စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ရိုးရာ ထိုးကွင်းဓလေ့


 
 
         ကျွန်တော့ ဘ၀မှာ ထိုးကွင်းဆိုလို့ အဖေ့ဘက်ကတော်တဲ့ ကျတော့် အဖိုးဆီမှာ ပထမဆုံးမြင်ဖူးခဲ့ တာပါ ။ အဲဒီတုန်းက ကျတော် က လေးငါးခြေက် နှစ်အရွယ် ၊ အဖိုးဆီ သွားလည်တဲ့ အခါတိုင်း နှိုပ်ပေး နှင်းပေးရပါတယ် ။ အဲလို အချိန်မှာ အသက်က ၈၀ လောက်ရှိနေပြီဖြစ်တဲ့ ကျတော့် အဖိုးက သူ့ဖွားဘက်တော်ကိုမှ လုံအောင် အတော်ဖုံးနေရတဲ့ အရွယ် ဆိုတော့ နှင်းနှိပ်ပေးနေတဲ့ ကျတော်တို့ က သူပေါင်နှစ်ဘက် မှာ ရှိတဲ့ ထိုးကွင်းတွေ
ကို အထင်းသားမြင်နေရပါတယ် ။
 
       အမေ့ ဘက် ကတော်တဲ့ အဖိုးဆီ မှာတော့ အဲဒီလို ထိုးကွင်းထိုးထားတာမျိုး မတွေ့ ဖူးပါဘူး ။ အဲ ....ဒါပေမယ့် အမေ့ဘက်ကအမျိုးထဲ က အဖိုးတော်စပ်သူတစ်ယောက် မှာတော့ ထိုးကွင်းရှိပါတယ် ။ အဲဒီ အဖိုး ကျတော်တို့ အိမ် ကို အလည်လာတဲ့ အချိန်မျိုးမှာဆိုရင် အဖေက အဲဒီ အဖိုးရဲ့ ပေါင်လုံးကို သွားလှန်ကြည့်ဖို့ ကျတော် တို့ ကိုတိုက်တွန်းလေ့ ရှိပါတယ် ။ တကယ်တော့ အကြေင်းသိနေတဲ့ အဖေက အဖိုးကို စ ချင်လို့  အဲလို လုပ်တာပါ ။ အဖိုးကတော့ အဲ လို သူ့ ပေါင်ကို သွားလှန်ကြည့် တိုင်း ကျတော် တို့ကို ဆဲဆို မောင်းထုတ်တတ်ပါတယ် ။ ဘာလိုလဲ ဆိုတော့ သူမှာ ရှိတဲ့ ထိုးကွင်းက သူများတွေ မှာလို
ပေါင်နှစ်ဖက်စလုံးမှာထိုးထားတာမျိုး မဟုတ်ဘဲ ပေါင်တစ်ဖက်မှာသာ ထိုးထားလို့ ပါပဲ ။ အဲဒီတော့ ကျတော့် အဖိုးခမြာ ရှက်တာပေါ့ ။ ဘာဖြစ်လို့ အဲ လို တဖက်တည်း ထိုးကွင်းထိုးထားတာပါလိမ့် လို့ စပ်စုကြည့်တော့ 

......အဲဒီ အဖိုးငယ်ငယ် က လူပျိုအရွယ်လေးမှာ သူများတကာလို ထိုးကွင်းထိုးချင်လွန်းလို့ သူ့ မိဘတွေ တားနေတဲ့ အကြားက မရမက သူ့သဘောနဲ့သူ ထိုးကွင်းထိုးဆရာ ခေါ်ပြီးထိုးခဲ့ တယ်တဲ့ ။ အဲလို ထိုးကွင်း ထိုးတာ ဟာဘယ်လောက် များနာကျင် သလဲ တော့ မသိဘူး ပေါင်တစ်ဖက် ထိုးပြီး တဲ့ အချိန်မှာ ဘယ်လို မှဆက်မထိုးနိုင်အောင် နာကျင်လွန်းတာကြောင့် နောက်ထပ် ဆက်မထိုးဖြစ်တော့ ဘူးတဲ့ ။ အဲဒါကြောင့်မို့  ကျတော်တို့မြင်ခဲ့ ရတဲ့ အချိန်ထိ ထိုးကွင်းတစ်ဖက်တည်းသာဖြစ်နေပါတယ် တဲ့ ။

