စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သီဟာသနပလ္လင်


                      
သီဟာသနပလ္လင်မှာ မြန်မာမင်းတို့ နန်းတော်၌ ရှိခဲ့သော ရာဇပလ္လင် ကိုးခုအနက် ယခုတိုင်ကျန်ရှိနေသေးသော ပလ္လင်ပေတည်း။


ရှေးက နန်းတော်တွင် ရာဇပလ္လင်ကိုးခုရှိသည်။ ပလ္လင်ခံအရုပ်များကို အစွဲပြု၍ ဟံသာသနပလ္လင်၊ ဘမရာသန ပလ္လင်၊ ဂဇာသနပလ္လင်၊ သီဟာသနပလ္လင် စသည်ဖြင့် ခေါ်ဝေါ်ရိုး ရှိလေသည်။ သီဟာသနပလ္လင်မှာ ခြင်္သေ့ခံ ပလ္လင်ဖြစ်၍ ထိုအမည်တွင်၏။ ခြင်္သေ့မှာလည်း မြန်မာတို့အဖို့ ရဲရင့်ခြင်း၊ အကြီးအအုပ်ဖြစ်ခြင်း သဘောကို ဆောင်၏။ ထို့ကြောင့် ရှိခဲ့သမျှသော ရာဇပလ္လင်များအနက် ထိုရာဇပလ္လင်မှာ အနက်အဓိပ္ပာယ် ထူးထူးခြားခြား ရှိသည်ဟု ဆိုနိုင်လေသည်။


သီဟာသနပလ္လင်သည် နှစ်ခုရှိပေ၏။ တစ်ခုသည် မြေနန်းပြသာဒ်၌ရှိ၍ ကျန်တစ်ခုသည် လွှတ်တော်၌ ရှိလေသည်။ မြေနန်းပြသာဒ်ရှိရာ ရာဇပလ္လင်တွင် မင်းမိဖုရား နှစ်ပါးထိုင်၍ နှစ်သစ်ကူးကာလ၊ ၀ါဝင်ကာလ၊ ၀ါထွက်ကာလဟူ၍ တစ်နှစ်လျှင် သုံးကြိမ်ကျ မင်းညီမင်းသား၊ စော်ဘွားမှူးမတ်တို့ အကန်တော့ခံမြဲ ဖြစ်လေသည်။ လွှတ်တော်ရှိရာ ပလ္လင်တွင်မူ မင်းဧကရာဇ်ထိုင်၍ တရားစီရင်ရလေသည်။ မင်းဧကရာဇ် မလာသော် မင်းဧကရာဇ်ကိုယ်စား အိမ်ရှေ့မင်းသား၊ လွှတ်တက်မင်းသား၊ လွှတ်တော်ဝန်ကြီး စသည်ဖြင့် တရားစီရင်ရလေသည်။


ထို့ကြောင့် မြေနန်းပြသာဒ်နှင့် လွှတ်တော်ရှိ သီဟာသနပလ္လင် နှစ်ခုစလုံးသည် မင်း၏ အချုပ်အခြာအာဏာသဘောကို ဆောင်လေသည်။ သီဟာသနပလ္လင် လုပ်ဆောင်ထားပုံကလည်း ဤသဘောကို အထူးလေးနက်စေလေသည်။


၁၈၈၅ခုနှစ် ၀ိတိုရိယဘုရင်မကြီး လက်ထပ်တွင် မြန်မာနိုင်ငံကို ဗြိတိသျှ(အင်္ဂလိပ်) စစ်သည်တို့ တိုက်ခိုက် သိမ်းယူလေသည်။ သီပေါဘုရင်နှင့် မိဖုရားခေါင်ကြီးကို အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ခေါ်ဆောင်လေသည်။ ထို့ပြင် လွှတ်တော်ရှိ သီဟာသနပလ္လင်ကို ကာလကတ္တားသို့ သယ်ဆောင်လေသည်။


၁၉၄၈ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် သီဟာသနပလ္လင်ကို
အိန္ဒိယဘုရင်ခံဖြစ်သူ မောင့်ဗက်တင်ကအခမ်းအနား နှင့်တကွ ပြန်လည်ပေးအပ်ခဲ့လေသည်။ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်ကား မြန်မာပြည်သူ အများကြည့်ရှုလေ့လာရန်ဟူ၍ သမ္မတအိမ်တော်မှ အမျိုးသားပြတိုက်သို့ သီဟာသနပလ္လင် ပေးပို့ရောက်ရှိ လာခဲ့လေသည်။


(မှတ်ချက်။ ဆရာတိုက်စိုး ရေးသားသော ၀သုန္ဓရီနှင့် ရိုးရာအထိမ်းအမှတ်များ စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...