စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မမွေးအပ်သည့် နွားတို့၏ ကြင်အင်လက္ခဏာများအကြောင်း

         ပုံပြအဘိဓာန်(ရှင်နာဂသိန်) ၊ ဆဌမတွဲ ၊ ဒုတိယပိုင်းတွင် မမွေးအပ်သောနွားများ၏ ကြင်အင်လက္ခဏာများကို အခုလိုရေးသားထားပါတယ် ...........
         " ဤလောကတွင် ရှောင်ကြဉ်စရာ ၊ နွားတို့မှာကား ၊ ရှည်ပါလည်ပင်း ၊ နှာခေါင်းစင်းနှင့် ၊
           မယွင်းမှတ်ရေး ၊ မွေးကြမ်းမြီးရှည် ၊ နီသည်ချင်းချင်း ၊ ရှည်ခြင်းအမွေး ၊ တစ်ရေးခေါင်းတို ၊
           နံတိုနံကြပ် ၊ ခြေကပ်မြေကြီး ၊ တစ်သီးခြေခွင် ၊ မှတ်ချက်မယွင်း ၊ မျက်ကွင်းလည်းကြား ၊
           သွားကြားရေယို ၊ ချိုတိုတယ်လူး ၊ ထူးသည်မြင်းခေါင်း ၊ ပေါင်စောင်းတင်ပါး ၊ အသွားပွားမြောက် ၊
           ဤဆယ့်ခြောက်ကို ၊ ၀ယ်ကောက်မွေးထား ၊ မပြုငြားနှင့် ၊ ပြုမှားချေက ၊ သောကလည်းမောက် ၊
           ဘေးဒဏ်ရောက်လိမ့် ၊ ဥာဏ်ထောက်မြှော်တင်း ၀ယ်လေမင်း " ဟု ရေးသားထားပါတယ်။
         မမွေးအပ်သော နွားများ၏ ပုံသဏ္ဍာန်များမှာ ..........
         ၁။ လည်ပင်းရှည်
         လည်ပင်းရှည်လျှင် အကြောပျော့တယ်။ ထမ်းပိုးထမ်း ရွေ့တယ်။ မျငိမ္ဘူး။ မျမဲဘူး။ ၀န်ရုန်းမကောင်းဘူး။ တွန့်တယ်။ ဆုတ်တယ်။ ဂျစ်ကန်ကန်လုပ်တတ်ပါတယ်။
         ၂။ နှာခေါင်းစင်း
         နှာခေါင်းကြီးက စင်းနေတော့ မလှဘူး။ ကချွန်း ၊ ကရွန်း နိုင်တယ်။ တကယ့်အရေးကျတော့ ( ရွံ့ထဲ ၊ ဗွက်ထဲ ၊ ကုန်းကမူ အတက်အဆင်း ) ဖောက်ပြန်တတ်ပါတယ်။
         ၃။ မွေးကြမ်း မြီးရှည်
         " မွေးမြူအပ်သည့် နွားတို့၏ ကြင်အင်လက္ခဏာများ " တွင်တော့ " မွေးတိုမွေးကြမ်း ၊ ထမ်းပိုးထမ်း ၊ အစွမ်းကောင်းလှ၏ " ဟု ဖွင့်ဆိုထားပါသဖြင့် အထက်ပါ " မွေးကြမ်း မြီးရှည် "နှင့် အဓိပ္ပါယ်မှာ ကွာခြားပါတယ်။ အမွေးကြမ်းနေသော နွားကို တွေ့ပြီဆိုပါလျှင် ........
