စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထင်ရက်ပလေ


“သူဌေးမကြီးရေ…ဗူးသီးတစ်စိတ်နဲ့ တံမျက်စည်းတစ်ချောင်း ၀ယ်ခဲ့ဖို့ မမေ့နဲ့ဦးနော်”
လင်းဇာနည်ဇော်က သူ့သူငယ်ချင်း အကယ်ဒမီခင်ဇာခြည်ကျော်ကို ဈေးမှာတဲ့အခန်းပါ။ ပျင်းတာနဲ့ တီဗွီထိုင်းကြည့်နေတဲ့အခိုက်မှာ မြန်မာစာမြန်မာစကား ဇာတ်လမ်းလေးလာနေတော့ ထိုင်ကြည့် နေမိတာလေးလေ။
အကယ်ဒမီခင်ဇာခြည်ကျော်က လင်းဇာနည်ကျော် မှာတဲ့ စကားကို အဓိပ္ပါယ်ကောက်လွဲပြီး ဈေးထဲမှာ ဗူးသီးအမှတ်တံဆိပ်နဲ့ တံမျက်စည်းတစ်ချောင်းကို လိုက်မေးပြီး ၀ယ်နေတာပေါ့။ တံမျက်စည်း ရောင်းတဲ့ဆိုင်တွေမှာ တံမျက်စည်းလေးကိုင်ကြည့်လိုက် တံဆိပ်လေးကြည့်လိုက်နဲ့ လိုချင်တဲ့ ဗူးသီး တံဆိပ်ကို မတွေ့တော့ ခေါင်းခါပြီး လှည့်ထွက်ခဲ့တာပေါ့။ ဆိုင်ရှင်တွေက ဗူးသီတံဆိပ်နဲ့ တံမျက်စည်းတော့ မရှိဘူး တခြားတံဆိပ်တော့ရှိတယ်လို့ပြောကြတယ်။
အကယ်ဒမီခင်ဇာခြည်ကျော်က မှာလိုက်တဲ့ ပစ္စည်းမဟုတ်လို့ မ၀ယ်သွားဘူးလေ။ အဆောင်ကို ပြန်ရောက်တော့ ခင်ဇာခြည်ကျော်က လင်းဇာနည်ဇော်ကို မရှိတဲ့ တံဆိပ်ကို မှာရမလားဆိုပြီး ဒေါသနဲ့ အပြစ်တင်တာပေါ့။
“ရှင်က…တစ်ဈေးလုံးမှာ မရှိတဲ့ ဗူးသီးတံဆိပ်နဲ့တံမျက်စည်းကို ရှာဝယ်ခိုင်းလိုက်တော့လေ ကျုပ်မှာ လျှောက်မေးလိုက်ရတာ လျှာသာထွက်ရော့ တွေ့ကို မတွေ့ဘူး။ တံမျက်စည်းဆိုင်ကတောင် ပြောတယ် အဲဒီတံဆိပ် ကြားကို မကြားဖူးဘူးတဲ့”
ဒီတော့မှ လင်းဇာနည်ဇော်က အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့အမှားကို သိသွားပြီး သေသေချာချာ ပြန်ရှင်းပြတယ်။
“ဟော့တော်…ငါဝယ်ခိုင်းလိုက်တာက ဟင်းခါးချက်သောက်ဖို့ ဗူးသီးတစ်စိတ်နဲ့ ဟောဒီလို…. ဟောဒီလို… လှည်းဖို့ တံမျက်စည်းတစ်ချောင်း ၀ယ်ခိုင်းလိုက်တာ။ နင်ကလည်း ဗမာစကားက ရှင်းရှင်းလေးပါ။ ဗူးသီးတစ်စိတ်ရယ်။ တံမျက်စည်းတစ်ချောင်းရယ် ၀ယ်ခိုင်းလိုက်တာလေ”
“သွားပြီ….ဈေးကလူတွေ ငါ့ကို ငကြောင်လို့ထင်တော့မယ်”
ဇာတ်လမ်းလေးထဲက မှတ်မိတာလေး ပြန်ရေးပြတာပါ။ ဗမာစကားမှာ အလွဲလွဲအမှားမှား ဖြစ်ကြတာ တွေ ရေးပြနေရင် အများသားမဟုတ်လား။
ဒီဇာတ်လမ်းလေး ကြည့်ပြီးတော့ တစ်လောက ဆိုင်မှာ ဖြစ်ပျက်တာလေးကို ပြန်သတိရမိတယ်။
xxxxx
“ကိုကျော်တော့ တိုနာများ ဖြစ်နေပြီလားမသိဘူး”
“ဟဲ့…ငါ့မောင် ဘာဖြစ်လို့လဲ….”
