စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







CVရေးရာတွင် မှားလေ့ရှိသောအမှားများ



ကျွန်တော် CV တော်တော်များများကိုမြင်ဖူးပါတယ်။ တစ်ချို့CVတွေက မြင်တာနဲ့ဖတ်ချင်စရာကောင်းပေမယ့် တစ်ချို့CVတွေကတော့ တော်တော်ကိုအရေးအသားညံ့သေးတာကိုတွေ့ရပါတယ်။ တစ်ချို့ဆို CVထဲမှာ
မမှန်မကန်ပေါက်ကရတွေရေးတာလည်းတွေ့ဖူးပါတယ်။ သူရောက်ဖူးသမျှမြို့နာမည်တွေအားလုံးကို
ချရေးထားတဲ့CVတစ်စောင်ကိုလည်းတွေ့ဖူးပါတယ်။အလုပ်အကိုင်ကောင်းတစ်ခုရဖို့ဆိုတာ CVက
အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်လူတော်တော်များများCVရေးရာမှာ မှားလေ့ရှိတဲ့အမှားတွေကို
အောက်မှာဖော်ပြပေးလိုက်ပါတယ်။
 

(၁) စာရိုက်မှားခြင်း၊ပုံစံမကျစာစီထားခြင်း

ဒီတစ်ခုကတော့ အဖြစ်အမှားဆုံးထဲမှာပါပါတယ်။ Career Builder ၀က်ဘ်ဆိုဒ်ရဲ့ တိုင်းတာစစ်ဆေးမှုတွေအရတော့
အလုပ်လျှောက်လွှာ၅၈%မှာ စာလုံးပေါင်းမှားရိုက်တာတွေကို တွေ့ရှိရပါတယ်။ တစ်ချို့တွေကလည်း အစီစဉ်တကျ
စာမရိုက်ထားတာကိုတွေ့ရပါတယ်။တစ်ချို့တွေကလည်း Grammar အမှားတွေလုပ်ကြတာကိုတွေ့ရပါတယ်။ ဒီလို
အမှားမျိုးတွေက MBAဘွဲ့ရတွေမှာတောင်တွေ့ရတတ်ပါတယ်။ သင့်ကိုယ်အလုပ်ခန့်မည့်သူက သင့်အလုပ်လျှောက်လွှာကို
ဖတ်လိုက်ကတည်းက သင်ဟာတိတိကျကျ၊သေသေသပ်သပ်မလုပ်ပဲ ဖြစ်သလိုလုပ်တတ်တဲ့သူတစ်ယောက်လို့ ထင်မြင်
သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်CVကိုရေးပြီးပါက တစ်ခေါက်သေသေချာချာပြန်စစ်ပါ။ သူငယ်ချင်းတစ်ယောက် သို့မဟုတ်
ကျွမ်းကျင်သူတစ်ယောက်ယောက်ကို ပြန်စစ်ခိုင်းပါ။

(၂) စာမျက်နှာအရေအတွက်

ပုံမှန်အားဖြင့်နိုင်ငံတာကာမှာလက်ခံထားတာကတော့ CVတစ်စောင်မှာ တစ်မျက်နှာသို့မဟုတ်နှစ်မျက်နှာပဲရှိသင့်ပါတယ်။
သင့်မှာ အလုပ်အတွေ့အကြုံ(၁၀)နှစ်ကျော်ရှိပေမယ့်လည်း ၄၊၅မျက်နှာမရေးသင့်ပါဘူး။ ၁မျက်နှာသို့မဟုတ်၂မျက်နှာသာ
အကောင်းဆုံးပါပဲ။ သင့်အလုပ်ရှင်အလိုရှိမယ့်အချက်အလက်များကိုသာ အဓိကထားပြီးရေးသားသင့်ပါတယ်။ CVဆိုတာ သင့်ကိုအင်တာဗျူးခန်းထဲခေါ်ဆောင်သွားနိုင်တဲ့ စာတစ်စောင်ပါ။ အင်တာဗျူးအခန်းထဲရောက်ရင်တော့အရမ်းကြီး
အရေးမပါတော့ပါဘူး။ ဒါပေမဲ့အင်တာဗျူးခန်းထဲမရောက်ခင်အထိတော့ သင့်အတွက်အရေးကြီးဆုံးအရာပါ။
ဒါကြောင့်မို့ အရှည်ကြီးမရေးပါနဲ့။အဓိကအချက်အလက်ပါအောင်သာရေးပါ။ ၁မျက်နှာသို့မဟုတ် ၂မျက်နှာသာရေးပါ။
၂မျက်နှာထက်တော့မပိုပါစေနဲ့။

