စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘီပိုးနှင့် ပက်သက်သည့် အမေးအဖြေများ



အသည်းရောင် “ ဘီ ” ပိုး ကိုယ့်မှာ ရှိနေပြီဆိုရင်

လူတိုင်းလူတိုင်းမှာ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုသလို အကြောင်းကံမသင့်လို့အသည်းရောင်အသားဝါ Bပိုးစွဲကပ်ခံရတာမျိုးရှိနိုင်ပါတယ်။Bပိုးစွဲကပ်ခံရသူဟာလူချင်းမတူတော့ဘူးလား၊အိမ်သူအိမ်သားတွေနဲ့ တစ်သီးတစ်ခြားခွဲနေ၊ခွဲစားရတော့မှာလား၊Bပိုးဟပျောက်ကင်းနိုင်တဲ့ရောဂါကိုဖြစ်စေမှာလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။
သူရောကိုယ်ပါ B ပိုးအကူးခံရနိုင်မယ့် အလားအလာတွေလည်း ရှိနေကြတာပါပဲ။ ယခုတစ်ပတ်မှာ မန္တလေး
ပြည့်သူ့ဆေးရုံကြီးက အသည်းအထူးကုသမားတော်ကြီး ဒေါက်တာဦးသံစစ် MBBS MMedSc ( Int Med) MRCP (UK) (ပါမောက္ခ/ ဌာနမှူး၊ အသည်းရောဂါ ပညာဌာန၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး) ကိုသွားရောက်တွေ့ဆုံပြီး
B ပိုးစွဲကပ်မှုနဲ့ သိသင့်သိထိုက်တာတွေကို မေးမြန်းပါတယ်။

အသည်းရောင် “ဘီ” ပိုးရှိနေတဲ့လူဟာ ဘယ်လိုနေထိုင်ရမှာလဲဆရာ။
ပထမအချက်ကတော့ B ပိုးရှိတယ်လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် အများစုက စိတ်ပျက်အားလျော့ဖြစ်တတ်ကြပါတယ်။ သွေးစစ်ပြီးမကြည့်ခင် အရင့်အရင်နေ့တွေတုန်းက ကျန်းကျန်းမာမာပျော်ပျော်ရွင်ရွင် သွားလာစားသောက်လို့ နေရာကအိပ်မပျော်စားမ၀င် အပူသည်လုံးလုံးဖြစ်သွားကြတယ်။ ငိုလည်းငိုကြတယ်။ ပူပန်လို့၊ ငိုလို့B ပိုးပျောက်မသွားပါဘူး။ သတိရှိရှိစိတ်ရှည်ရှည်နဲ့ B ပိုးရှိတဲ့အခြေအနေကို ရင်ဆိုင်ဖို့က ပထမဆုံးအရေးကြီးတဲ့အ
ချက်ပါပဲ။ B ပိုး ရှိတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ သန်း(၃၅၀) နီးပါးလောက်ရှိတယ်။



 မြန်မာပြည်မှာ ဆယ်ယောက်တစ်ယောက်နီးပါးရှိနေတာပဲ။ ကိုယ့်လိုပဲ သတိရှိရှိနဲ့ ဒီအခြေအနေကို ရင်ဆိုင်တဲ့သူတွေ အများကြီးရှိနေတာကို သိရမယ်။ မိတ်ဆွေအပေါင်းအသင်းတွေကလည်း နားလည်ဖို့လိုတယ်။ ကိုယ့်မိတ်ဆွေ B ပိုးရှိတယ် လို့ သိတာနဲ့ ရှောင်ဖယ်ဖယ် ခပ်ခွာခွာ နေချင်ကြတယ်။ အသားချင်းထိပေမယ့် အတူနေစား အတူနေ သွားလို့ တစ်ယောက်ကနေတစ်ယောက် ကူးစက်တက်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။သီးသန့်သုံးရင်ရပါရဲ့နဲ့၊ သုံးသင့်ပါလျှက်နဲ့ အတူတူရောသုံးတဲ့ အလေ့အကျင့်ကြောင့်ကူးနိုင်တယ်။ ဥပမာမုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊ ပွတ်တိုက်တဲ့အခါ သွေးစ၊ သွေးန စွန်းနိုင်တဲ့ပစ္စည်းတွေပေါ့။ ထမင်းအတူတူစားလို့ရ
ပါတယ်။ ဒါပေမဲ့ သောက်ရေခွက်သီးသန့်၊ ဇွန်းသီးသန့် ထားရင်တော့ ပိုကောင်းတာပေါ့။ ထပ်မံလိုအပ်တဲ့ စမ်းသပ်မှုလေးတွေ လုပ်သင့်လုပ်ထိုက်တဲ့ စမ်းသပ်မှုလေးတွေ လုပ်ဖို့တော့လိုတယ်။ အိမ်ထောင်သည်ဆိုရင် မိမိအိမ်ထောင်
ဖက်ပါ စစ်ဆေးရမယ်။ ပိုးရှိရင် ကိုယ့်လိုပဲ နေထိုင်ဖို့လိုတယ်။ ခုနကပြောတဲ့ သီးသန့် အသုံးအဆောင်ထားတာတို့၊
နှစ်ယောက်လုံးဒီလိုပဲ အတူတူနေရမှာပေါ့။ ပိုးမရှိရင်တော့ကာကွယ်ဆေးထိုးထားပေါ့။ ကလေးယူမယ်ဆိုရင် မွေးပြီးပြီး
ချင်း ကလေးကို ကာကွယ်ဆေးထိုးဖို့လိုမယ်။ ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြုတို့စတဲ့ ကျန်းမာရေးစောင့်ရှောက်
တဲ့သူတွေကို အသိပေးရမယ်၊ ပြောပြရမယ်။ ဒါမှလိုအပ်တဲ့ သတိလေးနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပေါ့။ မိမိအိမ်သူ
အိမ်သားတွေ အားလုံးကိုလည်း စစ်ကြည့်ရင်ကောင်းတယ်။ မရှိရင် ကာကွယ်ဆေးထိုးပေါ့။

‘ဘီ’ ပိုးရောဂါရှိနေရင် အိမ်ထောင်ပြုလို့ရပါသလား။


ရပါတယ်။ အိမ်ထောင်ပြုလို့ရပါတယ်။ အိမ်ထောင်ပြုဖို့ ရည်ငံထားသူတွေ၊ ရည်ရွယ်ထားသူတွေ စီမံချက်
လေးနဲ့ လိုက်ပြီး သတိလေးနဲ့ စီစဉ်ဆောင်ရွက်ဖို့ လိုတာတွေရှိတယ်။ အိမ်ထောင်ပြုတယ်ဆိုတော့ သာမန်အတူနေ
အတူသွား မဟုတ်တော့ဘူး၊ လိင်ဆက်ဆံတာပါတယ်။ လိင်ဆက်ဆံတာက ပင်မအဓိကကျတဲ့ ကူးစက်ပုံနည်းလမ်း
ဖြစ်နေတော့ ပိုပြီးသတိထားရမယ်။ အိမ်ထောင်ပြုချိန် ဝေးသေးတယ်ဆိုရင် B ပိုး ရောဂါရှိသူနဲ့ အိမ်ထောင်ပြုမယ့်သူ
က အချိန်ယူပြီးတော့ ကာကွယ်ဆေး (၃) ကြိမ် ပြည့်အောင်ထိုးရမယ်။ ပြီးရင် ကာကွယ်ဆေးအောင်/ မအောင် စစ်ဖို့
လိုတယ်။ အောင်ရင် လုံခြုံတယ်။ အိမ်ထောင်ပြုဖို့ ရက်ပိုင်း၊ လပိုင်းနီးနေရင်တော့ ကာကွယ်ဆေး (၃) ကြိမ်ကို လခြား
ပြီး အရင်ထိုးမယ်။ ကာကွယ်ဆေးအောင်တဲ့အချိန်ထိ ကွန်ဒုံးသုံးဖို့လိုမယ်။ လင်ရယ်၊ မယားရယ် ဖြစ်ပေမယ့် သီးသန့်
အသုံးအဆောင်လေးတွေ ထားဖို့လိုမယ်။

