စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်မပျော်ဘူးဆိုရင်


              
မအိပ်မနေ အသက်ရှည်ဆိုသော မြန်မာဆိုရိုးစကားရှိသော်လည်း အနောက်တိုင်းဆေးပညာကတော့ သည်အချက်ကို မထောက်ခံပါ။ မကြာသေးမီက ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက် အသစ်တစ်ခုက အိပ်စက်ခြင်း သည် ကျန်းမာရေးနှင့် ဦးနှောက်အတွက် အလွန်အရေးကြီးသည် ဟု ဆိုပါသည်။ သူတို့၏အဆိုအရ အိပ်စက်ခြင်းသည် ဇိမ်ခံခြင်းမဟုတ်။ ခန္ဓာကိုယ်ကျန်းမာရေးနှင့် အသက် ရှည်ရေးအတွက် အရေးကြီးသောအရာတစ်ခုဖြစ်သည်ဟု သိရသည်။

ညတိုင်းခေါင်းအုံးပေါ် ခေါင်းကိုတုံးခနဲအိပ်ချလိုက်သောအခါ အားလုံးကို ခဏတာမျှအလျှော့ပေးမေ့ထား လိုက်ခြင်းဟု လူတွေက ယူဆကြသည်။ အမှန်တကယ်တော့ စိတ်ကိုခေတ္တအနားပေးလိုက်ခြင်းဖြစ်ပါသည်။ အသံများ၊ အလင်းရောင်များ၊ အတွေးများ၊ အနံ့များအားလုံးဆီက ရှောင်ပုန်းခွင့်ယူလိုက်ခြင်းဖြစ်သည်။ပြီးတော့ ကိုယ်၏စွမ်းရည်များကို ခဏအနားယူလိုက်ခြင်းလည်း ဖြစ်ပါသည်။

မကြာသေးမီက အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ရုပ်မြင်သံကြားစစ်တမ်းတစ်ခုအရ အမေရိကန်တွင် လူဦးရေ ၇၀ ရာခိုင် နှုန်းက အိပ်စက်ခြင်းကို ဘဝ၏အရသာတစ်ခုဟု ဖြေဆိုခဲ့သော်လည်း လူ ၄၀ ရာခိုင်နှုန်းကတော့ ကောင်းကောင်းအိပ်စက်ခွင့်မရပါဟုဆိုပါသည်။ အမေရိကန် အိပ်စက်ခြင်းဖောင်ဒေးရှင်းအဖွဲ့၏အဆိုအရ အမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံသည် တစ်ညလျှင် ခြောက်နာရီအောက်သာ အိပ်ရပြီး ၅၁ ရာခိုင်နှုန်းက တစ်ပတ်တွင် ရက်အနည်းငယ်လောက် အိပ်ရန်ခက်သည့် ပြဿနာကြုံရသည်ဟုသိရသည်။

မြန်မာပြည်တွင်တော့ သည်လိုစာရင်းကောက်ယူမှုများမရှိသော် လည်း အိပ်မပျော်သည့်ရောဂါကိုခံစားရသူများ အတော်များများရှိ သည်ဟု ရန်ကုန်မြို့မှ ဒေါက်တာဇော်မင်းက ပြောပါသည်။

‘‘အသေအချာတော့ စာရင်းတွေ၊ ဘာတွေကောက်တာတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးခန်းမှာတော့ အိပ်မပျော်လို့ချည်းသက် သက်နဲ့ကို ဆေးခန်းလာပြရသူတွေအတော်များများရှိပါတယ်။ များသော အားဖြင့် လူလတ်ပိုင်းအရွယ် စီးပွားရှာရသူတွေပိုများပါတယ်’’

မြန်မာတိုင်းရင်းဆေးဆိုင်များတွင်လည်း အများဆုံးရောင်းချနေ သည်က အိပ်လို့ကောင်းစေသော သွေးဆေးကဲ့သို့သော ရိုးရာတိုင်းရင်း ဆေးများဖြစ်သည်ဟု တိုင်းရင်းဆေးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

‘‘တိုင်းရင်းဆေးဈေးကွက်မှာ ‘အိပ်မပျော်ဘူးလားရွှေပုပ္ပား သွေးဆေးကိုစား’ဆိုတဲ့ ရွှေပုပ္ပား သွေးဆေးက အိပ်ကောင်းတယ်လို့နာမည်ကြီး တယ်။ နောက်ရွှေမန်းတောင်သွေးဆေး။ ပြီးတော့ လူပျံတော်ပတ္တမြား။ အဲဒီလို အိပ်ကောင်းစားကောင်းစေတဲ့ ဆေးတွေက ခေတ်အဆက်ဆက် အရောင်းရဆုံးပါပဲ’’ဟု ရန်ကုန် ကြည့်မြင်တိုင်မှ တိုင်းရင်းဆေး ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။

