စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“မရဏဿတိဆင်ခြင်နည်း(၈)မျိုး”

Buddha In My Life (Face Book) မှ ကူးယူ မျှဝေပါသည်။

မရဏသတိဆင်ခြင်နည်းကား (၈)မျိုးရှိ၏။ ယင်းတို့ကား -

၁။ သေခြင်းသဘောကို သူသတ်သမားသဖွယ် ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၂။ ဖြစ်လျှင် ပျက်မြဲဓမ္မတာဟု ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၃။ သူတပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၎။ မိမိကိုယ်ခန္ဓာ၏ ဘေးအန္တရာယ် များပြားပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၅။ အသက်၏ မခိုင်မြဲသည်ကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၆။ မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေရမည်ဟု ကြိုတင်မသိနိုင်ကြောင်း ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၇။ သက်တမ်း တိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း၊
၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ထင်မြင်အောင် ဆင်ခြင်ခြင်း - တို့ဖြစ်သည်။

၁။ သူသတ်သမားသဖွယ် ဆင်ခြင်ခြင်း

သူသတ်သမားသည် လက်နက်ကို စွဲကိုင်၍ ` သင့်ကို သတ်ရလိမ့်မည်´ဟု ပြောဆိုပြီး အသတ်ခံရမည့်သူ၏ အနီးသို့ သတ်မည့်ဟန်ဖြင့် ချဉ်းကပ်လာသကဲ့သို့ သေခြင်းသည်လည်း မိမိထံသို့ ဦးတည်လာနေသည်။ မိုငုံသည် ပေါက်လာကတည်းကပင် မြေမူန့်ကို ဦးထိပ်ပေါ်တင်၍ ပေါက်လာသကဲ့သို့ သတ္တ၀ါတို့သည်လည်း ပဋိသန္ဓေတည်နေကတည်းကပင် အိုခြင်း သေခြင်းတို့ကို ယူဆောင်လာခဲ့ကြပေသည်ဟု အဖန်ဖန်ဆင်ခြင်ရပေမည်။
ထို့ပြင် တရိပ်ရိပ်တက်လာသော မိုးတိမ်သည် အနည်းငယ်မျှ ရပ်တန့်မနေဘဲ ရှေ့သို့သာ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ ထွက်ပြူလာသော နေမင်းသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ ၀င်ရာအရပ်သို့ တရွေ့ရွေ့ သွားနေသကဲ့သို့ လည်းကောင်း၊ တောင်ကျရေသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေဘဲ တရွေ့ရွေ့ စီးဆင်းနေသကဲ့သို့ လည်းကောင်း၊ ပဋိသန္ဓေတည်နေလာသော သတ္တ၀ါသည်လည်း အနည်းငယ်မျှ ရပ်တန့်မနေ သေခြင်းသဘောသို့ ဦးတည်ရွေ့လျား နေပေသည်ဟု အဖန်ဖန် ဆင်ခြင်ရပေမည်။
တဖန် နေ့ညဉ့်တို့သည် ရွေ့ရွေ့ကုန်လွန်ရသကဲ့သို့ လည်းကောင်း၊ မြစ်ငယ်ချောင်းငယ်ရေများသည်လည်း နွေရာသီ၌ တနေ့တခြား ကုန်ခန်းသွားသကဲ့သို့ လည်းကောင်း၊ သတ္တ၀ါတို့၏ အသက်ရှင်နေရမည့် အချိန်ကာလသည်လည်း တရွေ့ရွေ့ ကုန်လွန်လျက်ရှိ၏ဟူ၍ ဖြစ်စေ၊ ရင့်မှည့်သော သစ်သီးသည် ဧကန်မုချ ကြွေကျရသကဲ့သို့ ပဋိသန္ဓေ တည်နေလာသော သတ္တ၀ါမှန်သမျှ ဧကန်မုချသေကြရမည်ဟူ၍ ဖြစ်စေ၊ အိုးထိန်းသည်တို့ ပြုလုပ်ထားသော အိုးခွက်မှန်သမျှသည် နောက်ဆုံး၌ ကွဲပျက်ကြသကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း နောက်ဆုံး၌ သေပျောက်ပျက်စီးကြရ၏ဟူ၍ ဖြစ်စေ၊ မြက်ဖျားပေါ်၌ ကျရောက်နေသော နှင်းသီး၊ နှင်းပေါက်သည် နေပူရှိန်ကြောင့် ပျက်လွယ် ပျောက်လွယ်သကဲ့သို့ သတ္တ၀ါတို့၏ အသက်သည်လည်း မမြဲသော သဘောကြောင့် သေလွယ် ပျောက်လွယ်၏ဟူ၍ ဖြစ်စေ သေခြင်းသဘောကို အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။