‘ ဘီ’ ပိုး ရောဂါဟာ ပျောက်ကင်းသွားနိုင်ပါသလား။
ပျောက်နိုင်ပါတယ်။ ပျောက်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ပျောက်နိုင်တယ်လို့ ပြောတာ။ ရောဂါ တစ်ခုပျောက်တယ် ဆိုတာက လူတစ်ယောက်ရဲ့ကိုယ်ခံစွမ်းအား ရောဂါခုခံနိုင်တဲ့အားပေါ်မှာမူတည်တာ။ တခြား
ရောဂါတွေတွဲရှိတယ်/ မရှိဘူး ဆိုတာလည်း မူတည်သေးတယ်။ လူကြီးဘ၀မှာ ရောဂါပိုးဝင်တယ်ဆိုရင် ၉၀% က
အလိုလိုပျောက်တာ။ ဆယ်ယောက်မှာ ကိုးယောက်ကအလိုလိုပျောက်တာ။ ရောဂါခံနိုင်ရည်စွမ်းရည်အပြည့်အဝ
မဖွံ့ဖြိုးသေးတဲ့ ကလေးဘ၀မှာ ကူးစက်ရင် ဆယ်ယောက်မှာ ခုနှစ်ယောက်အလိုလိုပျောက်တယ်။ မွေးကင်းစမှာ
ဝင်ရင်တော့ ဆယ်ယောက်မှာ တစ်ယောက်ပဲပျောက်တယ်။ ရောဂါပျောက်တဲ့လူတွေထဲမှာလည်းမြန်မြန်ပျောက်တဲ့သူ
နဲ့ နှေးနှေးပျောက်တဲ့သူ ရှိသေးတယ်။ နှေးနှေးနဲ့အဆင့်ဆင့် ပျောက်တဲ့သူတွေက စိတ်ရှည်သည်းခံစောင့်ကြည့်ဖို့
လိုမယ်။

အခုပေါ်ပေါက်နေတဲ့ဆေးတွေက ‘ဘီး’ ပိုး ရောဂါ တကယ်ရောပျောက်ရဲ့လားဆရာ။
ယခုလက်ရှိသုံးနေတဲ့ဆေးနှစ်မျိုးက ထိုးဆေးတစ်မျိုး၊စားဆေးတစ်မျိုးရှိပါတယ်။ ထိုးဆေးတစ်မျိုးက Interferon – 2A , B နဲ့ စားဆေးတစ်မျိုးက Lamivudine ရှိပါတယ်။ ဒီနှစ်မျိုးမှာတစ်မျိုးက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး Lamivudine က virus ပွားတာကိုချပေးတယ်။ ပိုးပွားတာကိုတားထားတာ။ Suppression of viral replication လို့ ခေါ်တယ်။ ကျန်တဲ့တကယ်ပျောက်အောင် လုပ်ရမယ့်အပိုင်းကိုတော့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားက လုပ်ပေးတာ။ ဆေးထိုးသည်ဖြစ်စေ၊ ဆေးစားသည်ဖြစ်စေ လူတစ်ရာမှာကုရင်ကိုးဆယ်၊တစ်ရာပျောက်တဲ့ဆေးတွေမဟုတ်ပါဘူး။ သေသေချာချာရွေးချယ်ထားတဲ့လူတစ်ရာမှာကုရင် သုံးဆယ်၊ လေးဆယ်မှာသာ Suppression of viral replication ရနိုင်တာ။

“ဘီင်္”ပိုးရောဂါရှိသူနဲ့တစ်ဆောင်တည်းနေပြီး ရေချိုးခန်း၊အိမ်သာအတူတူသုံးရင်ကူးနိုင်ပါသလား။
ကူးနိုင်တဲ့အခွင့်အလမ်းအလွန်နည်းပါတယ်။ ဒါပေမဲ့ တစ်ချို့လေ့လာမှုမှတ်တမ်းတွေကစိတ်ဝင်စားစရာ ကောင်းတယ် ။ B ပိုး ရောဂါသယ်ဆောင်ထားတဲ့ကလေးငယ်ငယ်လေးရဲ့ မွေးစားတဲ့မိဘနှစ်ပါးမှာ ရောဂါရှိတာကများ တယ်။ အရွယ်ရောက်လာတဲ့ လူငယ်ကိုမွေးစားတဲ့မိဘမှာ သိပ်ပြီးတော့ကူးတာမတွေ့ရဘူး။ ကလေးဆိုတာကတော့ တတွေး၊ နှပ်တို့ကို စနစ်တကျသတိထားပြီး စွန့်ပစ်တာမျိုးမလုပ်ဘူး။ ဒီလိုလုပ်ရကောင်းမှန်းလည်းမသိဘူး။ ဒီတော့ အတူနေတဲ့သူတွေရဲ့ ကျန်းမာအောင်နေတဲ့အကျင့်စရိုက်ကလည်းတစ်ဖက်တစ်လမ်းကပါမယ်လို့ ပြောရမှာပေါ့။

မုန့်ဟင်းခါး၊၀က်သားတုတ်ထိုး၊လက်လုပ်ချဉ်တို့မှ “ဘီ” ရောဂါရနိုင်သလား။ ရောဂါရှိပြီးသားသူ စားရင်ရောရောဂါ ပိုဆိုးနိုင်ပါသလားဆရာ။
B ရောဂါပိုးဟာမသန့်ရှင်းတဲ့သောက်ရေ၊ မသန့်ရှင်းတဲ့အစားအသောက်တို့မှ ပင်မကူးစက်တတ်တဲ့ရောဂါ မဟုတ်ပါဘူး။ အသည်းရောင်အသားဝါ A အမျိုးအစားနဲ့ E အမျိုးအစားသာ မသန့်ရှင်းတဲ့အစားအသောက်နဲ့ရေ တို့မှ ကူးနိုင်တာပါ။ B ပိုးရှိသူမှာ မသန့်ရှင်းတဲ့အစားအသောက်ကြောင့် A ပိုး၊ E ပိုးတို့ထပ်ဝင်ရင် ရောဂါတွေရပြီး ရောဂါအခံရှိတဲ့လူတွေမှာ ပိုဆိုးသွားနိုင်တယ်။


“ဘီ” ရောဂါကာကွယ်ဆေးကရော တကယ်တမ်းစိတ်ချရရဲ့လားသိချင်ပါတယ်ဆရာ။
ကာကွယ်ဆေးတစ်ခုဟာ စိတ်ချရတယ်ဆိုတာ အချက်နှစ်ချက်ပေါ်မှာ မူတည်တယ်။ တစ်အချက်က ထိရောက်မှုရှိရမယ်။ ရေရှည်ကာကွယ်မှုပေးနိုင်ရမယ်။ ဒုတိယအချက်ကဆိုးကျိုးအာနိသင်တွေမရှိရဘူး။
B ရောဂါကာကွယ်ဆေးက ဆေးညွှန်းပြည့်အောင်သုံးကြိမ်ထိုးရမယ်ဆိုရင် လူတစ်ရာမှာ ကိုးဆယ်ရှစ် ယောက် အထိကာကွယ်မှုပေးနိုင်တဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဆေးထိုးတဲ့နေရာမှာနည်းနည်းပါးပါး နာတာကလွဲရင် ကြီးကြီးကျယ်ကျယ် ဆိုးကျိုးအားနိသင် ဘာမှမရှိပါဘူး။ ခြုံပြီးပြောရရင်တော့ စိတ်ချရပါတယ်။ ကာကွယ်ဆေး အောင်ချက်ရာခိုင်နှုန်းများတဲ့အတွက် အောင်/မအောင်စစ်ဖို့တောင်မလိုပါ။ ဒါပေမဲ့ ရောဂါကူးနိုင်တဲ့ အခွင့်အလမ်းများသူတွေ ဥပမာ- အိမ်ထောင်ဖက်မှာ B ပိုးရှိသူ၊ သွေးနဲ့ထိတွေ့ လုပ်ကိုင်နေရသူများမှာ ကာကွယ်ဆေးအောင်/မအောင် စိတ်ချရအောင် စစ်ဆေးဖို့လိုပါတယ်။ ကာကွယ်ဆေးကို ဘယ်လိုသိုလှောင်ထား တယ်ဆိုတဲ့အပေါ်လည်း စိတ်ချရမှုက မူတည်ပါတယ်။ ထုတ်လုပ်သူက ညွှန်ပြထားတဲ့အတိုင်း အတိအကျ သိုလှောင် ထားဖို့လိုပါတယ်။ အလွန်အေးတဲ့၊ အလွန်ပူတဲ့အပူချိန်မှာကာကွယ်ဆေးပျက်စီးပါတယ်။ တင်ပါးမှာ ထိုးရင်ဆေး သိပ် မအောင်တတ်ပါဘူး။

