စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လွမ်းမောဖွယ်ရာ ဘ၀အမောများ ..နှင့်.. အဝေးရောက်သားများ


       ဖြတ်ကနဲဆို ကျနော် အိပ်ယာကလန့်နိုးခဲ့တယ်.... ဘေးကနာရီကိုကြည့်လိုက်တော့ နံနက် ၂ နာရီကျော်ရုံလေးရှိသေးသည်...... ထပ်ပြီးအိပ်လိုက်ဦးမယ်လို့စိတ်မကူးဝံ့ပါဘူး.... ဘာကြောင့်လည်းဆိုတော့ ထပ်အိပ်လိုက်ရင်..
မိုးလင်းသွားမှာစိုးရသည်.... ဟုတ်ပါတယ်... ကျနော်ဘ၀က အများသူငါတွေအိပ်ချိန်မှာမအိပ်နိုင်ခဲ့သလို... စားချိန်မှာလည်း မစားနိုင်ခဲ့ရှာပါဘူး.... ဒါပေမယ့် ကျနော့်ဘ၀ကို ကျနော် ကြေနပ်ပါတယ်.... ဒါတွေခဏထားလိုက်ဦးစို့နော်...


      အိပ်ယာကနေအိပ်ချင်တဲ့စိတ်ကိုတင်းခံရင်း မျက်နှာသစ်ဖို့ပြင်လိုက်တယ်.... စဥ့်အိုးထဲကိုလက်နှိပ်ပြီး ရေခွက်ကိုနှစ်
ကြည့်လိုက်တယ်.... ရေကိုလက်နဲ့မစမ်းမိ.... ညကလည်းမှောင်နဲ့မည်းမည်းမို့ အားပြုပြီး နောက်တစ်ခေါက်ရေထပ်
ခပ်လိုက်တယ်  အလိုလေး.... ရေမရှိတော့ပါလား..... ဟုတ်ပါတယ်.... ညကအမေရေချိုးရင်းနဲ့ ကျနော်တို့ညီအစ်ကိုတွေရဲ့ အ၀တ်အစားတွေလျှော်နေတာဖျတ်ကနဲသတိရလိုက်မိတယ်.... ဒါဆိုရေခပ်ရတော့မှာပေါ့.....


     ထွေထွေထူးထူးမစဉ်းစားနေတော့ပဲ စဥ့်အိုးဘေးနားက ရေပုံးကိုယူ ထမ်းပိုးနဲ့ချိတ်ကိုပြင်ပြီး ကျနော် ရေတွင်းဆီကိုခပ်သုပ်သုပ်လေးလျှောက်ခဲ့တယ်.... အဲဒီအချိန်မှာပဲ ဆောင်းလေအေးအေးရဲ့ လတ်ဆတ်အေးမြတဲ့လေက
လူတစ်ကိုယ်လုံးကို ကြက်သီးဖျန်းဖျန်းထသွားသလိုခံစားလိုက်ရတယ်.... ဒါပေမယ့် အဲဒီအအေးဒဏ်ကို
ခံစားကြောက်ရွံ့နေဖို့အချိန်မရှိသလို သန့်ရှင်းလတ်ဆတ်လှတဲ့ နံနက်ခင်းလေပြေလေညင်းလေးကိုလည်းစာမဖွဲ့အား
တော့ပဲကျနော် ရေခပ်လိုက်တာရေအိုးထဲကိုရေအပြည့်ဖြစ်သွားတော့မှပဲ ရင်ထဲမှာ ဟူးကနဲ သက်ပြင်းလေး
တစ်ချက်ချလိုက်မိတယ်....


   ရေအိုးထဲမှာရေပြည့်သွားပြီဆိုတော့ကျနော့်ရဲ့လုပ်ငန်းစဉ်နံပတ်တစ်ကိုစတင်ဖို့အချိန်တောင်  နောက်ကျနေ ပြီဆိုတော့ကမန်းကတန်းပါပဲမီးဖိုချောင်ထဲကိုကျနော်ဦးတည်လျှောက်ခဲ့တယ်... လျှောက်ခဲ့တယ်ဆိုပေမယ့် စမ်းတ၀ါးဝါးပဲလေ... အဖေ အမေနဲ့ ညီလေးတွေနိုးသွားမှာကိုလည်းစိုးရိမ်ရသေးတယ်လေ.... အဖေကတော့ ညကတည်းကရေချိန်လေးကိုက်ထားတာဆိုတော့ အဖေအိပ်မောကျနေတာကို ကြယ်ရောင်ရေးရေးလေးရဲ့ အလင်းရောင်အောက်ကနေကျနော်လှမ်းမြင်လိုက်ရတယ်.... ညီလေးတွေကိုကြည့်လိုက်ပြန်တော့လည်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြ
လွန်းလို့လား ချမ်းလွန်းလို့ လားမသိဘူး ဖက်ထားလိုက်ကြတာ လုံးနေတာပဲ ညီအစ်ကိုတစ်တွေ ခြုံနေကြဖြစ်တဲ့ဟောင်းနွမ်းပြီး အလယ်ကအနည်းငယ်ဖာထားတဲ့ စောင်ကလေးကို ကျနော်အသာလေးဆွဲပြီး ညီလေးနှစ်ယောက်ကို
နွေးထွေးစေဖို့ အသာလေးလွှမ်းခြုံပေးလိုက်တယ်...