ကျော်ကြီးကို လာတွေ့သော မခင်မူက စိုးရိမ်တကြီးနဲ့ ကေသီဦးကို မေးလိုက်တယ်။ မခင်မူဆိုသူက ကျော်ကြီးရဲ့ မရီးဖြစ်ပါတယ်။ တောရွာမှာ နေပြီး မန္တလေးရောက်ခိုက် ဈေးနှင့်နီးသော ကျော်ကြီး၏ဆိုင်ကို ခဏ၀င်လာခြင်းပါ။
“တိုနာ ဖြစ်နေပြီထင်တယ် မမူ”
“ငါ့မောင်က အဲဒီရောဂါဖြစ်ရအောင် မိန်းမ လိုက်စားတာ မဟုတ်ပါဘူး”
ကေသီဦးနဲ့ ဆိုင်ထဲက ကောင်မလေးတွေက မခင်မူစကားကြောင့် ပြုံးစိစိဖြစ်ကုန်တယ်။ မခင်မူက သူတို့ ပုံစံကို ကြည့်ပြီး နားမလည်ဘူး။
“အင်း….ဖြစ်ချင်လဲ ဖြစ်မှာပါ။ ဒီကောင်က…တစ်ယောက်တည်းနေရတော့ အပေါင်းအသင်းမှား မှာပေါ့”
မခင်မူက အထင်နဲ့ ပြောပြန်တယ်။ ကေသီဦးကတော့ မခင်မူ ဘာကို ဆိုလိုသည်ကို နားလည်သော်လည်း မခင်မူကို စချင်သဖြင့် အဆင်းဘီးတပ်လိုက်တယ်။
“ဟုတ်တယ်…မမူရေ….အစ်မမောင်ကို ကြည့်ဆုံးမခဲ့ဦး”
“ဒီကောင်…တိုနာဖြစ်နေတာ ဆေးမကုဘူးလား”
“အစ်မမောင်လာမှ မေးလေ”
“မေးရမယ်…မေးရမယ်…အမေသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ငါ့မောင် လူညွှန့်တုံးပြီထင်တယ်”
ကေသီဦးက မရယ်ဘဲ မနေနိုင်တော့ ရယ်ချလိုက်သည်။ ထိုအချိန်မှာ ကျော်ကြီးက ဆိုင်ကယ်နဲ့ အပြင်က ပြန်ရောက်လာတယ်။ ဆိုင်ကယ်နောက်က ပစ္စည်းများကို လာသယ်ကြတယ်။ ကျော်ကြီးက မခင်မူကို မြင်တော့ နှုတ်ဆက်လိုက်တယ်။
“အစ်မ….ဘယ်တုန်းက ရောက်နေတာလဲ”
“မကြာသေးပါဘူး”
“ကေသီဦး…အစ်မကို ကော်ဖီဖျော်တိုက်လေ”
“တိုက်ပြီးပြီကိုကျော်….အခုပဲ ပန်းကန်တွေ သိမ်းလိုက်တာ”
ကျော်ကြီးက ခုံတစ်ခုယူပြီး မခင်မူနားမှာ သွားထိုင်ပြီး ထွေရာလေးပါးစကားပြောတယ်။ မခင်မူကတော့ ကျော်ကြီးကို စူးစမ်းတဲ့အကြည့်နဲ့ မကြာခဏလှမ်းလှမ်းကြည့်နေတယ်။ ဒါကို ကျော်ကြီး သတိထားမိသွားတယ်။
“အစ်မ…ကျွန်တော့်ကို ဘာလို့ ခဏခဏကြည့်နေတာလဲ”
“နင်….ဆေးမကုဘူးလား”
“ကျွန်တော် ဘာဖြစ်နေလို့လဲ”
“ပြောရင်တော့ မကောင်ဘူး….ဒါပေမယ့် ပြောရမယ်….နင်…တိုနာဖြစ်နေတယ်ဆို”
ကျော်ကြီးရဲ့ မျက်နှာနီရဲသွားတယ်။ အစ်မ မျက်နှာကိုလည်း အားတုံ့အားနာဖြစ်ပြီး မကြည့်ရဲတော့ဘူး။
“အစ်မကို ဘယ်သူပြောလဲ”
“စောစောက ကေသီဦးပြောတာလေ”
အစ်မက ကေသီဦးကို ညွှန်ပြပြီး ပြောလိုက်တယ်။ ဒီကောင်မလေး ငါ့ကို ဂျောက်တွန်းပြီ။ ဒါနဲ့ ကေသီဦးဖက်လှည့်လိုက်ပြီး….