ပထမကာကွယ်ဆေးတစ်လုံးကို ထိုးပြီးပြီဆိုတာနဲ့ စိတ်ချရပြီလား။ ရောဂါကူးနိုင်သလားဆရာ။
စိတ်မချရသေးဘူး။ ရောဂါကူးနိုင်ပါသေးတယ်။ စိတ်ချရအောင် ဆေးညွှန်းအတိုင်းသုံးလုံးပြည့်အောင် ထိုးဖို့ လိုသေးတယ်။
“ဘီ” ပိုးကာကွယ်ဆေးထိုးပြီးရင် အခြားအသည်းရောဂါတွေကိုရောကာကွယ်နိုင်သလား။
အလွန်ကောင်းတဲ့မေးခွန်းပါဘဲ။ B ကာကွယ်ဆေးက အသည်းရောင်အသည်းဝါ A,B,C,D,E အဓိကငါးမျိုးထဲ မှာ A,C,E ကိုတော့ မကာကွယ်နိုင်ပါဘူး။ B ပိုးအပြင် D ကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါကို ကာကွယ်ပေး ပါတယ်။ ဘာကြောင့်လဲဆိုတော့ D ပိုးရဲ့ ထူးခြားတဲ့လက္ခဏာကြောင့်ပါဘဲ။ D ပိုးဟာ အခြားအသည်းရောင် အသားဝါပိုးတွေလိုပဲလူကိုဒုက္ခပေးတယ်။ B ပိုးနဲ့တပြိုင်တည်း ၀င်ရောက်လာတာဖြစ်ဖြစ်၊နာတာရှည် B ပိုးရောဂါသည် ကို ထပ်ဆင့်ဝင်ရောက်တာပဲဖြစ်ဖြစ် B ပိုးရှိမှသာ လူကို ဒုက္ခပေးနိုင်တယ်။ ဒါကြောင့် B ပိုးကို ကာကွယ်ဆေးနဲ့ ကာကွယ်ထားနိုင်ရင် D ကြောင့်ဖြစ်တဲ့အသည်းရောင်အသားဝါကို ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။
B ပိုးနဲ့ D ပိုးတစ်ပြိုင်နာက်ဝင်ရောက်မှု ( Co-infection) ကိုသာ ကာကွယ်ပေးနိုင်ပြီး B ပိုးရှိပြီးသားလူများ ထပ်ဆင့်ဝင်ရောက်မှု ( Super infection) ကို ကာကွယ်မှုမပေးနိုင်ပါဘူး။
ကာကွယ်ဆေးနဲ့ပတ်သက်ပြီး B ကာကွယ်ဆေးက A ပိုးကို မကာကွယ်နိုင်ပေမဲ့ A ပိုးအတွက် သီးသန့် ကာကွယ်ဆေးရှိပါတယ်။ C နဲ့ E ပိုးတွေအတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။

“ဘီ” ရှိပြီးသူနှစ်ယောက်အိမ်ထောင်ပြုလို့ရသလား။ ပြုရင်ရောဘာတွေဖြစ်လာနိုင်သလဲ၊ ဘာလုပ်သင့်သလဲ။
အိမ်ထောင်ပြုလို့ရပါတယ်။ အခြားသိထားသင့်တဲ့အချက်ကလေးတွေကို သတိထားနေမယ်ဆိုရင် B ပိုးမရှိသေးသူတွေလိုပဲ အိမ်ထောင်ကိုတည်ဆောက်နိုင်ပါတယ်။ အိမ်ထောင်ဖက်နှစ်ဦးတည်းမဟုတ်ဘဲ အခြားမိသားစု ၀င်တွေနဲ့အတူနေမယ်ဆိုရင်သူတို့ကို မကူးစက်အောင် သီးသန့်အသုံးအဆောင်တွေထားတာ၊ B ပိုးမရှိသူတွေအနေ နဲ့ကာကွယ်ဆေးအပြည့်အ၀ထိုးထားတာမျိုးလုပ်ရပါမယ်။ B ပိုးရှိသူအိမ်ထောင်သည်နှစ်ယောက်တည်း အတူနေပြီး ကလေးယူမယ်ဆိုရင်ကလေးကိုမွေးပြီးတာနဲ့ ချက်ချင်းကာကွယ်ဆေးထိုးပေးဖို့လိုပါတယ်။ HBsAg ပါတဲ့ကာကွယ် ဆေး (Vaccine) ရော၊ သွေးရည်ကြည်ကာကွယ်ဆေး (Hyper immunoglobulin) နှစ်မျိုးစလုံး ထိုးပေးရမယ်။ ကလေးကို ခဏခဏ နမ်းတာမျိုးမလုပ်ရင်ကောင်းမယ်။
အိမ်ထောင်ဖက်နှစ်ယောက်လုံးဟာ ဆရာဝန်နဲ့အစဉ်တစိုက်ဆေးစစ်ဖို့လိုပြီးသင့်လျော်တဲ့အချိန်မှာ ဆေး ကုသဖို့လိုရင်ဆေးကုသမှုခံယူရမယ်။ ကလေးကို နို့ရည်တိုက်ကျွေးဖို့ကတော့ သင့်လျော်တဲ့ဆရာဝန်နဲ့တိုင်ပင် ရမယ်။

ကာကွယ်ဆေးထိုးပြီးဘယ်အချိန်မှာခုခံအားစတင်ရှိလာသလဲဆရာ။
ယေဘုယျအားဖြင့် ကာကွယ်ဆေးသုံးလုံးထိုးပြီးသုံးလအကြာမှာ ပဋိပစ္စည်း Anti-HBs တိုင်းကြည့်တော့ B ပိုးကာကွယ်နိုင်တဲ့အဆင့်မီရောက်သူ ၉၀% နဲ့ ၁၀၀% ကြားမှာရှိတယ်။ တစ်ဦးနဲ့တစ်ဦးအသက်ကိုလိုက်ပြီး၊ ပူးတွဲရှိ နေတဲ့ရောဂါကိုလိုက်ပြီး၊ ဗီဇ ဖွဲ့စည်းပုံကိုလိုက်ပြီးတုံ့ပြန်မှုမတူပါဘူး။ တုံ့ပြန်ချိန်လည်း တူမှာမဟုတ်ပါဘူး။ ဆေးထိုး ပြီးတစ်ရက်၊နှစ်ရက်၊တစ်ပတ်၊နှစ်ပတ်၊ တစ်လအချိန်အစဉ်တစိုက်စမ်းသပ်ဖို့မလွယ်လှဘူး။ တတိယမြောက်ဆေးထိုး ပြီး သုံးလအကြာမှာရောဂါကာကွယ်နိုင်တဲ့အဆင့်ရောက်သူ ၉၀% မှ ၁၀၀% ရှိတယ်လို့ပြောကြတယ်။ စမ်းသပ်မှုတစ် ခုနဲ့တစ်ခု ရောဂါကာကွယ်နိုင်တဲ့အဆင့် သတ်မှတ်တာလည်းမတူကြတော့ ရလဒ်တွေလည်းထပ်တူမကျပါဘူး။ ကာကွယ် ဆေး ထိုးပြီး သုံးလအကြာမှ ၉၀% နဲ့ ၁၀၀% ကြားမှာခုခံအား စတင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့နောက် အချိန်ဘယ်လောက်ကြာရင်စိတ်ချရပြီလဲဆရာ။
ခုနကမေးတဲ့မေးခွန်းနဲ့ထပ်တူကျမယ်ထင်ရပေမယ့်တကယ်တော့မတူပါဘူး။ ပဋိပစ္စည်းပေါ်တိုင်း ကာကွယ်မှုရတာမဟုတ်ပါဘူး။ပဋိပစ္စည်း Anti-HBs လုံလောက်စွာမြင့်တက်သူတွေမှာ B ပိုးမ၀င်နိုင်တဲ့အတွက်တတိယမြောက် ကာကွယ်ဆေးထိုးပြီးသုံးလအကြာမှာ စိတ်ချလက်ချကာကွယ်နိုင်တယ်လို့ယူဆရပါတယ်။

“ဘီ” ပိုးကာကွယ်ဆေးကတစ်သက်လုံးကာကွယ်မှုပေးနိုင်သလား။ ဘယ်လောက်အထိ ကြာရှည်ကာကွယ်နိုင်လဲဆရာ။
စနစ်တကျ၊ စိစိစစ်စစ်ဖြေရရင် အင်မတန်အဖြေခက်တဲ့မေးခွန်းတစ်ခုပါဘဲ။ ဒီအဖြေကို နားလည်ဖို့အတွက် B ပိုးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကြိုတင်သိရှိထားဖို့လိုပါတယ်။
B ပိုးဝင်လာပြီး သဘာဝအလျောက် B ပိုးကို တိုက်ထုတ်နိုင်တဲ့သူတွေ B ပိုးဝင်ရောက်ပြီးတဲ့သူတွေမှာ ပဋိပစ္စည်း Anti-HBs ပေါ်တဲ့ ကာကွယ်ဆေးထိုးပြီးအောင်ရင်လည်း ပဋိပစ္စည်း Anti-HBs ပေါ်တယ်။

