စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နူနာရောဂါသည် ရောဟိနီ။


•••••••••••••••••••••••
ကပိလ၀တ္ထုမြို့တော် နိဂြောဓာရုံကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်အနုရုဒ္ဓါ၏နှမ ရောဟိနီမင်းသမီးကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အရှင်အနုရုဒ္ဓါသည် နောက်ပါရဟန်းငါးရာနှင့်တကွ ကပိလ၀တ္ထုမြို့တော်သို့ ကြွတော်မူလေရာ ဆွေတော်မျိုးတော်များသည် လာ၍ရှိခိုးနှုတ်ဆက်ကြ၏။
ရောဟိနီမည်သော နှမတော်မင်းသမီးသည်ကား နူနာရောဂါ စွဲကပ်နေသဖြင့် အရှင်အနုရုဒ္ဓါသည် နှမတော်ကို ခေါ်စေပြီးလျှင် နှမတော်၏ လက်ဝတ်တန်ဆာကို ရောင်းချ၍ ဆွမ်းစားကျောင်း ဆောက်လုပ်လှူဒါန်းရန် ညွန်ကြား၏။ ဆွမ်းစားကျောင်းအတွက် လိုအပ်သော သစ်သားစသော
ပစ္စည်းများ စုဆောင်းရှာဖွေပေးရန် ဆွေတော်မျိုးတော်များအား တာဝန်ပေး၏။

ဘုံခုနစ်ဆင့်ရှိသော ဆွမ်းစားကျောင်းကို ဆောက်လုပ်နေစဉ် အထက်ဆင့်၌ ပျဉ်ခင်းသောအခါမှစ၍ အရှင်အနုရုဒ္ဓါသည် ရောဟိနီမင်းသမီးအား ဆွမ်းစားကျောင်းအောက်၌ မပြတ်တံမြက်လှည်းရန်၊ နေရာခင်းထားရန်၊
သောက်ရေအိုးတွင် ရေခပ်ထားရန် ညွန်ကြား၏။
ညွန်ကြားသည့်အတိုင်း ဆောင်ရွက်စဉ်မှာပင် ရောဟိနီ၏ နူနာရောဂါသည် ညှိုးမှိန်၍ လာလေသည်။

ဆွမ်းစားကျောင်းပြီးစီး၍ ရောဟိနီသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာများကို ဆွမ်းစားကျောင်းသို့ ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်၏။
နူနာရောဂါ ရှိနေသေးသဖြင့် ကိုယ်တိုင်ကား မလာရောက်ပေ။ ဘုရားရှင်သည် ရောဟိနီကို ရှေ့တော်သို့ ခေါ်တော်မူကာ နူနာရောဂါ
ခံစားရခြင်း၏ အကြောင်းကံကို မိန့်ကြားတော်မူလေသည်။

လွန်လေပြီးသောအချိန်တွင် ရောဟိနီသည် ဗာရာဏသီမင်း၏ မိဖုရားကြီး ဖြစ်ခဲ့၏။ သူသည် ကချေသည်မတစ်ဦးကို ရန်ငြိုးဖွဲ့ပြီးလျှင် ကချေသည်မ၏ အိပ်ရာ၊ ပုဝါ၊ ကော်ဇော စသည်တို့၌
ခွေးလှေးယားသီးမှုန့်တို့ကို ဖြူး၍ထား၏။
ရယ်ရွှင်ဖွယ်ရာပြုသကဲ့သို့ ချေသည်မ၏ကိုယ်ပေါ်မှာလည်း
ခွေးလှေးယားသီးမှုန့်များ ကြဲချ၏။
ကချေသည်မသည် တစ်ကိုယ်လုံး ယားယံလှသဖြင့် အဖုအပိမ့်များ ထလာရ၏။ အိပ်ရာထဲ၌ ၀င်အိပ်သောအခါတွင်လည်း ပို၍ယားယံစွာ ခံစားရ၏။

ဘုရားရှင်သည် ရောဟိနီမင်းသမီး၏ အတိတ်ကံကို ဤသို့ဟောကြားတော်မူပြီးလျှင် အောက်ပါဒေသနာတော်ကို
ဟောကြားတော်မူလေသတည်း။

• အမျက်ကို စွန့်ရာ၏။
• မာနကို ပယ်ရာ၏။
• သံယောဇဉ်ဟူသမျှကို ကျော်လွန်ရာ၏။
• နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူတို့ထံသို့ . .
ဆင်းရဲဒုက္ခတို့သည် မကျရောက်လာကြပေ။

ဒေသနာတော်အဆုံး၌ ရောဟိနီမင်းသမီးသည် သောတာပန်ဖြစ်ကာ
နူနာရောဂါ ပျောက်သွား၏။
ကိုယ်အရေအဆင်းသည် ရွှေကဲ့သို့ ၀ါဝင်းစိုပြည်၏။
ထိုဘ၀မှ စုတေသောအခါ သိကြားမင်း၏ အချစ်မြတ်နိုးဆုံးသော မိဖုရား ဖြစ်လေ၏။

( ဓမ္မပဒ။ ကောဓ၀ဂ် )

https://www.facebook.com/photo.php?fbid=431310210300149&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...