စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူတစ်ပါး ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုလိုက်ရင်….***



 


ပူဇော်သင့်ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ခြင်းသည် အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ ပြည့်စုံကြောင်း မင်္ဂလာတရားဆိုတော့ ဒါကိုပဲ ဘုန်းကြီးက စိတ်ထဲမှာ မှတ်ထားပြီးတော့ တစ်ခြားစာပေတွေဖတ်ရင်း၊ တစ်ခြားကိစ္စတွေ အမျိုးမျိုးလုပ်ရင်းနဲ့ လူတွေကို အမျိုးမျိုးလေ့လာရင်း အကဲခတ်ရင်းနဲ့ တစ်ခါတစ်ခါ အဲဒီအကြောင်းအရာတွေက ခေါင်းထဲမှာ ပေါ်ပေါ်လာတယ်။

ဥပမာဆိုပါတော့ ဒကာကြီးတို့ဒကာကြီးတို့ဆီမှာ ကောင်းတဲ့စိတ်ထား၊ ကောင်းတဲ့အကျင့်၊ ကောင်းတဲ့ဂုဏ်ရှိနေမယ်။ ရှိတာလေးကို မြင်ရတဲ့အခါမှာ ကိုယ်က အဲဒါကို မလေးမစား သဘောထားပြီးတော့ အလကားပါ၊ အထင်မကြီးပါဘူးလို့ သွားပြောမိရင် ဘယ့်နှယ်နေမလဲ။ ကိုယ့်မှာ မာနစိတ်တွေဖြစ်ပြီးတော့ တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို ချသလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ဘုန်ကြီးက တွေးကြည့်တယ်။

***လူတစ်ယောက်မှာ ကောင်းတာတစ်ခုခုရှိနေရင် အဲဒီကောင်းတာကို ကိုယ်က အသိမှတ်မပြုနိုင်လို့ရှိရင် အဲဒီလိုကောင်းတဲ့ဂုဏ်မျိုး ကိုယ့်မှာမရနိုင်တော့ဘူး။ ကိုယ်တန်ဖိုးမထားနို်င်တာကို ကိုယ်မရနို်င်ဘူး။ ကိုယ့်စိတ်ကမှ ဒီလိုအရည်အချင်း ဒီလိုဂုဏ်ကျေးဇူးကို အသိအမှတ်မှ မပြုတာကိုနော်။ သူများမှာရှိတဲ့ ကောင်းတဲ့ဂုဏ်ကျေးဇူးကို ကိုယ်က အသိအမှတ် မပြုနိုင်လို့ရှိရင် ကိုယ်ကိုယ်တိုင် အဲဒီလို ကောင်းတဲ့ဂုဏ်ကျေးဇူးမျိုးကို မရနိုင်ဘူး။***

ဒါကြောင့် ကြားဖူးတယ်- တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကို အပြစ်တင်ခဲ့တယ်ဆိုရင် ကိုယ်ကိုယ်တိုင် အားထုတ်လို့ မရတော့ဘူး။ အထူးသဖြင့် အရိယာဖြစ်တဲ့ မဂ်ဥာဏ်၊ ဖိုဥာဏ်ရနေတဲ့ ပုဂ္ဂိုလ်ကို စွပ်စွဲမိလို့ရှိရင် ကိုယ်ကိုယ်တိုင် တရားထူး မရတော့ဘူး။
အရိယာ မဖြစ်သေးဘူးပဲ ထားပါတော့။ သာမန်လူတွေမှာလည်းပဲ ကောင်းတာလေးတွေ ရှိပါတယ်။

သူသူကိုယ်ကိုယ် တစ်ယောက်မှာ ကောင်းတာ တစ်ကွက်ကွက်ဆိုတာ ရှိရမှာပဲ။ အဲဒီလို ကောင်းတာလေးတွေကို အသိအမှတ်ပြုတတ်လို့ရှိရင် အဲဒီလို ကိုယ်ကတန်ဖိုးထားလိုက်တဲ့ အသိအမှတ်ပြုလိုက်တဲ့ သူတစ်ပါးမှာ ရှိနေတဲ့ ဂုဏ်ကျေးဇူးမျိုးဟာ ကိုယ့်မှာလည်းပဲ တဖြည်းဖြည်းဖြစ်လာတယ်။

ကိုယ်က အတုလည်းယူတယ် ဆိုပါတော့။ အတုယူတယ်ဆိုတာကိုက မာန်မာနကို ချထားနိုင်လို့ ယူနိုင်တာပါ။ သူဒီလို နေပုံ ထိုင်ပုံ ပြောပုံ လုပ်ပုံ ကိုင်ပုံလေးတွေကို ကောင်းလိုက်တာ၊ ဒီနေရာလေးမှာ သူ့သဘောထားလေးသူ ဒီလိုထားလိုက်တာ၊ ဒီနေရာမှာသူဒီလို ပြောလိုက်တာလေးက ကောင်းလိုက်တာ၊ ကောင်းလိုက်တာလို့ ကိုယ့်စိတ်ထဲက အသိအမှတ် ပြုလိုက်တာနော်။ အဲဒါကိုက တစ်နည်းအားဖြင့်တော့ စကားလုံးကြီးကြီး သုံးလိုက်ရရင် ဒါသူ့ကို ပူဇော်လိုက်တာပဲ။ ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ သူ့ကို ပူဇော်လိုက်တဲ့သဘော ဖြစ်သွားပြီ။

***သူ့ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုလိုက်တယ် လေးလေးစားစား သဘောထားလိုက်တယ်ဆိုရင် အဲဒီလို စိတ်ထားမျိုး အဲဒီလိုအမူအကျင့်မျိုး အဲဒီလိုအပြောမျိုး အနေအထိုင်မျိုးကို ကိုယ်ကိုယ်တိုင် နှစ်သက်တယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားတယ်နော်။ အဲဒီနှစ်သက်တဲ့စိတ် အားကြီးလာရင် ဘာဖြစ်မလဲ။ ကိုယ်လည်း အဲဒီလိုကောင်းတဲ့ အရည်အချင်းတွေရှိတဲ့လူ ဖြစ်လာမှာပဲ။ ဒါကြောင့် သူများမှာရှိတဲ့ ကောင်းတဲ့ဂုဏ်ကျေးဇူးတွေကို များများ အသိအမှတ်ပြုပါ။***

အဲဒီလူမှာ အပြစ်အနာအဆာ ချို့ယွင်းချက် ကင်းနေသလား ဆိုတော့မကင်းပါဘူး။ လူဆိုတာ ပုထုဇဉ်ဆိုရင်တော့ ဘယ်သူမှ မကင်းနိုင်ဘူး။ အပြစ်ရှာမယ်ဆိုရင် ရှင်သာရိပုတ္တာမထေရ်တောင်မှ မကင်းနိုင်ဘူး။ ကြားဖူးတယ်နော်။ ရှင်သာရိပုတ္တာမထေရ် ဘယ်လိုလုပ်တတ်လဲ။ မြောင်းလေးတွေတွေ့ရင် ခုန်ပြီးတော့ ကျော်လိုက်တယ်တဲ့။ အဲဒီတော့ အပြစ်ရှာမယ်ဆိုရင် အပြစ်ရှာစရာ တွေ့မှာပဲ။

ဆရာတော်ဦးဇောတိက
(“မင်္ဂလာတရားတော်” စာအုပ်မှဖြစ်ပါတယ်)


Copy & Credit To > နှလုံးသားအာဟာရ

https://www.facebook.com/photo.php?fbid=431980453566458&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...