ဒါပေမဲ့ဒီနှစ်ခုကွာတာက သဘာဝအလျောက် B ပိုးပြီးသူမှာ Anti-HBs ကစဉ်ဆက်မပြတ်မြင့်တက်နေမယ်။ ကာကွယ်ဆေးထိုးပြီးသူတွေမှာပေါ်တဲ့ Anti HBs ကစဉ်ဆက်မပြတ်မြင့်တက်နေမှာမဟုတ်ဘူး။ နှစ်ကာလကြာလာ တာနဲ့ တဖြည်းဖြည်းကျဆင်းပျောက်ကွယ်သွားတယ်။
ဒုတိယအချက်က B ပိုးကာကွယ်ဆေးအောင်ပြီးတဲ့သူတွေမှာ ပဋိပစ္စည်းတဖြည်းဖြည်းနိမ့်ကျပျောက်ကွယ်သွားပေမယ့် ခန္ဓာကိုယ်က B ပိုးကိုတိုက်ခိုက်ဖို့နည်းစနစ်ကိုမှတ်မိတယ်။ အဆင်သင့်ဖြစ်နေတယ်။ Booster dose လို့ ခေါ်တဲ့ကာကွယ်စွမ်းအင် ဖြည့်တဲ့ကာကွယ်ဆေးကိုနောက်တစ်ကြိမ်ထပ်ထိုးဖို့သာလိုတယ်
ပထမမူလကာကွယ်ဆေးထိုးတုန်းကလိုသုံးလုံးထိုးပြီး သုံးလစောင့်မှအဆင်သင့်ဖြစ်တာမျိုး မဟုတ်တော့ဘူး။ Booster dose တစ်လုံးထိုးရုံနဲ့ ခြောက်ပတ်ကနေသုံးလအတွင်းမှာအဆင်သင့်ဖြစ်နေတယ်။ ဒါပေမဲ့ကံကောင်းတာက B ပိုးရဲ့ရောဂါဝင်ချိန်မှ ရောဂါလက္ခဏာစတင်တဲ့အချိန်အထိ Incubation period လို့ခေါ်တဲ့ ရောဂါပျိုးရက်က တော်တော်ကြာတယ်။ Booster dose ထိုးပြီး အဆင်သင့်ဖြစ်ဖို့ကြာမယ့်ကာလထက်ရောဂါပျိုးရက်ကာလက ပိုကြာ တယ်။ ဒါကြောင့် Anti-HBs Level အတိုင်းအတာကျသွားတဲ့အထိ၊ပျောက်သွားတဲ့အထိ B ပိုးကို ကာကွယ်နိုင်သေး တယ်။
တတိယအချက်ကတော့ B ပိုးကာကွယ်ဆေးကို စတင်သုံးစွဲချိန်ကစပြီး ဆယ်နှစ်၊ဆယ့်ငါးနှစ်သာရှိသေး တော့ ဒီထက်ပိုပြီးကြာကြာကာကွယ်နိုင်မယ်/ မကာကွယ်နိုင်ဘူးဆိုတာကို အဖြေယတိပြတ်ပေးဖို့ခက်သေးတယ်။ ဒါပေမဲ့ လေ့လာမှုအရတော့ ကာကွယ်ဆေးထိုးပြီးအောင်ရင် ရာခိုင်နှုန်းပြည့်နီးပါးကာကွယ်မှုရှိတာကို တွေ့ရပါတယ်။
စတုတ္တအချက်ကတော့ B ပိုးနာတာရှည်ဖြစ်မှုဟာ လူကြီးပိုင်းမှာပိုးဝင်လို့ဖြစ်တဲ့ပုံစံနဲ့ မွေးကင်းစတို့၊ ကလေး ဘ၀အရွယ်တို့မှာ ပိုးဝင်လို့ဖြစ်တဲ့ပုံစံမတူဘူး။ လူကြီးဘ၀မှာပိုးဝင်ရင် ၉၀% ကအလိုလိုပျောက်တယ်။ မွေးကင်းစ တို့၊ ကလေးဘ၀တို့မှာစတင်ပြီးပိုးဝင်ရင် ၁၀%၊၃၀% အသီးသီးပျောက်ကြတယ်။ အလိုလိုပျောက်တဲ့ရာခိုင်နှုန်းက သိပ်ကွာနေတယ်။ ခုနှစ်နှစ်ကျော်သွားရင် လူကြီးပုံစံမျိုးဝင်လာတယ်။ အထက်ကပြောခဲ့သလို ဆယ်နှစ်၊ဆယ့်ငါးနှစ် သာ ကာကွယ်နိုင်လို့ဆိုဦး၊ မွေးကင်းစမှာ ကာကွယ်ဆေးစထိုးခဲ့ရင် ရောဂါပိုးဝင်ချိန်ပုံစံက လူကြီးပုံစံဖြစ်သွားမယ်။ အလိုလိုပျောက်ဖို့ အခွင့်အလမ်းသာလာမယ်။ ဒါကြောင့် B ပိုးကာကွယ်ဆေးဟာကြာကြာကြီး ကာကွယ်နိုင်မယ်။ B ပိုးနဲ့တွေဖို့အခွင့်အလမ်းများတဲ့သူတွေမှာ Booster dose မှန်မှန်ထိုးပေးရင် တစ်သက်လုံးကာကွယ်နိုင်မယ်လို့ ယူဆ ရပါတယ်။ ဒါကြောင့်မွေးကင်းစကလေးတိုင်းကို ကာကွယ်ဆေးထိုးနိုင်ရင် ကမ္ဘာမြေပေါ်မှာ B ပိုးကြောင့်ရတဲ့အသည်း ရောဂါဟာလည်း ကျောက်ရောဂါလိုပဲပျောက်ကွယ်သွားနိုင်တဲ့ အခွင့်အလမ်းရှိနေပါတယ်။

အစားအစာကို အာဟာရဖြစ်အောင် စားသုံးနေထိုင်မယ်ဆိုရင် “ဘီ”ပိုးကို ခုခံနိုင်သလားဆရာ။
အာဟာရနဲ့ပြည့်စုံတဲ့သူကို ဘယ်ရောဂါပိုးမဆို အလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ အာဟာရပြည့်စုံပါရဲ့နဲ့ B ပိုးရှိနေသူတွေလည်း အများအပြားရှိတယ်။ လူတစ်ဦးစီရဲ့ Immune response လို့ ခေါ်တဲ့ကိုယ်ခံစွမ်းအားဖွဲ့စည်းပုံပေါ်မှာ အများကြီးမူတည်ပါတယ်။ အာဟာရပြည့်စုံရုံနဲ့တော့ B ပိုးကို မကာကွယ် နိုင်ပါဘူး။
ကာကွယ်ဆေးအောင်တယ်/မအောင်ဘူးဆိုတာကို ရှင်းပြစေချင်ပါတယ်။
B ပိုးကာကွယ်ဆေးထိုးပြီးတဲ့နောက် လူတစ်ရာမှာကိုးဆယ်ရှစ်ယောက်လောက်အောင်တယ်။ တစ်ယောက် နှစ်ယောက်ကမအောင်ဘူး။ B ပိုးအောင်မှု/မအောင်မှုကို တိုင်းတဲ့ Anti-HBs Level ပေါ်မှာ မူတည် တယ်။ 20 units ရဲ့အထက်ဆိုရင် ကာကွယ်မှုပေးနိုင်တယ် ဆိုပေမယ့် အချို့လူတွေမှာ 100 units အထက်မှာ ရှိတယ်။ တုံ့ပြန်တယ်။ High –responder လို့ခေါ်တယ်။ အချို့လူတွေက 20 units နဲ့ 100 units အတွင်းမှာ ရှိတယ်။ 100 units ကျော်သူတွေလောက်ခုခံအားမကောင်းဘူး။ နှစ်ကာလကြာလာတာနဲ့အမျှ ဒီ Level က တဖြည်းဖြည်း နိမ့်ကျလာမယ်။ 20 units အောက်ကျလာရင်စိတ်သိပ်မချရတော့ဘူး။ “B” ပိုး ကူးစက်ဖို့ အခွင့်အလမ်းများတဲ့သူတွေမှာ စွမ်းအားဖြည့် Booster dose ထိုးဖို့လိုတယ်။ ကိုယ်ခံအားလည်းကျတယ်။ သွေးလည်းအများအပြားသုံးဖို့လိုတယ်ဆိုတဲ့လူနာမျိုးတွေ၊ ဥပမာ-ကျောက်ကပ်ကို စက်နဲ့ဆေးရတဲ့လူနာတွေမှာ ကာကွယ်ဆေးကို သာမန်ထက်နှစ်ဆပိုထိုးဖို့လိုမယ်။ အဲသည်လိုမထိုးရင် စိတ်မချရဘူး။ နဂိုကတည်းက ကိုယ် ခံစွမ်းအားကျနေတဲ့သူတွေ၊ ဥပမာ- Prednisolone ခေါ်တဲ့ Steroid သောက်နေတဲ့သူတွေမှာ ကာကွယ်ဆေး အောင်ဖို့အခွင့်အလမ်းနည်းပါတယ်။