“နင်…ငါ့အစ်မကို ဘာတွေ လျှောက်ပြောထားတာလဲ”
“ကေသီ….ဘာမှ မပြောရပါလား”
“ညည်းပဲ….စောစောက ငါ့မောင် တိုနာဖြစ်နေပြီလို့ ပြောတာလေ”
ကေသီဦးက ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။ ကောင်မလေးတွေလည်း လိုက်ရယ်ကြတယ်။ မခင်မူနဲ့ ကျော်ကြီးကတော့ ဘာမှ နားမလည်။
“ကေသီဦး”
ကျော်ကြီးအသံက ကျယ်သွားတယ်။
“ဘာလဲ”
“ငါ့အစ်မက ငါ့ကို အထင်လွဲနေပြီ….နင်ဘာတွေ ချွန်တွန်းလုပ်ထားတာလဲ”
“ဘာမှ မလုပ်ရပါလား”
“ငါ့ကို တိုနာဖြစ်နေပြီလို့ ဘာကြောင့်ပြောရတာလဲ”
“သြော်…ဒါလား”
ကေသီဦးက ရယ်ကျဲကျဲလုပ်နေတယ်။
“ကိုကျော်….ဆိုင်က အပြင်ကို ထွက်သွားတာ ဘယ်အချိန်လဲ”
“အဲဒါနဲ့ ဘာဆိုင်လဲ”
“ဆိုင်တာပေါ့…”
“မနက် ၉နာရီ ၁၅ ကထွက်သွားတာလေ”
“အခု ဘယ်အချိန် ပြန်ရောက်လဲ”
“၁၂ နာရီ မတ်တင်း”
“အင်းလေ…ခါတိုင်းပရင်တာအတွက် တိုနာ သွားဝယ်တာ ဒါလောက်မှ မကြာတာ”
“ဟ….လမ်းမှာ ကောင်းထက်နဲ့တွေ့လို့ မင်းသီဟ ဆိုင်မှာ သွားထိုင်ပြီး စကားပြောကောင်းနေကြ တာ”
“အဲဒါကို ကေသီက ပြောတာပါ။ ပရင်တာအတွက် တိုနာ (Toner)သွားဝယ်တာ ကြာလွန်းလို့ ရွဲ့ပြီး တိုနာဖြစ်နေပြီထင်တယ်လို့ ပြောလိုက်တာကို မခင်မူက ဘာတွေးမိလဲမှ မသိတာ”
“ကောင်းကွာ… ပရင်တာအတွက် တိုနာ(Toner)သွားဝယ်လို့ ကြာနေတာကို တိုနာဖြစ်နေပြီ ထင်တယ်လို့ ပြောလိုက်တော့ ငါ့ကို အထင်သေးသွားတာပေါ့။ နင်တော့…..နော်”
သည်တော့မှ မခင်မူက သဘောပေါက်သွားတယ်။
“ငါ့မောင်ရယ်….အစ်မက အမေ့ကို ဘယ်လို ပြန်ပြောရမှန်း မသိဘူးလို့ ထင်နေတာ။ တော်သေးတာပေါ့။ ငါ့မောင်….တိုနာ တကယ် မဖြစ်လို့….”
“ထင်မှ ထင်ရက်ပလေ အစ်မရယ်”
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၆-၆-၂၀၁၂)(၀၇း၅၅)နာရီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...