     အမေ့ရဲ့လက်ရာ ဖာထေးထားတဲ့ နေရာလေးကိုရုတ်တရက်မြင်လိုက်ရတော့ ကျနော်တို့အပေါ်ထားတဲ့အမေ့ရဲ့မေတ္တာ
ကိုမဆီမဆိုင်သလိုပါပဲအတိုင်းမသိပီတိဖြစ်လိုက်မိတယ်....စိတ်ထဲမှာအတွေးတွေကို
ခဏလေးဖယ်ထုတ်လိုက်ရင်း 
ကျနော်အိမ်ခေါင်မိုးပေါ်ကိုလှမ်းကြည့်လိုက်တယ်.... ဆောင်းလေအေးနဲ့အတူ ကြယ်ကလေးတွေကိုကြည့်လိုက်တော့
ခုနစ်စဉ်ကြယ် မြောက်ဘက်ကိုအမြီးထောင်တော့မယ်..... ဒါဆိုရင်တော့ မကြာခင်မိုးလင်းတော့မှာကို ကျနော်သိလိုက်သလို ကျနော် နောက်ကျနေပြီဆိုတော့ ကပျာကယာ မီးမွှေးလိုက်ပါတယ်.. မီးမွှေးထားတုန်းမှာ ထမင်းအိုးကိုယူပြီးထမင်းကြမ်းလေးနည်းနည်း ကျန်တာကို ရုတ်တရက်တွေ့လိုက်ရတော့ မနက် ညီလေးတွေကျောင်းသွားရင်အဆာပြေ
စားဖို့အတွက်နဲ့ အမေ့ရဲ့ ဆန်ဖိုးလေးသက်သာရာ သက်သာကြောင်းကျနော်တွေးမိပြီး ထမင်းကြမ်းလေးကို ပန်းကန်
ထဲကို ညင်သာစွာပြောင်းထည့်လိုက်ပြီး ထမင်းအိုးကိုဆေးလိုက်ပါတယ်..


     နောက်ပြီး အမေ ညကမိုးကြီးချုပ်ကာနီးမှ အန်တီထွေးတို့ဆိုင်က အကြွေးနဲ့ ၀ယ်လာခဲ့တဲ့ ဆန်နို့ဆီဗူးလေးလုံးကို
ထမင်းစားပွဲပေါ်ကနေ ကျနော်လှမ်းယူလိုက်တယ်... ကျနော်တို့က သူများတွေလို လက်ငင်းဝယ်စားနိုင်တဲ့အခြေအနေကနည်းသလို အကြွေးဝယ်တဲ့စနစ်ကများနေတာဆိုတော့ များများစားစားလည်းဝယ်မထားနိုင်ခဲ့ဘူးလေ...
ဒါကြောင့် ပလတ်စတစ်ထဲကဆန် ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်က အိမ်မှာအကြီးဆိုတော့ သိနေတာလည်းပါတာပေါ့....သိပ်ပြီးထွေထွေထူးထူးသင်ထားစရာင်တောင်မလိုတော့ဘူးလေ... ကျနော်ကပျာကယာ ဆန်ဆေးပြီးတဲ့အချိန်မှာ မီးဖိုကမီးရဲ့အလင်းရောင်က ကျနော့်ရဲ့ မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲမှာ အနည်းငယ်လင်းလို့လာခဲ့ပါ
တယ်... ဒါနဲ့ ကျနော်လည်း လက်ထဲက ထမင်းအိုးလေးကို မီးဖိုပေါ်တင်ထားလိုက်ပါတယ်... အဲ... ထမင်းအိုးကိုမီးဖိုပေါ်တင်လိုက်ပြီးတာနဲ့ ညကအမေ ဒေါ်ညိုတို့ခြံထဲက ခူးထားတဲ့ မုန်လာပင်ပေါက်လေးတွေနဲ့ ဆလပ်ရွက်တွေကို ကျနော် ရေဆေးသင့်တာဆေး ပြင်သင့်တာပြင်လိုက်ပါတယ်..... အမေနိုးလာရင် ဈေးမှာအဆင်သင့်ရောင်းချနိုင်
အောင် ကျနော် အဆင်ပြေသလို ပြင်ဆင်ပြီး ဆာလာအိပ်နဲ့ထုပ်ပြီး စည်းထားလိုက်ပါတယ်.....