ထိုကဲ့သို့ အိပ်ဆေးများကဲ့သို့ အိပ်လို့ကောင်းသည့် တိုင်းရင်းဆေး များ အရောင်းရတွင်ကျယ်နေသည်မှာ မြန်မာပြည်မှာလည်း အိပ်မပျော်နိုင်တဲ့သူများ အတော်များများရှိနေပြီဆိုတာ သက်သေပင်ဖြစ်ပါသည်။

ထို့အပြင် အမေရိကန်နိုင်ငံ မစ်ချီဂန်တက္ကသိုလ်က အိပ်စက်ခြင်း ဆိုင်ရာ သုတေသနတစ်ခုကို ပြုစုသောပညာရှင်များက လူများ၏ အိပ်စက်ချိန်နည်းပါးခြင်းသည် ရက်စက်အနိုင်ကျင့်တတ်သော အကျင့်စရိုက်နှင့် ပတ်သက်ဆက်စပ်မှုရှိနေကြောင်း ပြောကြားလိုက်သည်။

ဥပမာ-ကျောင်းသားကလေး သူငယ်များသည် နေ့စဉ်အိပ်ချိန် ၁၀ နာရီကနေ ၁၂ နာရီအထိ မပြည့်ပါက ကျောင်းမှာစည်းကမ်း လိုက်နာမှုအားနည်းပြီး အတန်းဖော်သူငယ်ချင်းများကို ရန်လိုအနိုင်ကျင့်တတ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ကလေးများကို အိပ်ချိန်များများအိပ်စက်ခြင်းဖြင့် ရန်လိုမှုများကို မိဘများကနည်းပါးအောင် ပြုလုပ်ရမည်ဟု သူတို့က တင်ပြထားပါသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က ပြည်ပအသံလွှင့်ဌာန၌ အလုပ်လုပ်နေသူတစ်ဦးက ထိုအယူအဆသည်မှန်ကန်ကြောင်း ထောက်ခံပါ သည်။

‘‘အဲဒါဟုတ်တယ်။ ကျွန် တော်တို့ ရေဒီယိုတွေမှာ ညဆိုင်း ဆင်းပြီး အိပ်ရေးမဝတဲ့အခါမှာ စိတ်ကအလကားနေရင်း မည် မည်ရရမရှိ စိတ်တိုနေတတ်တယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေ လည်း အဲဒီလိုပဲ။ နေ့ဘက်ဆင်း ပြီး အိပ်ရေးဝတဲ့အခါကျရင် အဲဒီ လိုမျိုးမဖြစ်ဘူး’’

တချို့ဆေးပညာရှင်များက တော့ အိပ်ရေးဝခြင်းသည် ရောဂါ များကို မကုစားနိုင်ပါဟုဆိုပါ သည်။ သို့သော်လည်း အိပ်ရေးဝ ခြင်းက ခန္ဓာကိုယ်၏လည်ပတ် လှုပ်ရှားမှုကို အထောက်အကူဖြစ် စေပါသည်။ အိပ်ရေးမဝဘဲ အအိပ်ပျက်မှုများလာပါက နောက် ဆက်တွဲအစားပါပျက်လာမည်။ ထိုမှတစ်ဆင့် ကိုယ်ခံအားနည်း လာပြီး ကျန်းမာရေးချို့ယွင်းလာ နိုင်ပါသည်။ တချို့ကတော့ အိပ် စက်ခြင်းသည် ကျန်းမာရေး အတွက် ကောင်းသည်ဆိုသော် လည်း နှစ်နှစ်ခြိုက်ခြိုက်နေ့စဉ် အိပ်စက်ဖို့က လွယ်ကူသည့် အလုပ်မဟုတ်ဟု ဆိုသည်။

များသောအားဖြင့် ကလေး ငယ်တွေသာ အပူအပင်ကင်းစွာ အိပ်ပျော်ကြသော်လည်း လူ အများမှာ အရွယ်ရလာ၊ အသက် ကြီးလာလေ အိပ်မပျော်မှုများလာ လေဖြစ်တတ်ပါသည်။

ယနေ့ခေတ်မှာ ရောဂါရှိသူ များကလွဲ၍ လူအတော်များများ အိပ်မပျော်ရသည့် အဓိက အကြောင်းရင်းမှာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကြောင့်ဖြစ်ပါ သည်။ ထို့ကြောင့် ယနေ့ခေတ်မှာ အိပ်ပျော်အောင် အိပ်ဆေးသောက် သည်ဆိုသည်က ပုံမှန်ထုံးစံလိုဖြစ် လာနေပါပြီ။

