စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Paranoia- ပါရာနွိုင်းရား(ယုံမှားလွန်ခြင်း)





လူတွေဟာ တစ်ခါတလေ ကိုယ်ကဘယ်လိုပဲကြိုးစားပြီး လုပ်ဆောင်ပေမယ့် အစစအရာရာအဆင်မပြေဘဲ တလွဲတချော်တွေဖြစ်တတ်တယ်။ အဲဒီအခါမှာ တခြားလူတွေနှောက်ယှက်လို့၊ မကူညီလို့၊ ပူးပေါင်းဆောင်ရွက်မှု
မရှိလို့ အခုလိုပျက်စီးဆုံးရှုံးရတာဖြစ်တယ် ဆိုပြီး သူတစ်ပါးကို အပြစ်တင်တဲ့အပြင် စိတ်အချဉ်ပေါက်ပြီး အရာရာကိုလည်း မထီလေးစားဖြစ်လာတတ်တယ်။

ပါရာနွိုင်းရား ယုံမှားလွန်ဝေဒနာရှင်တွေဟာလည်း သူတစ်ပါးကို အပြစ်တင်တတ်ပြီး စိတ်အချဉ်ပေါက်တဲ့အပြင် လောကကို မထီတရီလုပ်ချင်စိတ်လည်းရှိနေတာတွေ့ရတယ်။ အထူးသဖြင့်တော့ သာမန်တွေထက် ပိုပိုကဲကဲလေးဖြစ်တဲ့ သဘောရှိတယ်။ ဝေဒနာရှင်ဟာ တစ်ချိန်လုံးလိုလို သူ့ကိုမှရွေးပြီး အခွင့်အရေးယူခံရတယ်။ သူ့အပေါ်မှာပဲ မကောင်းမှုပြစ်ဒဏ်တွေဟာ စုပုံပြီးကျတယ်လို့ ယူဆကြတယ်။ ယေဘုယျအားဖြင့် သူ့
ယုံမှားလွန်းစနစ်ဟာ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊ တီထွင်ကြံဆမှု၊ သစ္စာမရှိသောဇနီး.... စတဲ့ ဘ၀မှာ ရင်ဆိုင်ရတတ်တဲ့ ဖြစ်ရပ်တွေကို ဗဟိုပြုထားကြောင်း တွေ့ရတယ်။

ပုံစံပြရရင် အလုပ်အကိုင်အဆင်မပြေတဲ့လူတစ်ယောက်ဟာ သူအခုလိုဖြစ်ရတာ အထက်လူကြီးတွေက လျစ်လျူရှုထားလို့၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက မနာလိုလို့၊ အထူးသဖြင့် သူ့ရဲ့စွမ်းရည်နဲ့ လုပ်ဆောင်ချက်တွေကိုမနာလိုလို့ဖြစ်တယ်လို့ ထင်မြင်ယူဆတတ်တယ်။
ဒါကြောင့် အဲ့ဒီအလုပ်ကထွက်ပြီး တခြားကုမ္ပဏီတစ်ခုမှာ အလုပ်ပြောင်းလုပ်တယ်။

အဲဒီဒုတိယအလုပ်မှာလည်း လုပ်ငန်းကိုင်ငန်းက အဆင်မပြေပြန်ဘူး။ အဲဒီအခါမှာ
သူဟာ ပထမလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီက စာရေးပြီးချောက်တွန်းထားလို့သာ သူဘယ်လိုကြိုးစားကြိုးစား အလုပ်အကိုင်အဆင်မပြေတာဘဲ ဖြစ်တယ်လို့ ယုံကြည်သွားတယ်။ အဲဒီလိုနဲ့ပဲ တစ်နေ့တခြား သူ့ရဲ့ ယုံမှားလွန်စနစ်ထဲကိုမကျေနပ်စရာ အတွေ့အကြုံတွေပွားများ ၀င်ရောက်လာခြင်းပဲဖြစ်တယ်။

ယေဘုယျအားဖြင့်တော့ အညှင်းပန်းခံရတယ်ဆိုတဲ့ အစွဲအလမ်းတွေဟာ ယုံမှားလွန်တုံ့ပြန်မှုထဲမှာ အများဆုံးတွေ့ရပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ထူးခြားတဲ့စွမ်းရည်တွေနဲ့ ပြည့်ဝနေ သူဖြစ်တယ်ဆိုတဲ့ ဘ၀င်မြင့်ယုံမှားလွန်ခြင်းလည်း ရှိနေတတ်တယ်။

ဘ၀င်မြင့်ယုံမှားလွန်ခြင်းဆိုတာကတော့ သူ့ကိုယ်သူ ဘုရားသခင်ရဲ့တမန်တော် ကိုယ်စားလှယ် (ဒါမှမဟုတ်) လူမှုရေးတော်လှန်ရေးခေါင်းဆောင် (ဒါမှမဟုတ်) ထူးဆန်းတဲ့ပစ္စည်းတီထွင်ဖန်တီးသူ
စသဖြင့် ထင်မြင်ယူဆခြင်းပဲဖြစ်တယ်။ ဘာသာရေးယုံမှားလွန်ဝေဒနာရှင်တွေကတော့ သတ္တ၀ါအများကို ကယ်တင်ချေချွတ်ပြီး နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ဖို့ဟာ သူတို့ရဲ့တာဝန်ပဲလို့ ယူဆပြီး တစ်ချိန်လုံး တရားချည်းဟောနေတတ်တယ်။

တချို့ယုံမှားလွန်ဝေဒနာရှင်တွေကတော့ နိုင်ငံရေးမှာ တဖက်အစွန်းရောက်သူတွေဖြစ်ပြီး သူတို့သာ အမြဲမှန်တယ်လို့ ကြွေးကြော်နေတတ်ကြတယ်။

ဒီဝေဒနာရှင်တွေဟာ သူ့ရဲ့ယုံမှားလွန်စနစ်ကလွဲရင် အပြောအဆိုအပြုအမူနဲ့ စိတ်လှုပ်ရှားမှုတွေမှာ သာမန်စံကိုက်တွေပဲလို့ ထင်မှတ်ရတယ်။ စိတ်ချောက်ခြားမှုတို့၊ စိတ်ရောဂါပြလက္ခဏာတို့ ကို တွေ့ရခဲတယ်။ ဝေဒနာရှင်တွေဟာ သူတို့ရဲ့ ယုံမှားလွန်စနစ်ကို ယုတ္တိရှိရှိတည်ဆောက် တတ်ကြတယ်။

သူတို့ရဲ့ယုံကြည်ချက်ကို ထောက်ခံတဲ့ပတ်ဝန်းကျင်အချက်အလက်တွေကိုလည်း ရွေးချယ်စုဆောင်းတတ်ကြတယ်။ သူတို့ဟာ အစစ်အမှန်လောကနဲ့လည်းအမြဲတစေ ထိတွေ့နေကြ သူတွေဖြစ်လေတော့ သူတို့ရဲ့စိတ်ဝေဒနာကို အကြောင်းဖော်ရတာဟာ တစ်ခါတလေ အင်မတန်ခက်ခဲကြောင်း တွေ့ရပါတယ်။

(ပညာရေးဝန်ကြီးဌာန- အဝေးသင်တက္ကသိုလ်- စတုတ္ထနှစ်ဝိဇ္ဇာတန်း-စံလွဲစိတ်ပညာပို့ချက်ချက်များ၊ သင်ရိုးအမှတ်-၄၀၂၊ အတွဲ-၂၊ စာ-၂/၃/

ငှက်ငယ်


https://www.facebook.com/photo.php?fbid=181544648667366&set=a.181534442001720.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...