ရောဂါပိုးရှိနေတာ အချိန်အတန်ကြာနေပြီဖြစ်တဲ့လူကို အလွယ်တကူဒါမှမဟုတ် အချိန်တိုတိုနဲ့ကုသလို့ရနိုင် သလားဆရာ။
B ပိုးရောဂါဖြစ်ရာမှာ အဆင့်ဆင့်တွေရှိတယ်။ အဲဒီအထဲက နှစ်ဆင့်ကို ပြောရမယ်ဆိုရင် ပထမအဆင့် က Immune Tolerance Phase လို့ခေါ်တယ်။ ခန္ဓာကိုယ်က B ပိုးကို အသည်းမှာ လက်ခံထားတယ်။ တိုက် မထုတ်ဘူး။
ဒုတိယအဆင့်က Immune Clearance Phase လို့ခေါ်တယ်။ ဒီအဆင့်မှာ ခန္ဓာကိုယ်က B ပိုးကို အသည်းမှာလက်မခံဘူး။ တိုက်ထုတ်တယ်။
ပထမအဆင့်က ဒုတိယအဆင့်ကို ပြောင်းတဲ့အချိန်မှာ ကပ်ပြီး ဆေး ပေးမယ်ဆိုရင် အပျောက်မြန်တယ်။ စားဆေး Lamivudine သို့မဟုတ် ထိုးဆေး Interferon -Alpha တို့ကို သင့်လျော် တဲ့ဟာ သေသေချာချာ ရွေးချယ်ပြီးသုံးမယ်ဆိုရင် သုံးလတန်သည်၊ ခြောက်လတန်သည်၊ ကိုးလတန်သည်မှာ ပျောက်တယ်။ ပျောက်တဲ့ရာခိုင်နှုန်းက လူတစ်ရာမှာ လေးဆယ်ရဲ့ အောက်မှာရှိတယ်။ ဆေးတွေကတန်ဖိုး ကြီးပေမယ့် လူတိုင်းမှာ ပျောက်ကင်းစေတဲ့ဆေးတွေတော့ မဟုတ်ဘူး။

အသည်းရောင်“ ဘီ” ပိုးဘယ်လိုပျောက်ကင်းနိုင်သလဲ။
အသည်းရောင်အသားဝါ B ပိုးဟာ လူ့အသုံးဆောင်ပစ္စည်းတွေပေါ်မှာ ကြာရှည်ရှင်သန်နေထိုင်ပြီး တစ်ဦးကနေတစ်ဦးကို ကူးစက်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။
ရေကူးကန်မှာ ရေအတူကူးရင် ကူးစက်မှာလား၊ စားသောက်ဆိုင်မှာ B ပိုးရှိသူနဲ့ အတူစားရင် ကူးစက်မှာလားဆိုတာတွေ ကလည်း စိတ်ဝင်စားစရာပါ၊ B ပိုးဟာပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုမို့ ပျောက်ကင်းပုံအဆင့်ဆင့်ကလည်း သိသင့်တာပါပဲ။

B ပိုးက သာမန်အခန်းတွင်းအပူချိန်မှာ တစ်လလောက် အသက်ရှင်နေနိုင်တယ်လို့ဆိုတော့ B ပိုးရှိတဲ့သူ တစ်ယောက်ဟာ သီးသန့်အသုံးအဆောင်ပစ္စည်းတွေထားပြီး သုံးစွဲဖို့လိုအပ်သလား ဆရာ။
ဒီလို ဖြေကြည့်မယ်။ ယေဘုယျအားဖြင့် ရောဂါကူးစက်တဲ့နေရာမှာ
ပထမအချက်အနေနဲ့ ရောဂါပိုးရဲ့ဇစ်မြစ် (Source) ရှိရတယ်။ ဥပမာ-ရောဂါရှိတဲ့သူ၊ ရောဂါပိုးသယ်ဆောင်သူ-လူ၊ တိရစ္ဆာန်ပေါ့။
ဒုတိယအချက်က ပိုးကိုသယ်ဆောင်တဲ့အရာ (Mode of transmission) ဥပမာ-သွေး၊ သလိပ်။
တတိယအချက်က ရောဂါပိုးလက်ခံသူ (host) ရှိရမယ်။
B ရောဂါဖြစ်သူနှင့် B ရောဂါသယ်ဆောင်သူတွေဟာ Source ပေါ့။ B ပိုးက A ပိုးတို့ E ပိုးတို့လို သည်းခြေပြွန်က တစ်ဆင့် အစာအိမ်-အူလမ်းကြောင်းကိုရောက်ပြီး မစင်ထဲမှာပါတဲ့ ထွက်ပေါက်ထွက်လမ်း မရှိဘူး။ သွေးထဲမှာဘဲ နှစ်ချီပြီး တဝဲလည်လည် ထွက်ဖို့ အခွင့်အလမ်းကိုစောင့်နေတယ်။ သွေးထဲမှာ တစ်ဝဲလည်လည် အကြာကြီးနေတယ်။ နှစ်နဲ့ချီပြီး ချောင်းနေတာဆိုတော့ တစ်ချိန်မဟုတ်တစ်ချိန် ထွက်ပေါက်ရပြီး အခြားလူကိုကူးဖို့က အခွင့်အလမ်းရတော့တာပဲ။ ခန္ဓ္ဓကိုယ်ရဲ့ စစ်ထုတ်ရည်ဖြစ်တဲ့ တံတွေး (Saliva)၊ သုတ်ရည် (semen)၊ မိန်းမအင်္ဂါက စစ်ထုတ်ရည် (Vaginal secretion)၊ နို့ရည် (milk) တို့မှာပါတယ်။
ဒါပေမဲ့ သွေး၊ သွေးရည်ကြည်တို့မှာ ပါသလောက် ကောင်ရေများများမပါဘူး။ အဆတစ်ရာ၊ တစ်ထောင် လျော့နည်းတယ်။ သွေး၊ သွေးရည်ကြည်တို့နဲ့ ထိတွေ့သလောက် မကူးစက်နိုင်ပြန်ဘူး။ ရောဂါလက်ခံသူ (host) မှာ ဒဏ်ရာ၊ ပွန်းပဲ့ရာ၊ အပ်ထိုးရာ၊ အပ်ပေါက်ရာ၊ ခွဲစိတ်ရာ စသည်ဖြင့် ဝင်ပေါက်ကလည်းရှိရသေးတယ်။
နောက်တစ်ချက်က B ပိုးက တစ်ခြား Virus ပိုးတွေနဲ့မတူဘူး။ အလွန်ခံနိုင်ရည် ကောင်းတယ်။ သာမန်အပူချိန်၊ အခန်းတွင်း အပူချိန်မှာ မှန်ပြားပေါ်မှာတင်ထားရင် တစ်လလောက်ရှင်နေတယ်။ အပူလွန်ကဲ၊ အအေးလွန်ကဲဒဏ်ကိုလည်း ခံနိုင်တယ်။ ၆၀ ဒီဂရီစင်တီဂရိတ်မှာ ၄ နာရီထိ ခံနိုင်တယ်။ ဒါပေမယ့် Glutaraldehyde, Formalin, Urea တို့နဲ့ထိရင်တော့ အသေမြန်တယ်။ ဒါကြောင့် ဆေးပစ္စည်း၊ လူ့အသုံးအဆောင်တွေပေါ်မှာ ကြာကြာနေပြီး ကူးနိုင်တဲ့ အခွင့်အလမ်းက ရှိနေသေးတယ်။
နောက်တစ်ချက် သိစေချင်တာက ကာကွယ်တဲ့နည်းလမ်းတွေ။ ကာကွယ်တဲ့နေရာမှာ နည်း(၄)သွယ်ရှိတယ်။
ပထမကတော့ ပြည်သူလူထု ကျင့်ကြံနေထိုင်ဖို့ နည်းလမ်းကောင်းတွေနဲ့ ရောဂါရလွယ်တဲ့ ပြုမူကျင့်ကြံနေထိုင်ပုံတွေကို အသိပေးရှင်းပြတာ၊ General preventive measure လို့ခေါ်တယ်။ ဆောင်ရန်၊ ရှောင်ရန်တွေပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သီးသန့်အသုံးအဆောင်သုံးစွဲရေးစသည့် နေထိုင်နည်းလမ်း ကောင်းတွေ။ မသန့်ရှင်းသော ဆေးထိုးအပ်သုံးခြင်း၊ စည်းကမ်းမရှိ လိင်ဆက်ဆံခြင်း စသည့်ရှောင်ရန်တွေပေါ့။
ဒုတိယအချက်က ကျန်းမာရေးစောင့်ရှောက်သူတွေ လိုက်နာဆောင်ရွက်ရမည့် ပိုးကင်းစင်အောင် ပေါင်းခြင်း (sterilization)၊ ပိုးသုတ်သင်ခြင်း၊(disinfection) စတဲ့နည်းလမ်းကောင်းတွေပေါ့။ဒီနှစ်ချက်ဟာရောဂါ
ကူးစက်ပုံနည်းလမ်းမသိလေလေလိုက်နာဖို့ပို အရေးကြီး လေပါပဲ။ SARS ရောဂါမှာ ဒီနှစ်ချက်နဲ့ပဲကာကွယ် သွား
တယ်။
တတိယနည်း ကတော့ တဖြည်းဖြည်းပေါ်ပေမယ့် ရေရှည်ကြာကြာခံမယ့် ကာကွယ်ဆေးထိုးခြင်း (Vaccination) ပါပဲ။
စတုတ္တအချက်ကတော့ အမြန်ရေတိုကာကွယ်နည်း၊ သွေးရည်ကြည် ကာကွယ်ဆေး ထိုးတဲ့နည်း (Passive Immunization) ပါပဲ။
အထက်ကပြောခဲ့သလိုသီးသန့် အသံုံးအဆောင်ထားရင်တော့ Bပိုးမှ မဟုတ်ပါဘူး၊ အခြားရောဂါ တွေ
လည်း ကာကွယ်နိုင်တာပဲ။ သီးသန့် အသုံးအဆောင် ထားလို့ အကျိုး ယုတ်တာမရှိပါဘူး။ အရင်မေးခွန်း တွေတုန်း ကမွေးစား တဲ့ မိဘတွေနဲ့ ဥပမာ တင်ပြီး တော့နေထိုင် တဲ့ သူတွေရဲ့ သန့်ရှင်း သပ်ရပ်မှု အပေါ်မှာလည်းမူတည်တယ်လို့ပြောခဲ့ပြီးပါပြီ။သီးသန့် အသုံးအဆောင် ထားရမယ်။ ဘယ်လိုနေရမယ်ဆိုတာ တော့ ကိုယ့်ဘာသာကိုယ် စဉ်းစားယူပေတော့။

