စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိဗ္ဗာန်ဆော်ကို အမြင်မှားသော သူဋ္ဌေး



သာဝတ္ထိမြို့တော်မှ နိဗ္ဗာန်ဆော် တယောက်သည် ဘုရားအမှူးရှိသော သံဃာတော်မြတ်များအား ဆွမ်းကပ်ရန် အရပ်ထဲတွင် လှည့်လည် နှိုးဆော်၍ အလှူခံ၏။ လူများသည် ဆန် ဆီ ဆား စသော ပစ္စည်းများ လှူဒါန်းကြသည်၊
သူဋ္ဌေးတယောက်သည်ကား -
"သူတတ်နိုင်သမျှ သူ့ဘာသာသူ လှူတာမဟုတ်ဘူး၊ သူတကာထံလိုက်ပြီး အလှူခံနေတယ်"
-ဟု တွေးကာ စိတ်မကျေမနပ် ဖြစ်နေသည်။ သူ့ထံ အလှူခံရန် သွားရောက်သောအခါ ဆန်ကို လက်သုံးချောင်းဖြင့် ယူ၍ ထည့်လှူ၏၊ ပဲကိုလည်း ထို့အတူ အနည်းငယ်သာ ထည့်လှူ၏။

နိဗ္ဗာန်ဆော်သည် ဆန် ပဲကို သီးခြားထည့်ထားရာ သူဋ္ဌေးက မသင်္ကာ၍ လိုက်ချောင်းသည်၊ အကယ်၍ ပရိသတ်အလယ်တွင် ဤဆန် ပဲတို့ကိုပြ၍ ရှုတ်ချပြောဆို အရှက်ခွဲလျှင် သတ်ပစ်မည်ဟု စိတ်ထဲက ကြိမ်းဝါးထားသည်။

နိဗ္ဗာန်ဆော်သည် ထမင်း ဟင်းတို့ကို ချက်ရာ၌ သူဋ္ဌေးလှူသော ဆန်နှင့်ပဲ တို့ကိုယူ၍ ထမင်းအိုး ဟင်းအိုးစေ့အောင် နည်းနည်းစီ လိုက်၍ ထည့်သည်၊ ဘုရားနှင့် သံဃာတော်များ ဆွမ်းကပ်သောအချိန်တွင် နိဗ္ဗာန်ဆော်က -

" ဤဆွမ်း၊ ဟင်း အလှူများသည် လူအများပါဝင်သော ကောင်းမှုဖြစ်ပါသည်။ လှူဒါန်းသူအားလုံး အကျိုးကြီးမြတ်ပါစေဘုရား"

-ဟု လျှောက်ထားရာ သတ်မည်ကြံထားသော သူဋ္ဌေးသည် နိဗ္ဗာန်ဆော်၏ စိတ်ထားမြင့်မြတ်ပုံကို သိရပြီးနောက် မိမိ၏ အပြစ်ကို ၀န်ချတောင်းပန်လေသည်။

ဘုရားရှင်က ထိုအဖြစ်နှင့်ပတ်သက်၍ အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
မာဝ မညေထ ပုညဿ ၊ န မန္ဒံ အာဂမိဿတိ ။
ဥဒ ဗိန္ဒု နိပါတေန ၊ ဥဒ ကုမ္ဘောပိ ပူရတိ ။
ဓိရော ပူရတိ ပုညဿ ၊ ထောကံ ထောကမ္ပိ အာစိနံ ။

( မြန်မာပြန် )
အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးပေးလိမ့်မည်မဟုတ်ဟု
ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။
မိုရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့
ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

( ဆောင်ပုဒ် )
နည်းငယ်ကောင်းမှု၊ ပြုသည့်အတွက်၊ ကျိုးမသက်ရောက်၊ မဖြစ်လောက်ဟု၊ အောက်မေ့စိတ်ထဲ၊ အယူစွဲနေ၊ မထီမဲ့မြင်၊ မပြုချင်နှင့်၊ စဉ်ဆက်မိုးပေါက်၊ ဆက်ကာရောက်သော်၊ ခွက်ယောက်အိုးစရည်း၊ မည်မျှကြီးလည်း၊ တဖြည်းဖြည်းသာ၊ ပြည့်မြဲသာမို့၊ ပညာဉာဏ်ရှိ၊ လူက၀ိသည်၊ ကောင်းသည့်အမှု၊ အစဉ်ပြု၏။

( ပါပ၀ဂ်၊ ဗိဠာလပါဒကသေဋ္ဌိဝတ္ထု )


https://www.facebook.com/501057299977813/photos/a.501060999977443.1073741826.5

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...