၂။ ဖြစ်လျင် ပျက်မြဲဟု ဆင်ခြင်ခြင်း

`ဤလောက၌ ပြည့်စုံခြင်းမည်သည် ပျက်စီးခြင်းတရားက မလွှမ်းမိုးမီ ကာလအတွင်းသာ ကောင်းမြတ်တင့်တယ်၏။ အမှန်စင်စစ် မပျက်စီးနိုင်သော ပြည့်စုံခြင်းမည်သည် မရှိချေ´ဟု ပြည့်စုံခြင်းနှင့် ပျက်စီးခြင်းကို အတွဲလိုက်ရူ၍ ဆင်ခြင်ရမည်။
တနည်းအားဖြင့် `အနာကင်းရှင်း ကျန်းမာခြင်းကား နာခြင်းနောက်ဆုံး ရှိချေ၏။ ရုပ်ရည်အဆင်း နုပျိုခြင်းကား အိုခြင်းနောက်ဆုံးရှိချေ၏။´ဟူ၍ လည်းကောင်း၊ `သတ္တ၀ါဟူသမျှသို့ ပဋိသန္ဓေနေရခြင်းဘေးသည် ထက်ကြပ်မကွာ လိုက်ပါနေချေ၏။ အိုခြင်းဘေးသည် အစဉ်ပျံ့နှံ့နေချေ၏။ အနာရောဂါဘေးသည် ဖိစီးနှိပ်စက် နေချေ၏။ သေရခြင်းဘေးသည် ပြင်းစွာ ပုတ်ခတ်နေချေ၏´ဟူ၍ လည်းကောင်း၊ မိုးထိ မြင့်မားသော ကျောက်တောင်ကြီးတို့သည် အရပ်လေးမျက်နှာမှ ရှိသမျှ အရာတို့ကို ကြိတ်ချေကာ လိမ့်၍လိမ့်၍ လာကြကုန်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည်လည်း မင်းစိုးရာဇာ၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသား၊ ဒွန်းစဏ္ဍား၊ အယုတ်အလတ် အမြတ်မထား အားလုံးသော သတ္တ၀ါတို့ကို လွမ်းမိုးနှိပ်စက် ကုန်၏´ဟူ၍ လည်းကောင်း၊ သေခြင်းတရားကို စစ်မက်တိုက်ခိုက်ခြင်း လက်ဆောင်တံစို့ထိုးခြင်း တို့ဖြင့်လည်း အနိုင်ယူရန် မစွမ်းနိုင်ချေ´ဟူ၍ လည်းကောင်း အဖန်ဖန် အောက်မေ့ ဆင်ခြင်ရမည်။