      နောက်ပြီး အိမ်ရှေ့က ကွပ်ပြစ်ပေါ်မှာ ညကမှခူးထားတဲ့ နှင်းဆီပန်းနီနီရဲရဲလေးတွေနဲ့ ပန်းနုရောင်နှင်းဆီပွင့်လေး
တွေကို ကျနော်တစ်ပွင့်ချင်းစီပြီး ၅ ပွင့်ကို တစ်စီး စီ စီးလိုက်ပါတယ်... အဲလိုစည်းပြီးတဲ့နောက်မှာ ပန်းတွေကိုရေကြည့်လိုက်တော့ စုစုပေါင်း ၇၀ စည်းနဲ့ လက်ကျန်အနည်းငယ်ကို ကျနော် ရောပြီး ပလတ်စတစ်အိပ်လေးနဲ့ပါတ်ပြီး
ရေပုန်းထဲကိုအသာလေးထောင်ထားလိုက်တယ်... နောက်ပြီးမီးဖိုပေါ်ကိုလှမ်းကြည့်လိုက်တော့ ထမင်းအိုးကဆူနေပြီဒါနဲ့ကပြာကယာထပြီးထမင်းအိုးကိုငှဲ့လိုက်တယ်....


   ထမင်းအိုးငှဲ့နေတုန်းမှာပဲ အမေနိုးလာပြီး သားကြီး... ထမင်းအိုးငှဲ့နေတာလားတဲ့ ...... မီးဖိုပေါ်က မီးအလင်းရောင်နဲ့ ကျနော် အမေ့ရဲ့ မှုန်ပျပျမျက်နှာလေးကိုလှမ်းကြည့်ရင်း ဟုတ်ကဲ့အမေ လို့ကျနော်ပြန်ဖြေလိုက်ပါတယ်.....
ဒါနဲ့အမေလည်း ဘာမှမပြောတော့ပဲ ခပ်သွပ်သွပ်လေးမျက်နှာသစ်လိုက်တယ်.... သားအမိနှစ်ယောက်သား တိုင်ပင်စရာမလိုပဲ ကျနော်တို့မိသားစုရဲ့ နံနက်ချိန်ခါတေးသံသာလေးက မညင်မသာလေးပျံ့လွင့်လာပါတယ်....


    သားကြီး.... အမေကလှမ်းခေါ်လိုက်တော့ ကျနော်ကလည်း ထမင်းအိုးငှဲပြီးလို့ အနားလေးတွေကို စာင်းပြီး ထမင်းအိုးနှပ်နေရင်းကနေ အမေ့ကိုလှမ်းကြည့်လိုက်တော့ အမေက ... ပြီးရင် မင်းညီလေးတွေအတွက် အမေ ကြက်ဥ ၂ လုံးဝယ်ထားတာရှိတယ်... အဲဒါလေးကိုတလက်စတည်းကြော်လိုက်နော်တဲ့.... ပြီရင်ထမင်းချိင့်ပြင်ပေးပြီးရင် ဈေးလိုက်
ခဲ့တော့လို့ ပြောပြီး အမေက သူ့လုပ်ငန်းစဉ်အတိုင်း ပုဆိုးတစ်ထည်ကိုခေါင်းဖုလုပ်ပြီး ခုန ကျနော်စည်းထားတဲ့မုန်ညင်းရွက်တွေ ချဉ်ပေါင်ရွက်တွေ..ပါတဲ့ အထုပ်နှစ်ထုပ်ကို တစ်ထုပ်ပေါ်တစ်ထုပ်ဆင့်ပြီး ရွက်လိုက်တယ်...