အဲဒီခေတ်က ထိုးကွင်းထိုးတော့ မယ် ဆိုရင် လူသူဝေးတဲ့ ၊ အိမ်နဲ့ လှမ်းတဲ့ သစ်ပင်အောက်တို့ ဘာတို့ မှာ ဖြစ်ဖြစ် နေရာယူပြီး ထိုးလေ့ ရှိတယ်လို့ ဆိုပါတယ် ။ အဲ လို မှ မဟုတ်ရင် ထိုးခံတဲ့ သူရဲ့  နာကျင်မှု ဒဏ်ကြောင့်အော်ဟစ် လိုက်တဲ့ အသံဟာ လူတွေမကြားကောင်း အောင်ဖြစ်နေလို့ပါတဲ့။တချို့ဆို အော်သံမထွက်အောင်ပါးစပ်မှာအ၀တ်တစ်ခုခု ဆို့ ထားပြီး မှ ထိုးခံတယ် တဲ့ ။ ထိုးတဲ့ သံစုတ်ဟာ နှစ်ခွမှ လေးခွအထိ ရှိကြပြီး အသားထဲတိုးစိုက်လိုက်တဲ့စုတ် ကို ပြန်နှတ် လိုက်ရင် စုတ်မှာ သားရေတွေတွယ်ပြီး ပြန်ပါလာတယ် တဲ့ ။ အင်း ...အဲ လိုဆို တော်တော် ကို အနာခံပြီး ထိုးရတဲ့ ထိုးကွင်းပေဘဲပေါ့ ။ ဘယ်လောက် အထိ နာကျင်ခံပြီး ထိုးခဲ့ရတဲ့ ထိုးကွင်းလည်း ဆိုတာစဉ်းစားသာ ကြည့် ပါတော့ ။

ကျွန်တော် တို့မြန်မာနိုင်ငံမှာ လက်လှန်းမှီသလောက် အဖိုးတို့ ခေတ်အထိ ထိုးကွင်းထိုးတဲ့ ဓလေ့ ခေတ်စား ခဲ့ပေမယ့် ကျတော်တို့ အဖေတို့ခေတ်ရောက်မှာတော့ အဲဒီ ဓလေ့ ဟာ မှေးမှိန်သွားပြန်တယ် ။ အဲ ..ကျတော်တို့ ခေတ်ကျပြန်တော့ ထိုးကွင်းကနေ ဆင်းသက်လာတဲ့ ထက်တူး ထိုးတဲ့ အလေ့ အထဟာ ခေတ်စားလာပြန်ရော..။ အင်တာနက် စာမျက်နှာတွေ အပေါ်မှာ ထိုးကွင်းထိုးထားတဲ့ ပုံတွေ ဟာ ယောင်္ကျားတွေ ရဲ့ ခန္တာ ကိုယ် မှာသာမကဘဲ မိန်းကလေးတွေ ကိုယ်ပေါ်မှာပါ ထိုးလာနေကြတာ တွေ့ နေရပါတယ် ။ တချို့ တွေ ဆို မြင်အံ့ မမြင်အံ့ နေရတွေ မှာပါ စုံလို့ ပါပဲ ။ အဲဒါကြောင့် မို့ ကမ္ဘာ့အနေနဲ့ မဟုတ်ဘဲ ကျတော် တို့ မြန်မာ နိုင်ငံမှာ ဘယ်ခေတ်ဘယ် အခါ ကထိုးကွင်းထိုးတဲ့ ဓလေ့ စတင်ခဲ့ တာလဲ ဆိုတာ ကိုသိချင်လို့ စာလေး ဘာလေး ရှာဖတ်ကြည့်တော့ ဆရာမကြီး ဒေါ်စောမုံညင်း ရေးတဲ့ ဆောင်းပါးတစ်ပုဒ် ကိုဖတ်ခဲ့ ရပါတယ် ။
ဆရာမကြီးရဲ့  ဆောင်းပါးမှာ ထိုးကွင်းကို ဘုန်းတော်ဘုရားလက်ထက် တောင်မင်းကြီးရဲ့ သား မောင်ကန် ကနေပြီး စတင်ထိုးခဲ့ တယ်လို့ ဆိုပေမယ့် ဒီထက်စောတဲ့ ခေတ်တွေ ကတည်းကလည်းအဲဒီ အလေ့ထတွေရှိခဲ့တဲ့ အထောက်ထားတွေ တွေ့ ရပါသေးတယ်တဲ့ ။ 
 