ကာကွယ်ဆေးမထိုးဘဲနဲ့ B ပိုးကို ကာကွယ်ဖို့ နည်းလမ်းတွေရှိသလား ဆရာ။
သီးသန့် သွားပွတ်တံ၊ မှုတ်ဆိတ်ရိတ်ကိရိယာစတဲ့ သီးသန့်အသုံးအဆောင်တွေထားတာ၊ သွေးသွင်း ရာမှာ B ပိုးပါ/မပါစစ်ဆေးကာကွယ်တာ၊ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးတာနဲ့အထက်ကပြောခဲ့တဲ့ General preventive measure တွေနဲ့ Universal precaution တွေဟာ ထိရောက်တဲ့ B ပိုးကာကွယ်တဲ့နည်းတွေပဲ။ အမြဲသတိရှိနေမှကာကွယ်လို့ရတာ။
ထိရောက်ပေမယ့် သတိတစ်ချက်လွတ်သွားတာနဲ့ ချောင်းနေတဲ့ B ပိုးက ၀င်မှာပဲ။ ချောင်းနေတဲ့ အရာတစ်ခုကိုရှောင်တဲ့နည်းက သတိရှိတာပဲ။ ကာကွယ်ဆေးထိုးသလောက်တော့မလုံခြုံဘူးပေါ့။

“ဘီ” ပိုးက အပူဒဏ်အအေးဒဏ်လည်း ခံနိုင်တယ်ဆိုတော့ “ဘီ” ပိုးရှိတဲ့လူတစ်ယောက်က ရေကူးကန်ထဲမှာ ရေဆင်းကူးတယ်။ အခြားလူတစ်ယောက်ကလည်းတစ်ကန်တည်းမှာ ရေအတူလာကူးမယ်ဆို ရင် “ဘီ” ပိုးကူးစက်ခံရနိုင်သလားဆရာ။
အဖြေခက်တယ်။ ရေကူးကန်က ကူးတယ်ဆိုတာ အရေပြားရောဂါ၊ ၀မ်းကိုက်ဝမ်းလျှောရောဂါ၊ နားရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါတွေများတယ်။ အသည်းရောင် A ပိုးကတော့ကူးတယ်။ E ပိုးလည်းကူးနိုင်တယ်။ ဒါပေမဲ့ B ပိုးကို ရေကူးကန်က ကူးတတ်တယ်ဆိုတာ စာရင်းထဲမှာမတွေ့ရဘူး။ အစာရေစာက မကူးဘူး။ ရောဂါတွေကူးတတ်လို့ ရေကူးကန် ကူးခွင့်ပေးရာမှာ ရောဂါကင်းရှင်းကြောင်း ဆေးစစ်ရသေးတယ်။ ၀မ်းလျှောရင် အရည်သွားတာ၊ သေသေချာချာ လက်မဆေး၊ စအိုမဆေးဘဲ ရေကူးရင် မစင်အစိုင်အခဲ ပေါလောမမြင်ရပေမယ့် ကန်ထဲကရေမှာ မစင်ရောနေတာပါပဲ။ ရေကူးနေတုန်း ၀မ်းလျှောရင် သာတောင်ဆိုးသေးတယ်။ ရေကူးရင်ရေကို ငုံတယ်၊ ထွေးတယ်။ ပါးစပ်က အနာရှိတယ်ဆိုရင် ရောဂါကူးနိုင်တဲ့ အခွင့်အလမ်း ပိုများပါတယ်။ ရေကူးကန် စီမံအုပ်ချုပ် သူတွေပေါ်မှာလည်း မူတည်တယ်။ ကလိုရင်းတို့ လရိုမင်းတို့စတဲ့ ဆေးခတ်ပြီး သောက်ရေသန့်နီးပါး ပိုးကင်စင် ထားပေမယ့်လည်း ဒီလိုအချက်အလက်တွေ စောင့်မကြည့်နိုင်ရင်၊ ပညာမပေးနိုင်ရင် ရောဂါကူးလွယ်မှာပါ်။ ဒါကယေဘုယျ ကူးနိုင်တဲ့သဘောကိုပြောပြတာပါ။ ရေကူးကန်မှာ ရေကူးပြီးရင်ပြန်တက်၊ အိမ်ပြန်၊ ဒီလိုမှမဟုတ်တာ။ ရေကူးကန်ဝန်းကျင် လှုပ်ရှားမှုတွေပါ ထည့်တွက်ရင် B ပိုးမကူးဘူးလို့ မုချမပြောနိုင်ပါဘူး။ အ၀တ်ကနံငယ်ပိုင်းပဲဝတ်တာ၊ အသားချင်း (အရေပြားချင်း) ထိဖို့က များပါတယ်။ အထူးသဖြင့် ကလေးတွေရေကူးရင် ပြေးကြ၊ လွှားကြ၊ ဆော့ကြနဲ့ ပွန်းပဲ့ဒဏ်ရာတွေက ရတတ်ပါသေးတယ်။ ရေနဲ့ဆိုတော့ ပိုးပြီးချော်လဲတယ်။ အိမ်သာတို့ လက်ဆေးကန်လက်ကိုင်၊ တံခါးလက်ကိုင် စတဲ့အသုံးအဆောင်တွေရဲ့ သန့်ရှင်းမှုတွေနည်းလေ ကူးနိုင်လေပါပဲ။ အ၀တ်ကနံငယ်ပိုင်းပဲပါတော့ ပွန်းပဲ့ရာ၊ အနာတွေကထွက်တဲ့ သွေးတို့၊ တံတွေးတို့က ထိတွေ့နိုင်တယ်။ သေချာပေါက် မကူးဘူးလို့မပြောနိုင်ပါဘူး။ မကူးအောင်လုပ်တာက လွယ်ပါတယ်။ B ပိုးရှိလို့ ရေမကူးရဘူးဆိုတာလည်း မသင့်လျှော်ဘူး။ မရှိတဲ့သူတွေက ကာကွယ်ဆေး ထိုးထားပေါ့။ သုံးလုံးထိုးရင် တော်တော်စိတ်ချရတယ်။

