတွက် အရက်သေစာ ရှောင်ရှား ခြင်းအပါအ၀င် ကိုယ်ကျင့်သီလပြည့်စုံသော စံပြအမျိုးသား အမျိုးသမီး အရေအတွက် များများလိုအပ်နေ ပါတယ်။

အရက်အကြာင်း ရေးရင်းနဲ့ ကျုံပျော်အိမ်ကအမေ အရက်သမားတွေကို ဆုံးမပုံလေးကို သတိရသွားတယ်။ ငွေတရာနဲ့ လက်ဖက်ရည် အီကြာကွေး ၀ယ်လို့ရတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အမေက အရက်သောက်တဲ့ သူ့အလုပ်သမားကို ဆုံးမတယ်။ ငွေတရာကို လက်ဖက်ရည်နဲ့ အီကြာကွေးဝယ် လိုက်ရင် အိမ်ကမယားနဲ့ သားသမီးတွေအားလုံး မနက်စာ စားလို့ရတယ်။ အဲဒီငွေတရာကို အပေါင်းအသင်းတွေနဲ့အတူ အရက်သောက် ပစ်လိုက်ရင်တော့ အိမ်ကမယားနဲ့ ကလေးတွေ အစာအိမ် ဟောင်းလောင်းနဲ့ နေရမယ်လို့ ငြင်ငြင်သာသာ ဆုံးမပါတယ်။ အမေဆုံးမပုံလေးကို သဘောကျလို့ ကျွန်မသာ အရက်သမားဆိုရင် အမေ့စကားကို နားထောင်မိမှာပဲလို့ တွေးမိပါတယ်။ ဒါကတော့ ကျွန်မအတွေးပါလေ။ လူတွေ တယောက်နဲ့တယောက် ဘယ်လိုတူနိုင် ကြမှာလဲ။

ဆရာတော် ဓမ္မဓရ အရှင်ဝါယမာနန္ဒရဲ့ ဆုံးမပုံကို တရားနာရင်းနဲ့ မှတ်သားထားပြီး ပြန်မျှဝေလိုက်ပါတယ်။ ဆရာတော်က အရက်မသောက်ရရင် မနေနိုင်တဲ့ သူတပည့်ဒကာကို ဆုံးမပုံလေးပါ။ အရက်သောက်ချင်စိတ် ဖြစ်လာရင် သည်လိုရွတ်ခိုင်း ပါတယ်။ “ကျွန်ုပ်သည် မဟာဂရုဏာရှင် မြတ်စွာဘုရားကို အားနာပါ၏။ တရားတော်မြတ်ကို အားနားပါ၏။

သံဃာတော် အရှင်မြတ်တများကို အားနာပါ၏။ မိဘဆရာသမားများကို အားနာပါ၏။ ဇနီးမယားနှင့် သားသမီးများကို အားနာပါ၏။ “ လို့ရွတ်ဆိုခိုင်းပါတယ်။ ဆရာတော်ကို ရိုသေတဲ့ ဒကာရင်းဖြစ်နေတာမို့ အရက်သောက်ချင်စိတ်ဖြစ်ရင် ဆရာတော်မိန့်တဲ့ အတိုင်း ရွတ်ဆိုပါတယ်။ အဲဒီလို ရွတ်ရင်းနဲ့ တကယ်အားနာစိတ်ဖြစ်လာပြီး အရက်မသောက်တော့ဘဲ နေလိုက်တာ အဟုတ်တကယ် အရက်ပြတ်သွားတယ်လို့ ဆရာတော်က တရားဟောရင်းထည့်ပြော သွားပါတယ်။ အရက်ကြိုက်တဲ့ စာဖတ်သူတွေ အတုယူ နည်းယူနိုင်အောင် ထည့်ရေးလိုက်ခြင်း ဖြစ်ပါတယ်။

ပါရမီဆယ်ပါးမှာ တပါးအပါအ၀င်ဖြစ်တဲ့ သီလပါရမီလေးများ ဖြည့်ကျင့်ရင်း လောကကို အလှဆင်ကြဖို့ အရက်ကိုကြိုက် ပေမဲ့ ကြိုးစားရှောင်ကြည် ကြစေချင်ပါတယ်။ ရတနာသုံပါး၊ မိဘ ဆရာသမားများနဲ့ ချစ်သူဇနီး သားသမီးတွေကို အားနာသောအားဖြင့် ရှောင်ကြည်နိုင်ရင်လည်း ကောင်းပါတယ်။ လူတိုင်း အမေကိုချစ်ကြတယ်။ သက်ရှိထင်ရှား ရှိနေတဲ့မိခင် သို့မဟုတ် ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရဲ့ မျက်နှာကို မြင်ယောင်ပြီး၊ အရက်သောက်တာကို မကြိုက်တဲ့ မွေးသမိခင် ကျေးဇူးရှင်ကို အားနာပါ၏လို့ ရွတ်ဆိုရင်းက အရက်ကို ရှောင်ကြည်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
စံပယ်ဖြူ

ဆေးဆောင်းပါးလေးတွေ ပေးပို့လာတဲ့ စာရေးဆရာမ မစပယ်ဖြူ-- ကျေးဇူးပါ.

https://www.facebook.com/photo.php?fbid=428131143951389&set=a.351047714993066.

1 comment:

  1. ကျွန်တော် အကြောင်းအမျိုးမျိုးပြပြီးသောက်ခဲ့ပါတယ်၊ကောင်းကျိုးထက်ဆိုးကျိုးတွေများပါတယ်၊မသောက်သင့်ပါ၊မမူးခင်ကရှောင်ရန် ဆောင်ရန်တွေ မူးတော့ပျောက်ကုန်ပါတယ်။နောင်တမရအောင် ရှောင်ကြပါလို့ တိုက်တွန်းမေတ္တာရပ်ခံပါရစေ ညီကိုများတို့---

    ReplyDelete

Related Posts Plugin for WordPress, Blogger...