ပုဂံခေတ်နဲ့ ခေတ်ပြိုင် တရုတ် မှတ်တမ်းတစ်ခုမှာ ... မြန်မာနယ်စပ်ရှိလူတွေဟာကိုယ်မှာမင်သေတွေထိုးထားလေ့ရှိပြီး မျောက်သားရေစစ်ဝတ်တန်ဆာများကိုဝတ်ဆင်ထားလေ့ ရှိကြောင်းဖော်ပြထားတယ် တဲ့ ။ ဒါပေမယ့် ပုဂံခေတ် ဆေးရေးပန်းချီတွေ မှာ အဲလို မင်ကြောင်ထိုးထားတဲ့ အထောက်ထားကို မတွေ့ ရပြန်ပါဘူးလို့ဆိုတယ် ။ တခါ အီတလီနိုင်ငံ ဗင်းနစ်မြို့ သား နီကိုလီကွန်ဒီ ဟာ 1435 ခုနှစ် ယိုးဒယား နဲ့ တနင်္သာရီ ကိုဖြတ်ကျော်ပြီး အင်းဝမြို့ ကိုရောက်ရှိလာတဲ့ အခါ....မိုးညင်းမင်းတရားလက်ထက်မှာ မြန်မာများဟာ တစ်လင်တစ်မယား စနစ်ကိုကျင့်
သုံးပြီး ထိုးကွင်းတွေ ထိုးထားလေ့ ရှိတယ် ၊ ပေရွက်အပေါ်မှာ စာတွေ ရေးတယ် ၊ အသားအပေါ်မှာ သံဆူးနဲ့ထိုးပြီး ဖျက်မရအောင်ဆေးတွေ နဲ့ ပွတ်တယ် လို့ သူ့မှတ်တမ်းမှာဖော်ပြထားပါတယ်လို့ ဆိုပါတယ် ။

ရှေးမြန်မာတွေ ဟာ အလုပ်ကြမ်းလုပ်တဲ့ အခါ နဲ့စစ်တိုက်ထွက်တဲ့ အခါတွေမှာ ခါးတောင်းကြိုက်လေ့ ရှိတဲ့ အတိုင်း ပေါင်ပေါ်မှာ အမြင်လှစေဖို့ နဲ့ ယောင်္ကျားပီသတယ် ဆိုတာကိုပြချင်လို့ ခါးကနေ ဒူးအထိ တိုးကွင်းတွေ ထိုးကြတယ်လို ယူဆရပါတယ် ။ ထိုးကွင်းမထိုးဘဲ ပေါင်လုံးပြောင် ကြီးနဲ့ လူတွေ ကို ယောင်္ကျားမပီသဘူးလို့ လည်းကဲ့ ရဲ့ လေ့ရှိသေးတယ်တဲ့ ။ ဒါကြောင့် မို့ လည်း နတ်သျှင်နောင်က သူ့ ညီ မင်းရဲကျော်စွာ ချစ်ကြိုက်နေတဲ့ ချစ်သူမင်းသမီးလေးက သူ့ကိုချစ်ရေးဆိုလာတဲ့ မင်းရဲကျော်စွာမှာ ထိုးကွင်းမထိုးထားလို့ လှောင်ပြောင်တဲ့ အကြောင်း........" မင်းရဲကျော်စွာ ၊ အမည်သာလွင့်ပေါ် ၊ မင်သေသော်မှ ၊ နံတော်နှစ်ဘက် ၊ ခွန်းမစက်သည် ၊ မရှက်ပတ်လည် ဝေးသေးသည် " ဆိုပြီး ရတုတစ်ပုဒ် စပ်ထားခဲ့ ဖူးတယ်လို့ မှတ်သားရဖူးပါတယ် လို့ မှတ်သားရဖူးပါတယ် ။ အဲလို ဆိုတော့ အဲဒီခေတ်က ထိုးကွင်းထိုးထားတဲ့ ယောင်္ကျားပျိုတွေ မိန်းကလေးတွေ အရှေ့ မှာ တော်တော် မျက်နှာပန်းပွင့်ပုံ ရပါတယ် ။
 