         ( ၁ ) မွေးကြမ်း ၊ မွေးတို ( ကောင်း )
         ( ၂ ) မွေးကြမ်း ၊ မြီးရှည် ( ညံ့ )
         ( ၃ ) မွေးကြမ်း ၊ မွေးတို ၊ မြီးရှည် သုံးမျိုး ဆုံနေပါလျှင်တော့ ကိုယ်ကြိုက်ရာပါ။ သို့သော် ကြုံခဲ ၊ ဆုံခဲပါတယ်။
         ၄။ အနီ ( ချင်းချင်း )
         ချင်းချင်းနီတယ်။ ကြက်တူရွေးရောင် နီတယ်။ ကြေးနီရောင် နီတယ်ဆိုပါလျှင်တော့ ၎င်းနွားများမှာ နွားညံ့ဖြစ်ပါတယ်။ " နွားနီကွမ်းသွေး ၊ ရိုက်နိုင်မှ ပြေး " ဟူ၍ စကားပုံရှိပါတယ်။ ထိုနွားမျိုးများမှာ ထွေတယ် ၊ ဖောက်တယ် ၊ မတည်ပါဘူး။ ညိုအုမ်းအုမ်း အရောင်ဆင်းရှိသော နွားများကိုတော့ နွားပြာနီဟုခေါ်၍ ထိုနွားမျိုးမှာ ကောင်းပါတယ်။ သို့သော် ထိုနွားပြာနီများတွင်လည်း ခြွင်းချက်ရှိပါတယ်။ ဒူးမမည်းရပါဘူးတဲ့ခင်ဗျာ။ ဒဲမူး ၊ ဒူးမည်းပါလျှင်တော့ " နွားပြာနီ ဒူးမည်း ၊ ဆူးလှည်းတောင် မရုန်းဘူး " ဟု စာဆိုရှိပါတယ်။
         ၅။ မွေးရှည်
         မွေးရှည်သောနွားများမှာ မကောင်းပါ။
         ၆။ ခေါင်းတို
         ခေါင်းတိုနွားများမှာ ကြည့်မလှပါ။ စိတ်တိုတယ်။ " လူပုစိတ်တို ခွေးပုရန်လို " စကားပုံအတိုင်းပါ။ တဖြည်းဖြည်းနှင့် တက်ရမည့် ၊ ဆင်းရမည့် ကုန်းကမူများကို ဆိုးကနဲဆတ်ကနဲ တက်တတ် ၊ ဆင်းတတ်ပါတယ်။
         ၇။ နံတို
         နံတိုဆိုသည်မှာ တင်ပါး၏ရှေ့ စားချိုင်ထဲတွင် ရှိပါတယ်။ နှစ်ဖက်စလုံးတွင် ရှိတတ်ပါတယ်။ လက်နှင့် စမ်းကြည့်ရင် တွေ့ပါတယ်။ သာမန်မဟုတ်၍ တိုနေပါသော ထိုနွားမျိုးမှာ " လို " နေသော နွားဖြစ်ပါတယ်။ အရည်မပြည့်သော နွားဖျင်းပေါ့။ နှစ်ဖက်စလုံး " တို " နေပါလျှင်တော့ ( နွားဆရာကြီးများက ) ကောင်းပါသတဲ့။
         ၈။ နံကြပ်
         နံတို တစ်မျိုးပါပဲ။ စားချိုင့်၏ရှေ့ နံရိုးရှည်ကြီး ( ၂ )ခုအကြားတွင် ရှိနေတာပါ။ နှစ်ဖက်ဖိညှပ်ထား၍ ကျပ်နေတာကြောင့် " နံကြပ် " ညှပ်နေတာကြောင့် " နံညှပ် " ဟူ၍ ကိုယ်ကြိုက်သလို ခေါ်နိုင်ပါတယ်။ ထိုနွားမျိုးများကို နွားသမားများ ရှောင်ကြပါတယ်။
         ၉။ မြေကြီးခြေကပ်
         ခွာတိုနေပြီး မြေကြီးနှင့် ကပ်နေပါတယ်။ ခွာမစောက်ဘူး ၊ ပြားပြီးခင်းနေပါလျှင် " မိန်းမဖျင်းတော့ ခြေဆင်း " ၊ " ယောက်ျားဖျင်းတော့ ကျောခင်း " ၊ " နွားဖျင်းတော့ ခွာခင်း " ဟူ၍ စကားပုံများပင် ရှိပါတယ်။