ကနေဒါနိုင်ငံတွင် အသက် (၆၅)နှစ်လူကြီးတွေ အိပ်ဆေး သောက်မှုများလာကြသဖြင့် အိပ် ဆေးမသောက်ရေးလှုပ်ရှားမှုတစ် ခုကို သက်ဆိုင်ရာက ဆောင်ရွက် နေပါသည်။ သူတို့က သက်ကြီး လူနာတွေကို အိပ်ဆေးအစား ဘေးထွက်ဆိုးကျိုးနည်းပါးသော အိပ်ပျော်စေသည့်နည်းများသုံး ရန် ပညာပေးလှုံ့ဆော်နေပါသည်။

အမေရိကန်နိုင်ငံ ပင်ဆာ ဗေးနီးယားတက္ကသိုလ်က ဆေး သုတေသနပညာရှင်များကမူ အိပ်ဆေးမပါဘဲ သဘာဝနည်း လမ်းဖြင့် အိပ်စေသောနည်းများ ကို တင်ပြခဲ့ပါသည်။

ထိုအထဲတွင် နည်းတစ်နည်း က အကယ်၍ ညအိပ်ရာဝင်ပြီး အိပ်ရာထဲတွင် မိနစ် ၂၀ လောက် ကြာသည့်တိုင် အိပ်မပျော်လျှင် အိပ်ရာကနေထွက်သွားပါဟု အကြံပြုထားပါသည်။ အိပ်ရာက နေထပြီး တစ်ခုခုကို မိနစ် ၃၀ လောက်မောပန်းသွားအောင်လုပ် ပါဟု ဆိုပါသည်။ သို့သော်လည်း မီးအရမ်းလင်းလင်းအောက်မှာ မလုပ်ပါနှင့်ဟု အကြံပေးထားပါ သည်။

နောက်တစ်ခုကတော့ မြန်မာတွေနှင့်ရင်းနှီးသည့် တရား ထိုင်ခြင်းပင်ဖြစ်ပါသည်။ အိပ်ခါ နီးတိုင်း ဆောင်းတွင်းဆိုရေနွေး၊ နွေအခါရေအေးဖြင့် ရေစိမ်ချိုး ခြင်းကလည်း အိပ်ပျော်ရန် အထောက်အကူပြုပါသည်။ ထို့ အတူ နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ ကျင့်ခန်းလုပ်ခြင်း၊ ယောဂကစား ခြင်းတို့ကလည်း အိပ်ပျော်စေပါ သည်။ ထို့အတူ ပန်းရနံ့များ၊ အမွှေးတိုင်များဖြင့် စိတ်ကိုသက် သာအောင်လုပ်ပြီး အိပ်စက် အောင်ပြုလုပ်နိုင်သည်။

ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ် စသောကဖင်း ဓာတ်ပါသည့် အစားအသောက် များကို မွန်းလွဲပိုင်းကျော်သည်နှင့် ရှောင်လျှင် အကောင်းဆုံးဖြစ် သည်။ ထို့အတူ ဆေးလိပ်ဖြတ် ခြင်းကလည်း အိပ်ပျော်မှုကို အထောက်အကူပေးသည်ဟု ဆိုပါသည်။

နောက်ဆုံးတစ်ခုက အိပ်ရာ ကို စစ်တလင်းလိုမဖြစ်ပါစေနှင့် ဟုဆိုပါသည်။ ဆိုလိုသည်မှာ အိပ်ရာကိုတတ်နိုင်သမျှ သက် သောင့်သက်သာဖြစ်အောင်ပြု လုပ်ပါဟု ဆိုလိုခြင်းဖြစ်သည်။ အိပ်မည့်ခေါင်းအုံး၊ စောင်နှင့် မွေ့ရာ၊ အိပ်ရာခင်းတို့ကို တတ် နိုင်သမျှ သက်သောင့်သက်သာ ဖြစ်အောင် ရွေးချယ်ပြင်ဆင်ရ မည်။ အပူအအေးမျှတစေရမည်။ အသံဗလံကင်းအောင်နှင့် တိတ် ဆိတ်ငြိမ်သက်သောပတ်ဝန်း ကျင်လည်းဖြစ်ဖို့လိုအပ်ပါသည်။

စမ်းချောင်းက ရပ်ကွက် အလှူခံမဏ္ဍပ်နှင့် မျက်နှာချင်း ဆိုင်မှာနေသူ၊ ညဘက်အိပ် မပျော်တတ်သူမသီရိလွင်က အဆိုပါနောက်ဆုံးနည်းသည် သူ့အတွက်လိုက်နာရန်ခက်ပါ သည်ဟု ဆိုပါသည်။

‘‘ဘာလို့လဲဆိုတော့ အိမ် ရှေ့က အလှူခံမဏ္ဍပ်က တစ်ချိန် လုံးလော်စပီကာသံညံနေတာ။ ကိုယ်တွေမပြောနဲ့ ပုံပြင်ထဲက စလီပင်းဗြုတီးဆိုတဲ့ မင်းသမီး လေးတောင် ဒါမျိုးနဲ့ကြုံရင်လန့်နိုး သွားလောက်တယ်’’
7 day daily


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...