(၃) ပုံစံမကျခြင်း၊ အပြင်အဆင်လွန်ခြင်း

အကယ်၍ သင်ကဒီဇိုင်နာသို့မဟုတ်အနုပညာနဲ့ပက်သက်တဲ့အလုပ်မျိုးလျှောက်နေတာမဟုတ်ဘူးဆိုရင်တော့ သင့်CVကို
ရိုးရှင်းစွာရေးပါ။ font size ကို 10or11ပဲထားပါ။ Margin ကို 0.5”လောက်ထားလို့ရပါတယ်။ Spacingကိုလည်း
ပုံမှန်ထားပါ။ သင့်CVကို Google Docsနဲ့ပဲကြည့်ကြည့် Microsoft Word နဲ့ပဲကြည့်ကြည့် ကြည့်ကောင်းအောင်ရေးသားပါ။ အကောင်းဆုံးနည်းလမ်းကတော့ PDF fileနဲ့သိမ်းထားခြင်းပါပဲ။

(၄) အရင်အလုပ်မှ လျှို့ဝှက်ချက်များဖော်ပြမိခြင်း

တစ်ချို့သောသူများက CVပေါ်မှာသူတို့တော်ကြောင်းပြောချင်သောကြောင့် အရင်ကုမ္ပဏီမှလျှို့ဝှက်ချက်ပြသနာများကို
ဖော်ပြတတ်ကြပါတယ်။ သူတို့ဘယ်လိုဖြေရှင်းခဲ့ကြောင်းလည်း ရှင်းပြတတ်ကြပါတယ်။ အလုပ်ရှင်များက ထိုသို့သော
ဝန်ထမ်းမျိုးကိုအလိုမရှိပါဘူး။ သူ့ဆီကထွက်သွားရင်လည်း နောက်တစ်ယောက်ဆီမှာသူ့ကုမ္ပဏီမှလျှို့ဝှက်ချက်များကို
သင်ပြောပြနိုင်တယ်လို့ တွက်ချက်သွားပါလိမ့်မယ်။ဒါကြောင့်မို့ အရင်အလုပ်မှအရေးကြီးသောလျှို့ဝှက်ချက်များကို
CVပေါ်မှာမရေးပါနဲ့။

(၅) လိမ်ညာခြင်း

သင့်ရဲ့CVပေါ်မှာ ဘယ်တော့မှမလိမ်ညာသင့်ပါဘူး။ သင်လိမ်ညာတဲ့အတွက် (၁) သင့်ကိုအချိန်မရွေးအလုပ်ဖြုတ်
လိုက်လို့ရတယ်။ (၂) သင့်ရဲ့လိမ်ညာမှုဟာ သင့်နောက်ကို အမြဲလိုက်နေပါလိမ့်မယ်။ သင်အခြားနေရာတစ်ခုမှာ
ရာထူးတိုးခါနီးကျမှ သင်အရင်ကလိမ်ခဲ့ဖူးတဲ့အကြောင်းပေါ်သွားတာမျိုးမဖြစ်နိုင်ဖူးလို့ပြောလို့မရပါဘူး။
ဒါကြောင့်ဘယ်တော့မှ မညာပါနဲ့။

အမှားကင်းသောCVများရေးနိုင်ကြပြီး အလုပ်အကိုင်ကောင်းများရကြပါစေ။
မိုးရှင်း (I.M.T)

https://www.work.com.mm/my/helpful-resources/cv-common-mistakes.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...