        ၁၀။ ခြေခွင်
         ခြေခွင်သောနွားမျိုးမှာ ခရီးမရောက် ၊ ၀န်ရုန်းမကောင်းပါဘူး။
        ၁၁။ မျက်ကွင်းကျား
         မျက်စိဝန်းကျင် အ၀န်းအ၀ိုင်း ဖြူသော့သော့လေး ရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် " နွားဝါ မျက်ကွင်းဖြူ ကြိမ်မကူနဲ့ ကမူမတက်ဘူး " ဟူ၍ ရှေးစာ( နွားဆရာကြီးများ၏စကား ) ရှိပါတယ်။ နွားဖြူများတွင်လဲ ထိုအင်္ဂါမျိုး ပါတတ်ပါတယ်။ ထိုနွားမျိုးများမှာ လန့်တတ်ပါတယ်။ လူစိမ်း ၊ သူစိမ်း ၊ ယာဉ် ၊ ရထား ၊ ကား စသော ထူးခြားသည့် အကြားအမြင်များနှင့် တွေ့ကြုံပါလျှင် လန့် တတ်၍ ဒုက္ခများတတ်ပါတယ်။
        ၁၂။ သွားကြားရေယို
         ရှေ့သွား ကျဲနေသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
        ၁၃။ ချိုတိုတယ်လူး
         ချိုမှာ တစ်ဖက်တို တစ်ဖက်ရှည် ဖြစ်နေပါတယ်။ တစ်ခါတစ်ရံ တစ်ဖက်ကုပ်နေပါတယ် ကြည့်မကောင်းပါ။ မညီညာပါ။ ထိုနွားမျိုးမှာ ရေမှုတ်တစ်ဖက် မီးစတစ်ဖက်။ အရှေ့နှင့်အနောက် ၊ တောင်နှင့်မြောက် ၊ တောင်အောက်နှင့်တောင်ပေါ် ထော်လော်ကန့်လန့် ဆန့်ကျင်ဘက် သဘောများဖြစ်ပါတယ်။ လင်နှင့်မယား ၊ သားနှင့်အမိ ၊ တပည့်နှင့်ဆရာ ၊ ဒကာနှင့်ဘုန်းကြီး ပြသာနာများ တဖွားဖွား တက်တတ်ပါသတဲ့။
        ၁၄။ ထူးခြားမြင်းခေါင်း
         ခြေသလုံး ဒူးခေါင်းနှင့်ပုံကို ဆိုလိုခြင်းဖြစ်ပါသည်။ သာမန်မဟုတ်ဘဲ ထူးခြားနေတာပါ။ ကြီးနေမယ် ၊ ခွက်နေမယ် ၊ ပုံမမှန် ၊ မတည်ကြည်တတ်ပါဘူး။
        ၁၅။ ပေါင်စောင်း ၊ တင်ပါး
         ပေါင်များ ၊ တင်ပါးများ စောင်းရွဲ့နေခြင်း ၊ နိမ့်ကျနေကြခြင်းကို ဆိုလိုတာဖြစ်ပါသည်။ ဒဏ်ကြောင့်လဲ ဖြစ်မယ် ၊ မွေးရာပါလဲ ဖြစ်မယ်။ ထိုနွားမျိုးမှာ မသန်မြန်ဘူး ၊ ၀န်ရုန်းမကောင်းပါဘူး။
        ၁၆။ အသွား ပွားမြောက်
         သွားလာ လှုပ်ရှားသည့်အခါများတွင် ခြေထောက်က ၀ဲဝဲ၍ သွားတတ်ပါတယ်။ သွားပုံမှာ ခြေထောက်များကို ရှေ့တည့်တည့်သို့ မြှောက်ခြင်း မဟုတ်ဘဲ ဘေးမှနေ ၀ိုက်ပြီး သွားခြင်းဖြစ်ပါတယ်။
         အထက်ပါ ( ၁၆ ) ချက်မှာ မမွေးအပ်သော နွားများ၏ ကြင်အင်လက္ခဏာများ ဖြစ်ပါသည်။
 http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6279665&xgs=1&xg_source=msg_share_post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...