စားသောက်ဆိုင်ဆိုတာကလူတကာစားနေတာဆိုတော့ “ဘီ”ပိုးရှိသူလည်းစာမှာပဲဆရာ။ “ဘီ” ပိုးကိုစားသောက် ဆိုင်ကတစ်ဆင့်ကူးစက်နိုင်မယ့်အနေအထားကိုလည်းရှင်းပြပါဦးဆရာ။ အချို့စားသောက်ဆိုင်ပန်းကန်တွေက ပဲ့၊အက်နေတယ်။ အအက်၊ အပဲ့ကြားမှာဘီပိုးခိုအောင်းရှင်သန်နေရင်စားသုံးသူကိုကူးမှာလား။
ပင်မအစားအသောက်နဲ့ရေကကူးတဲ့ရောဂါတွေထဲမှာ A ပိုး၊ E ပိုးပါတယ်။ B ပိုးကဒီလိုမကူးဘူးလို့ပြော ရမယ်။ စားသောက်ဆိုင်ဆိုရာမှာ ဟိုတယ်ကြီးကနေစပြီးလမ်းဘေးစားသောက်ဆိုင်ထိပါပါတယ်။ အစားအသောက် ကိုင်တွယ်ပြင်ဆင်တဲ့လူတွေက B ပိုးမရှိရဘူး။ အနာမရှိရဘူး။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ တစ်နည်းတစ်ဖုံကူးနိုင်တာပဲ။ B ပိုးရှိတဲ့သူကရှိမှန်းမသိအနာရှိလို့ရှိမှန်းမသိ ပန်းကန်ခွက်ယောက် ကိုင်တွယ်မှုက စနစ်မကျ မသန့်မရှင်းဆိုရင် ပိုဆိုးမယ်။ လူအုပ်များရင် သန့်ရှင်းမှုနည်းမယ်။ စားသောက်ဆိုင် ပန်းကန်ခွက်ယောက်အပဲ့၊ အရှတို့မှကူးနိုင်/မကူးနိုင်အသေအချာလေ့လာထားချက်မရှိဘူး။ သေသေချာချာသိတဲ့ အချက်အလက်တွေနဲ့ ကြိုးစားပြီး ဖြေကြည့်ရမယ်။ B ပိုးက တော်တော်ကြံ့ကြံ့ခံနိုင်တဲ့ပိုး၊ အအေးဒဏ် (-20ံ C) မှာ နှစ်ပေါင်းများစွာ ရှင်သန်နေနိုင်သလို အပူ (60ံC ) ကိုလည်း (၄) နာရီလောက်ခံနိုင်တယ်။ သွေး၊ ရေမွှာရည်၊ ချွေး၊ တံတွေး၊ သုတ်ရည်၊ မျက်ရည်၊ ဆီးအားလုံးထဲမှာပါတယ်။ ၀မ်း (မစင်) ထဲမှာပါတာတော့ အနည်းဆုံးပါပဲ။ မကူးနိုင် သလောက်နည်းတယ်။ မိခင်သွေးမှာအများကြီးပါတယ်။ သွေးကကူးတယ်။ သုတ်ကကူးတယ်။ တံတွေးက ကူးတယ်။ကျန်တဲ့ဆီး၊ ချွေး၊ ၀မ်း၊ နို့ရည်အတိအကျကူးတယ်လို့ သက်သေမပြနိုင်ဘူး။ ခန္ဓာကိုယ်စစ်ထုတ်ရည် တွေမှာ B ပိုးပါဝင်မှုက သွေးထဲမှာ ပါဝင်မှုထက် အဆ (၁၀၀) ၊ အဆ(၁၀၀၀) နည်းတယ်။ ချင်ပန်ဇီတွေမှာ B ပိုး ပါတဲ့သွေးကို ထိုးကြည့်တော့ရောဂါရတယ်။ သွေးကိုပါးစပ်မှာသုတ်မယ်။ နှာခေါင်းထဲမှာဖြန်းမယ်ဆိုရင်တောင် မကူးဘူး။ ဆိုလိုတာက နှုတ်ခမ်းချင်းနမ်းရင်တောင်မှ ကူးတဲ့အခွင့်အလမ်းနည်းတယ်။ ပဲ့အောင်စုတ်အောင်သွေး ထွက်အောင်လုပ်ရင်တော့ကူးမှာ။ ပန်းကန်ပေါ်ပါတဲ့ပိုးကို ပါးစပ်နဲ့ထိရုံနဲ့တော့ မကူးနိုင်ပါဘူး။ ဒါပေမဲ့ B ပိုးရှိတဲ့သူ က နှစ်အကြာကြီး၊ အချိန်အကြာကြီးထွက်နေတာဆိုတော့ ဘယ်အချိန်မှာ ကိုယ့်နှုတ်ခမ်းပဲ့နဲ့ တွေ့မယ်ဆိုတာ မသိဘူး။ ကာကွယ်ဆေး ထိုးထားရင်တော့ လုံခြုံတာပေါ့။

သွေးစွန်းအပ်နဲ့ထိုးမိတာ (Needle prick injury) နဲ့သွေးသွင်းတာ (Blood transfusion) ကနေကူးတာမှာ ဘယ်လိုကွာခြားမှုတွေရှိသလဲ။
B ပိုးပင်မကူးတာက ဆေးထိုးတာ၊ သွေးသွင်းတာ B ပိုးပါတဲ့သွေးနဲ့ ပွန်းပဲ့ဒဏ်ရာ ထိရှဒဏ်ရာတွေ ထိမိတာ၊ လိင်ဆက်ဆံမှုအလွန်နီးကပ်စွာ ဆက်ဆံမှုတွေကြောင့်လည်းကူးနိုင်တယ်။ HIV နဲ့ ယှဉ်ရင် အလွန်ကူး တတ်တာပဲလို့ ပြောပေမယ့် အသည်းရောင် A ပိုးတို့လောက်တော့ ကူးစက်မမြန်ပါဘူး။ ဒါကြောင့် ကပ်ရောဂါအသွင် (Epidemic) အနေနဲ့မလာဘူး။ သွေးထဲမှာ B ပိုးအကောင်ရေ အများကြီးရှိလို့ပိုပြီးကူးနိုင် တာ။ နှစ်ပေါင်းများစွာအပွန်းအပဲ့သွေးထွက်တဲ့နေရာတွေကနေပြီးတော့ အပြင်ကိုထွက်ဖို့အချိန်ကောင်းကို B ပိုးက ချောင်းနေတာဆိုတော့ B ပိုးကသိပ်ကူးတာပဲလို့ထင်ရတယ်။ B ပိုးရှိသူတစ်ယောက်မှာ B ပိုးအကောင်ရေ ဆယ်ကောင်ကနေ သန်း(၁၀၀) ထိရှိတယ်။ ကောင်ရေများရင်ကူးဖို့ပိုအခွင့်သာတာပေါ့။ ကောင်ရေ နည်းပေမယ့် လည်းထိတွေ့တဲ့ သွေးထုထည် ပမဏာများရင်ကူးနိုင်တာပဲ။ ဥပမာ- သွေးသွင်းတာတို့၊ ကျောက်ကပ်ဆေးစက်ကို သုံးရာမှာ သွေးအသုံးပြုတာတို့မှာ B ပိုးက အလုံးအရင်းတစ်အုံတစ်မ တစ်လုံးတစ်ခဲ အခြားသူတစ်ယောက်ထဲကို ၀င်ခွင့်ရတယ်။ B ပိုးကိုတိုင်းတာရာမှာ HBV DNA ဆိုတဲ့စမ်းသပ်မှုနဲ့တိုင်းတယ်။ copies / ml ဆိုပြီးဖော်ပြတယ်။ သွေး 1 ml မှာဘယ်လောက်အန္တရာယ် များတယ်ဆိုတာ စဉ်းစားသာကြည့်ပေ တော့။ အပ်စူးမိရင် 0.001 ml ပဲဝင်တယ်။ 1ml မှာ တစ်သန်းရှိတယ်ဆိုရင်ပိုးကောင်တစ်သောင်းပဲဝင်ခွင့်ရတယ်။ ဘယ်လောက်ကွာနေသလဲစဉ်းစားကြည့်ပါ။ လူတိုင်းမှာ HBV DNA စမ်းသပ်မှုမလုပ်ပါဘူး။ စမ်းသပ်ခသောင်းချီ သိန်းချီရှိတယ်။
HBsAg နဲ့ HBeAg တိုင်းတယ်။ HBsAg ကပိုးရှိတာပြတယ်။ နည်းနည်းများများ များသူက positive (+) ဖြစ်မယ်။ HBeAg ကကောင်ရေတစ်သိန်းကျော်မှပြတယ်။ ဒီထက်နည်းရင် (positive) မဖြစ်တော့ဘူး။ သွေး သွင်းရင်တော့ ထုထည်ပမာဏများတာကြောင့် သွေးထဲမှာအကောင်ရေများများနည်းနည်းကူးမှာပဲ။ အပ်စူးတာ က သွေးဝင်တဲ့ပမာဏအလွန့်အလွန်နည်းတာကြောင့် သွေးထဲမှာ ပိုးကောင်ရေနည်းရင်မကူးနိုင်ဘူး။ သွေးကောင်ရေများမှ ကူးမယ်။ ဘာပဲဖြစ်ဖြစ် B ပိုးရှိတဲ့သွေးနဲ့ ထိမိရှမိရင်တော့ Active / Passive Immunization ဆိုတဲ့ကာကွယ်ဆေးနဲ့သွေးရည်ကြည် ထိုးဆေးနှစ်မျိုးစလုံးအမြန်ထိုးဖို့လိုတယ်။