၃။ သူတစ်ပါးသေခြင်းကို ရူ၍ မိမိသေရမည်ကို ဆင်ခြင်ခြင်း

လောက၌ အခြွေအရံများပြားသူ၊ ဘုန်းရှင် ကံရှင်ကြီးများ၊ ခွန်အားကြီးမားသော သူရဲကောင်းကြီးများ၊ တန်ခိုးရှင် ပညာရှင်ကြီးများ၊ ပစ္စေကဗုဒ္ဓါများနှင့် မြတ်စွာဘုရားတို့သည်လည်း သေခြင်းကို မလွန်ဆန်နိုင်ကြ၊ မိမိသည်လည်း သေခြင်းကို အဘယ်မှာ လွန်ဆန်နိုင်ပါမည်နည်း၊ ဧကန်မုချ သေရမည်သာ ဖြစ်သည်ဟု ဆင်ခြင်ရမည်။
အကျယ်ဆင်ခြင်ပုံကား ဤသို့ဖြစ်သည် - လောက၌ အကျော်အစော အခြွေအရံ စည်းစိမ်ဥစ္စာကြီးမားကြသော မဟာသမ္မတမင်း၊ မန္ဓာတုစကြာမင်းစသည့် ပုဂ္ဂိုလ်တို့သည်ပင် အဆုံးတနေ့၌ သေလွန်ကြရ၏။ ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်း၊ မုချ သေရပေဦးမည်ဟူ၍ ဖြစ်စေ၊ ဘုန်းရှင် ကံရှင်ကြီးများဖြစ်ကြသော ဇောတိက၊ ဇဋိလ၊ ဥဂ္ဂ၊ မေဏ္ဍက၊ ပုဏ္ဏ၊ အနာထပိဏ် စသော သူဌေးသူကြွယ်ကြီးများပင် သေကြရလေ၏။ ဘုန်းကံနည်းပါးသော ငါသည်ကား အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ ခွန်အားကြီးမား သူရဲကောင်းကြီးများဖြစ်ကြသော ၀ါသုဒေ၀မင်း၊ ဗလဒေ၀မင်းစသည်တို့သည်ပင် သေဆုံးကြရသေး၏။ ငါသို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်း ဟူ၍ ဖြစ်စေ သိကြားမင်းစံရာ ဝေဇယန္တာပြာသာဒ်ကြီးကိုပင် ခြေမတော်ဖြင့် လူပ်ခါပစ်နိုင်စွမ်း ရှိတော်မူသော တန်ခိုးတော်ရှင် အရှင်မဟာ မောဂ္ဂလာန်မထေရ်မြတ်သည်ပင် သေဆုံးရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာမသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ မြတ်စွာဘုရားမှ တပါး တလောကလုံးတွင် ဉာဏ်ပညာအကြီးမားဆုံးဖြစ်သော အရှင်သာရိပုတ္တရာသည်ပင် သေလွန်ရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲရှိပါမည်နည်း ဟူ၍ ဖြစ်စေ၊ မိမိ၏ဉာဏ် ၀ီရိယစွမ်းဖြင့် ကိလေသာတို့ကို ပယ်သတ်ပြီး သစ္စာဉာဏ်ကို သိတော်မူနိုင်သော ပစ္စေက ဗုဒ္ဓါ အရှင်မြတ်တို့သည်ပင် သေဆုံးကြရသေး၏ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ၊ လောက၌ သိစရာရှိသမျှ တစမကျန် သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသည်ပင် သေခြင်းကို မလွန်ဆန်နိုင်ဘဲ ပရိနိဗ္ဗာန် ပြုတော်မူရသေး၏။ ငါကဲ့သို့သော သာမန်လူသည် အဘယ်မှာ မသေဘဲ ရှိပါမည်နည်းဟူ၍ ဖြစ်စေ သူတပါးတို့၏ သေခြင်းကို ရူ၍ မိမိ၏ သေခြင်းကို အဖန်ဖန်ဆင်ခြင်ရမည်။

၎။ ကိုယ်ခန္ဓာ၏ ဘေးအန္တရာယ်များပြားပုံကို ဆင်ခြင်ခြင်း

ဤကိုယ်ခန္ဓာသည် ပိုးမျိုးရှစ်ဆယ်တို့နှင့် ရောပြွမ်းနေ၏။ ထိုပိုမျိုးရှစ်ဆယ်တို့သည် ခန္ဓာကိုယ်နေရာအနှံ့အပြားကို ကိုက်ခဲစားသောက်နေကြ၏။ ထို ပိုးတို့သည် ဤခန္ဓာကိုယ်တည်း၌ပင် မွေးကြ အိုကြ သေကြ ကျင်ကြီး ကျင်ငယ်စွန့်ကြ၏၊ ထို ပိုးမျိုးရှစ်ဆယ် အန္တရာယ်တို့နှင့် ဆက်ဆံနေကြရသကဲ့သို့ပင် သေစေနိုင်လောက်သော ကိုယ်တွင်းရောဂါများ၊ အသက်အန္တရာယ်ပြုတတ်သော မြွေ ကင်းစသည့် ပြင်ပ ဘေးရန်များနှင့်လည်း ဆက်ဆံနေရ၏။ ထိုသို့ ဆက်ဆံနေရသဖြင့် အချိန်မရွေး သေဆုံးနိုင်ပေသည်ဟု အဖန်ဖန်ဆင်ခြင်ရမည်။