 ဒါကြောင့်လည်း ရှေးက ထိုးကွင်းထိုးထားတဲ့ ယောင်္ကျား ပျိုတွေဟာ ခါးတောင်းကို သေသေချာချာကျိုက်ပြီး ခြင်းခတ်ရာမှာ ဖြစ်ဖြစ်၊အလုပ်လုပ်ရာမှာဖြစ်ဖြစ် ယောင်္ကျားပီသကြောင်း ၊ သတ္တရှိကြောင်း ပြကြတယ် ထင်ပါတယ် ။
ရှေးမြန်မာများ ထိုးကွင်းထိုးတဲ့ အခါ ခါးကနေ ဒူးဆစ် အထိ ဆေးနက်ရောင် ၊ အနက်ပြာရောင်တွေနဲ့ ကြောင်ရုပ် တွေကိုသာ အဓိကထိုးလေ့ ရှိလို့ "မင်ကြေင်" လို့ ခေါ်တာဖြစ်ပါတယ်တဲ့ ။ မင်ကြောင် ဆိုတာကတော့ မြို့ မှာ ခေါ်တာဖြစ်ပြီး တော မှာတော့ ထိုးကွင်း လို့ ခေါ်တာဖြစ်ပါတယ် ။ အစ ပထမ ပေါင်တဖက်မှာ ကြောင်ရုပ်နဲ့ အခြားတစ်ဖက်မှာ ဆေးအမည်းကွက် ကော် ကိုသာ ထိုးလေ့ ရှိတယ်ဆိုတာကို 

" ပုတီးသာဆောင် ၊ ကြောင်တစ်ကောင် ၊ ကော်တဘက် နှင့် ထိုးလက်စ မသိမ်း " ဆိုတဲ့ စာအရသိရပါသေးတယ်တဲ့ ။ နောက်ပိုင်းမှာတော့ ထိုးတဲ့ အရုပ်တွေကတော့ အစုံလို့ ပါပဲ ။ ကြောင်ရုပ် ၊ ငှက်ရုပ် အိမ်မြောင်ရုပ် ၊ နတ်ရုပ် ၊ ဘီလူးရုပ် စသဖြစ်ထိုးကြပါတယ် ။ ပြီးတော့ ထိုးကြတာကလည်း ပေါင်မှာ သာမကပဲ ရင်ဘက် ၊ ပခုံး ၊ လက်ဖြန် ၊ လည်ပင်း နဲ့ မေးရိုးပါ မကျန် ထိုးလာကြပါတယ် ။ တချို့ ကလည်း အလှဖြစ်ထိုးကြသလို အဆောင်
လက်ဖွဲ့  အနေနဲ့ ထိုးတာလည်း ရှိပါတယ် ။ အဲဒီ ခေတ်က မြန်မာတွေ ဟာ ထိုးကွင်း မင်ကြောင်တွေကို တန်ဖိုးထား ပြီး ထိုးကြပေမယ့် ငွေကုန်ပြီး အသားနာခံထိုးကြတာကို စာချိုးထားတာ ရှိပါသေးတယ် ။ " ဗမာတွေ ၀ဋ်မကင်းလို့ ၊ လွတ်မငြင်းနိုင်ရှာ ၊ ဇွတ်အတင်းကိုင်ကာ ၊ ထိုင်ရာမှာ အသာလှဲ ၊ ငွေပေးလို့ အနာရှာတယ် ၊ ဗမာမှာ လောကငရဲ " တဲ့....။ 