ပိုးကောင်ရေ အနည်းအများဆိုတော့ခြင်တို့၊ကြမ်းပိုးတို့ကရောဂါရှိသူကိုကိုက်ပြီးသွေးကို စုပ်ယူသွားတယ်။ “ဘီ” ပိုးလည်းအထိုက်အလျောက်ပါသွားမယ်။ နောက်လူတစ်ယောက်ကိုခြင်၊ကြမ်းပိုးထပ်ကိုက်ရင် “ဘီ” ပိုးကူးနိုင် သလားဆရာ။


သွေးမစုပ်ခင်မှာသွေးပြွန်ထဲက သွေးကျန်တွေကို ပွင့်အောင်မှုတ်ထုတ်တော့ ကူးနိုင်တယ်လို့ယူဆရ တယ်။ သွေးထုထည်ပမာဏ နည်းပေမယ့်ကူးနိုင်တော့ ဆေးပညာရှင်၊ သိပ္ပံပညာရှင်တွေက စိတ်ပူတယ်။ ခြင်ကို စမ်းတယ်၊ စုပ်ယူတဲ့သွေးထဲမှာ B ပိုးပါတယ်။ ဒါပေမဲ့ ၄၈ နာရီအတွင်း digest လုပ်လို့ B ပိုးကင်းစင်သွားတယ်။ ခြင်က ၇၂ နာရီကြာမှ နောက်တစ်ကြိမ်သွေးစုပ်တော့မကူးနိုင်ဘူးပေါ့။ ဒါပေမဲ့ ကြမ်းပိုးက သွေးတစ်ခါစုပ်ထားရင် သူ့ကိုယ်ထဲမှာ ရက် (၃၀) B ပိုးရှင်နိုင်တယ်။ ကြမ်းပိုးရဲ့မစင်ထဲမှာလည်း ပါလိုက်သေးတယ်။ B ပိုးရှိတဲ့အမေရဲ့ နို့စို့ကလေးကြမ်းပိုးကိုက်ခံပြီး ကူးဖို့သိပ်လွယ်တာပေါ့ ။


 ကြမ်းပိုးက အမေကို ကိုက်ပြီး ကလေးကိုကိုက်ရင် ဒါမှမဟုတ် အမေကကလေးပေါင်ကို ပွတ်လို့ကြမ်းပိုးချေး ကိုယ်ထဲဝင်သွားရင်ကူးနိုင်တာပေါ့။ ဒါပေမဲ့ ဂမ်ဘီယာ နိုင်ငံက ရွာတွေအများကြီးမှာ ကြမ်းပိုးတွေရှင်းတယ်။ ဒါပေမဲ့ B ပိုးဖြစ်ပွားနှုန်းကျမသွားဘူး။ ဒါကြောင့်ကြမ်းပိုး ကိုက်လို့ မကူးနိုင်ဘူးလို့ယူဆရတာပဲ။ ဒီလိုသံသယစိတ်ကြောင့် B ပိုးကူးနိုင်တဲ့အခြေအနေအများကြီးကို စမ်းထားတယ်။ မကူးနိုင်ဘူးလို့ယူဆရတာပဲ။ ကြမ်းပိုးကိုက်၊မှက်ကိုက်၊ငှက်ဖျား၊ အရေပြားရောဂါ၊ ၀ဲ၊ အနာ၊ လိင်တံထပ်ဖျားအရေပြားလှီး၊ နားဖောက်၊ ကြပ်သိပ်နေတဲ့တစ်အိမ်တည်းနေမှု ၊ ကြပ်သိပ်နေတဲ့ခုတင်ပေါ်မှာ အိပ်စက်မှုတွေကိုစမ်းကြည့်ကြတယ်။ B ပိုးပိုကူးနိုင်တယ်လို့အဖြေအတိအကျမရခဲ့ကြဘူး။

“ဘီ” ပိုးရောဂါပျောက်ကင်းသွားပုံ အဆင့်ဆင့်ကိုလည်းရှင်းပြပါဦးဆရာ။
ဇယားမှာဖော်ပြထားတာကိုကြည့်ပါ။ ဓါတ်ခွဲခန်းအဖြေကို ကြည့်ပြီးပြောတာကတော့ B ပိုးရဲ့အစိတ်အပိုင်းနှစ်ခု စလုံးရှိရင် B ပိုးကရှိလည်း ရှိတယ်၊ ပွားလည်းပွားနေတယ်လို့ပြောတယ်။ HBsAg ကကောင်ရေများများ၊ နဲနဲရှိတာကို ပြောတာ။ HBeAg က ပိုးကောင်ရေတစ်သိန်းအထက်ရှိတာကို ပြောတာ။ HBeAg ပျောက်သွားပြီ ဆိုရင် အကောင်ရေနည်းသွားတယ်။ HBeAg ကိုတိုက်တဲ့ Anti-HBe ပေါ်ရင် ပိုးကောင်ရေသိပ်နည်းသွားပြီးကူးဖို့၊ ကူးစက်ဖို့ အခွင့်အလမ်းနည်းသွားပြီလို့ ပြောရမယ်။ HBeAg ပျောက်တာက ပထမအဆင့်၊ Anti-HBe ပေါ်တာက ဒုတိယအဆင့်၊တတိယအဆင့်ကျတော့ HBsAg ပျောက်တယ်။ စတုတ္တအဆင့်ကျတော့ HBsAg ကို တိုက်တဲ့ Anti-HBs ပေါ်တယ်။ Anti-HBs ပေါ်ရင် ခန္ဓာကိုယ်က B ပိုးကို အောင်လိုက်ပြီ။ တချို့လူတွေက Anti-HBe ပေါ်တယ်ဆိုရင် (Positive) ဖြစ်တယ်ဆိုရင်လည်းငိုတာပဲ။ တကယ်တော့ B ပိုးကို အပြီးအပြတ်ရှင်းနိုင်ပြီး နောက်ထပ်ဝင်မလာနိုင်အောင် ကာနိုင်တဲ့ပဋိပစ္စည်းပေါ်နေတာ၊ အခြေအနေအကောင်းဆုံးအဆင့်ကို ရောက်နေတာလို့ မသိဘူး။ သူ့အဆင့်လိုက်ဖြစ်လာပုံတွေကို ဇယားနဲ့အသေးစိတ်ရှင်းပြထားတယ်။

ဘယ်လိုသူတွေက ကုဖို့သင့်လျော်သလဲဆရာ။
HBsAg ရော HBeAg ပါရှိမယ်။ ALT (SGT) လည်းတက်နေမယ်ဆိုရင်ကုပါ။ ကုချိန် ရောက်နေပြီ။ ပျောက်ကင်းဖို့အလားအလာအများကြီးရှိတယ်။ ALT (SGT) ကမတတ်ဘူး။ normal ပဲဖြစ်နေမယ်ဆိုရင် ကုရင် သိပ်မတုံ့ပြန်နိုင်ဘူး။ ဆေးစွမ်းသိပ်မပြနိုင်ဘူး။ ပိုးလည်းပွားတယ်။ ကူးလည်းကူးနိုင်တယ်။ ကုဖို့လည်းလိုတယ်။ ဒါပေမယ့် ALT မတက်ရင် ဆေးကို တုံ့ပြန်မှုမကောင်းဘူး။

“ဘီ” ပိုးကတိုင်းပြည်အလိုက်ကူးစက်ပုံကွာသေးလားဆရာ။
ကွာပါတယ်။ ကူးစက်မှုနည်းတဲ့ (<2%) နိုင်ငံတွေမှာအသက်ကြီးမှကူးတယ်။ လိင်ဆက်ဆံရာမှာ မူးယစ်ဆေးဝါးသုံးစွဲရာက ပင်မကူးတယ်။ အတန်အသင့် ကူးစက်တဲ့နိုင်ငံတွေမှာ (>8%) မွေးဖွားရာမှာ မိခင်ကနေ ကလေးကို ကူးတယ်။ ဆေးထိုး၊သွေးသွင်း၊ပွန်းပဲ့ရှရာကနေကူးတယ်။ ဒါကြောင့် နာတာရျည်ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ မွေးကင်းစတွေကို ပစ်မှတ်ထားပြီးထိရောက်တဲ့ ကာကွယ်ဆေးထိုးပေးလိုက်ရင် B ပိုးဖြစ်ပွား နှုန်းကျသွားမှာအမှန်ပါပဲ။


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...