စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လွမ်းမိပါရဲ့..ရန်ကုန်တက္ကသိုလ်

 
သိပ်မကြာခင်လေးက ရန်ကုန်မြို့ကိုတစ်ခေါက်ရောက်ခဲ့ပါတယ်..
မြို့ရဲ့ အသဲနှလုံးနေရာက..ပြတိုက်ဟောင်းများ
ကျွန်တော်ရဲ့ ရင်ထဲက ပြတိုက်ဟောင်းတွေ လိုက်ကြည့်ဖြစ်ပါရဲ့..။


တစ်ချိန်က..မြန်မာ့အသံအဆောက်အဦဟောင်းရှေ့မှာဆင်း..
သူ့ရှေ့က လိပ်ခုံးအဆောက်အဦလေးကိုငေးမော
နောက်တော့ ပြည်လမ်းမတစ်လျောက် ခြေလျင်လျှောက်ရင်း..
တစ်ချိန်က..ရန်ကုန်ဝိဇ္ဇာသိပံ္ပတက္ကသိုလ်ကျောင်းတော်ကြီး..
ခုတော့ ရှေးဟောင်းပြတိုက်တွေပမာ..။


၁၉၆၂ခုနှစ်များဝန်းကျင်က အာရှမှာ ပညာဂုဏ်သတင်း ပျံ့သင်းခဲ့တဲ့နေရာ
အဆောက်အဦများရဲ့ ရှေးဆန်ဆန် အိနြေ္ဒကြီးမားမှု
အ၀န်းအ၀ိုင်းက ဧကများစွာ..။
သက်ရင့်သက်ပင်ကြီးများက စိမ်းလန်းသောတောအုပ်များ..နွေခါဆို ဥသြသံချို..။
အထူးသဖြင့် သစ်ပုပ်ပင်ကြီးက သားမြေးတပည့်တွေအပေါ် သံယောဇဉ်ကြီးမားလှတဲ့
ဘယ်သောခါမှာမှ ပင်စင်မယူမဲ့ ကထိကအိုကြီးလို..။

စိမ်းလဲ့သော အင်းယားကန်..
ညနေခင်းရဲ့ ဆည်းဆာချိန် တိမ်ပလီမှာ..အရောင်သွေးစုံက တည်ငြိမ်တဲ့ရေပြင်ကျယ်နဲ့
တကယ်ကို ဟာမိုနီဆန်လွန်းစွ..။


ဒီကန်ပေါင်ရိုးမှာ..နံနက်ခင်း..ညနေခင်း လက်ချင်းတွဲလျက်
အင်းယားကို သစ္စာပြုခဲ့ကြဘူးသူ..သစ္စာကြီးခဲ့ကြသူတွေ
ချစ်သူများရဲ့ခြေရာတွေ ကွယ်ပျောက်ခဲ့တာကြာပီကော..။


အို..ခုတော့ အထီးကျန်ဘာကြောင့်များဆန်နေရပါသလဲ..
သင့်ရဲ့ပျိုမြစ်သော စာသင်သားတွေ မြန်မာပြည်တနံတလျား..ပြန့်လွင့်နေတာကို
သင် လွမ်းဆွေးနေလေရော့လား..တက္ကသိုလ်ကြီးရေ..။


စိမ်းလန်းတဲ့ မြင်ခင်းလေးတွေ..ပြုပြင်ထားတဲ့ပုဏ္ဏရိပ်တန်းလေးတွေ
ပိတောက်..ငုဝါ..ရေတမာ..ပန်းကန့်ကော် ..ခုတော့ပန်းဆင်သူမဲ့..
ပိတ်ထားသော စာသင်ခန်းတံခါးများ
သော့ခလောက်တန်းလန်း အဆောင်တခါးများ
စားသောက်ဆောင်မှ..ထမင်းဟင်းနံ့များ..
အို..အရာတိုင်းဟာ လွမ်းမောစရာ..။


ဒါဟာ..မေ့လျော့စရာ ပစ္စည်းမို့လား
တကယ်ရော မေ့လျော့နေကြတာလား
ပြတိုက်အဖြစ်သာ တည်ရှိသင့်သော အရာဖြစ်သင့်ပါရဲ့လား..
လွတ်လပ်ရေးသမိုင်း စာမျက်နှာမှာ..အရေးပါခဲ့တဲ့ ဒီတက္ကသိုလ်ကြီးကို
ဘယ်ချိန်ထိများ..ပြည်ဖုံးကားချထားကြမှာလည်းဗျာ….။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...