ရှေးမြန်မာတွေ ထိုးကွင်း ထိုးတဲ့ ဓလေ့ အကြောင်းကို စုံစုံစိစိ လေ့လာရမယ်ဆိုရင် အတော်စိတ်ဝင်စားစရာ ကောင်းမယ် လို့ထင်ပါတယ် ။ အခု ရေးပြထားတာ ဟာ ကျတော် သိသလောက် လေးနဲ့ ဆရာမကြီး ဒေါ်စောမုံညင်း ရဲ့  ဆောင်းပါး ကို အခြေခံပြီး ရေးပြထားတာသာဖြစ်ပါတယ် ။ ဘယ်လိုမှ ထိုးကွင်းအကြောင်းပြည့်စုံတဲ့ စာတစ်ပုဒ် ဖြစ်မှာ မဟုတ်ပါဘူး ။ တကယ်တော့ ကျတော် တို့ မမွေးခင်လောက် အချိန်က ဆိုရင် ရှေးမြန်မာများရဲ့  ထိုးကွင်းထိုးတဲ့ ဓလေ့ ကိုအံ့သြ စရာအဖြစ် ထင်မှတ်ကြမှာ ဖြစ်ပေမယ့် အခုချိန်အခါ မှာ မြန်မာ အပါဝင် ကမ္ဘာပေါ် ရှိလူတွေတော်တော်များများ တက်တူး ထိုးတဲ့ ဓလေ့ ပြန်လည်ခေတ်စားလာတဲ့ အခါမှာတော့ ဒါတွေ ဟာသိပ်တော့ မဆန်းသလို ဖြစ်လာရပါတယ် ။ 
 
      ဘာကြောင့်လဲ ဆိုတော့ အခုခေတ်တက်တူးထိုးတဲ့ သူတွေ မှာ အရင်ခေတ်ကလိုအသားနာခံစရာမလိုဘဲအရောင်သွေးရောဒီဇိုင်းပါပိုမိုသာလွန်ကောင်းမွန်တဲ့ ဆေးရေး မင်ကြောင်တက်တူး မျိုးတွေ ကို ကျတော် တို့ မြင်တွေ့ လာကြရလို့ပါပဲ ။ တက်တူး နဲ့ပက်သက်ပြီး ကျတော်သိချင်တဲ့ ချက်က အရင်ခေတ် မြန်မာတွေ မှာ တက်ထူးထိုးထားတဲ့
ယျောာက်လေးတွေ ကို မိန်းကလေး တွေက အထင်ကြီးပြီး လိုလိုလားလား နှစ်သက်လက်ခံ ကြပေမယ့် ခုခေတ်မှာ ထိုးနေကြတဲ့ တက်တူး တွေဟာ ယခုခေတ် မိန်းကလေး တွေ ကို အရင်ခေတ်ကလောက် ဆွဲဆောင်မှု ရှိနေသေးရဲ့ လားဆိုတဲ့ အချက်ပါ ။ ဒါပေမယ့် တက်ထူး ထိုးတဲ့ ရည်ရွယ်ချက် ချင်းကလည်း ကွာအုံးမယ် ထင်ပါတယ် ။
 
 ( ရန်နောင်စိုး )

https://www.facebook.com/photo.php?fbid=573973159292727&set=a.406663002690411.9

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...