    နောက်ပြီး  လက်တစ်ဖက်က ခေါင်းပေါ်က အထုပ်နှစ်ထုပ်ကိုထိန်းရင်း လက်တစ်ဖက်က စောစောက ကျနော်ပန်းစည်းထဲ့ထားတဲ့ ရေပုန်းကို လှမ်းဆွဲပြီး အမေကျနော့်ရှေ့ကနေ ခပ်သွက်သွက်လေးထွက်သွား တာကိုကြည့်ရင်း ကျနော်ထမင်းစားပွဲပေါ်ကိုလှမ်းကြည့်လိုက်တော့ စောစောကအမေပြောခဲ့တဲ့အတိုင်း ကြက်ဥနှစ်လုံးနဲ့ ကြက်သွန်နီ အချို့
ကိုရယ်.. အချိုမှုန့်ရယ်... ငါးပိရည်ချိုအနည်းငယ်ရယ်... ငရုတ်သီးမှုန့်တစ်ထုပ်ရယ်ကိုကို စုပေါင်းပြီးထည့်ထားတဲ့
ပလတ်စတစ်အိတ် တစ်အိပ်ကို ကျနော်လှမ်းယူလိုက်ပြီး အဲဒီအထဲက ကြက်ဥ ၂ လုံးနဲ့ ကြက်သွန်အနီ ၃ လုံးကိုကျနော်လှမ်းယူလိုက်တယ်.. ပြီးတော့ ဆီပုလင်းကိုပါတခါတည်းယူပြီး ကျနော်မီးဖိုဆောင်ကိုလှမ်းလာလိုက်တယ်...


     အဲနောက်မှာမှ ကြက်သွန်ကိုအခွံခွာပြီး ရေဆေးလိုက်ပါတယ် နောက်တော့ ကြက်ဥ ၂ လုံးကို ပန်းကန်လုံးလေးထဲကိုဖောက်ထည့်ပြီး ခုန ပါးပါးလေးလှီးထားတဲ့ ကြက်သွန်နီလေးနဲ့ရောသမမွှေလုပ်လိုက်တယ်...နောက်တော့ ဆားနည်းနည်းနဲ့ အချိုမှုန့်လေးနည်းနည်းကို သင့်သလို ထပ်ရောပြီမွှေလိုက်တယ်... အဲဒီနောက် ကျနော် အမေ၀ယ်ပေးထားခဲ့တဲ့ ဆီ၂ကျပ်ခွဲသားလေးကို ချိန်ဆပြီးကြည့်လိုက်တယ်... ဒါဆိုရင်တော့ ညမနက်ရလောက်ပါရဲ့လို့ ကိုယ့်ကိုယ်ကို
အားတင်းရင်း ဒယ်အိုးကိုယူပြီး မီးဖိုပေါ်တင်လိုက်တယ်.. အဲနောက် ဆီ၂ ကျပ်ခွဲသားလောက်ကို တစ်ဝက် မရှိတရှိလောက်ကို ဒယ်အိုးထဲကိုထည့်လိုက်ပြီး စောစောက ရောသမမွှေလုပ်ထားတဲ့ ဘဲဥလေးနှစ်လုံးကို ကျနော် ကြော်လိုက်မိပါတယ်.... ရှဲကနဲ့ မြည်လိုက်သံနဲ့အတူ ဘေးအိမ်က လင်းကြက်တွန်သံကိုကြားလိုက်မိမှပဲ ကျနော်လည်းပတ်ဝန်းကျင်ကို လှမ်းပြီးအကဲခတ်လိုက်သလို ကောင်းကင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ ခုနစ်စဉ်ကြယ် မြောက်ဘက်
ကို အမြီးတန်းနေပြီမို့ မိုးလင်းနေပြီဆိုတာသိလိုက်ပါတယ်... ဒါနဲ့ ကျနော်လည်း အိုးထဲက ဘဲဥကြော်လေးကိုတစိမ့်စိမ့်ကြည့်ရင်း ဆီမပြည့်စုံတဲ့ အိုးထဲက ဘဲဥကြော်တဲ့အသံလေးကိုနားထောင်ရင်း ......


ဘဲဥကြော်လေးတွေကိုမြင်တိုင်း  ...... အိမ်မှာကျန်ခဲ့တဲ့ ငယ်ငယ်တုန်းက ဘ၀လေးနဲ့ ချစ်လှစွာသောညီလေးတွေနဲ့အဖေနဲ့အမေကို လွမ်းဆွတ်သတိရ ရင်း...........လွမ်းမောမှုများစွာနဲ့ ဘ၀အမောများစွာကို ခါးစည်းခံရင်း............ 
အိမ်ပြန်ချိန်ကို  ကြိုးစားနေတဲ့..... အိမ်ကိုမပြန်နိုင်သေးတဲ့  အဝေးရောက်သားများစွာထဲက အိမ်ကိုပြန်ချင်လှတဲ့ သားတစ်ယောက်.............      


                                                                         ကျေးဇူးတင်စွာဖြင့်.......
                                                                                  ဟန်.....  (ခေတ္တ - ထိုင်းနိုင်ငံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...