၅။ အသက်၏ မခိုင်မြဲသည်ကို ဆင်ခြင်ခြင်း

သတ္တ၀ါတို့၏ အသက်သည် ထွက်သက် ၀င်သက် ဣရိယာပုတ်၊ အအေးအပူ၊ ဓာတ်ကြီးလေးပါး၊ အာဟာရတို့နှင့် ဆက်စပ်နေ၏။ ဤအသက်သည်၊ ထွက်သက် ၀င်သက် ညီမျှနေမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ထွက်သက် ၀င်သက် ပြတ်လျှင် သေတော့၏။ ဣရိယာပုတ် မျှတနေမှလည်း အသက်ရှင်နိုင်၏။ ဣရိယာပုတ် မညီမျှဘဲ တစ်ပါးပါးလွန်ကဲသွားလျှင် သေဆုံးနိုင်၏။ အပူ အအေး မျှတမှလည်း အသက်ရှင်နိုင်၏။ အပူအအေး မမျှတဘဲ တစ်ခုခု လွန်ကဲပါက သေဆုံးတတ်၏။ ဓာတ်ကြီးလေးပါး ညီမျှမှသာ ဆက်လက် အသက်ရှင်နိုင်၏။ ဓာတ်တစ်ပါးပါးပျက်က အနာရောဂါ တစ်မျိုးမျိုး ၀င်ရောက်ကာ သေဆုံးတတ်သည်။ ထို့ပြင် သင့်တင့်သော အာဟာရကို မှီဝဲနေရမှသာ အသက်ရှင်နိုင်၏။ အာဟာရပြတ်က သေဆုံးတတ်သည်ဟု အသက်၏ မခိုင်မြဲပုံကို အဖန်ဖန်ဆင်ခြင်ရမည်။

၆။ မည်သည့်အချိန် မည်သည့်ရောဂါဖြင့် သေရမည်ကို မသိနိုင်ကြောင်း ဆင်ခြင်ခြင်း

သတ္တ၀ါတို့သည် အမိ ၀မ်းတွင်း၌ဖြစ်စေ။ မွေးဖွားပြီးမှဖြစ်စေ၊ သက်တန်းအတွင်း၌ဖြစ်စေ သက်တမ်းကျော်လွန်ပြီးမှဖြစ်စေ သေကြရသည်ကို လည်းကောင်း၊ မည်သည့်ရောဂါ၊ မည်သည့်ဝေဒနာဖြင့် သေကြရမည်ကို လည်းကောင်း၊ မည်သည့်အချိန် ကာလ၌ သေကြရမည်ကို လည်းကောင်း၊ အလောင်းကောင်ကို မည်သည့် အရပ်၌ မြှုပ်နှံရမည်ကို လည်းကောင်း၊ သေဆုံးပြီးနောက် မည်သည့် ဘုံဘ၀၌ ရောက်ရမည်ကို လည်းကောင်း ကြိုတင်၍ မသိနိုင်ကြပေဟု သတ္တ၀ါ တစ်ဦး၏ အသက် ရောဂါ သေရမည့် အချိန်အခါ၊ အလောင်းကောင်ပစ်ချရာ အရပ်၊ ရောက်ရမည့်ဘုံဘ၀နှင့် ပတ်သက်ပြီး ကြိုတင်၍ မသိနိုင်ပုံကို အဖန်ဖန် ဆင်ခြင်ရမည်။

၇။ သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းကို ထင်မြင်အောင် ဆင်ခြင်ခြင်း

ယခုအခါ လူတို့၏ သက်တမ်းကား အလွန်တိုတောင်းလှ၏။ အသက်အရှည်ဆုံးနေသူပင် နှစ်တစ်ရာ၊ တစ်ရာထက်အနည်းငယ်သာ ပို၍ နေကြရ၏။ ထို့ကြောင့် ကုသိုလ်ကောင်းမူကို ပြုသင့်၏။ မြတ်သော အကျင့်ကို ကျင့်သင့်၏။ ပဋိသန္ဓေနေလာသူမှန်သမျှ ဧကန်ပင် သေကြရမည်ဟု လောက၌ သတ်မှတ်ထားသည့် သက်တမ်းတိုတောင်းပုံကို သတိပြု၍ သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်ရမည်။

၈။ အသက်ရှင်ဆဲ ခဏ၏ တိုတောင်းပုံကို ဆင်ခြင်ခြင်း

သတ္တ၀ါတို့၏ အသက်ရှင်ဆဲခဏသည် ပရမတ္ထအားဖြင့် အလွန်ပင် တိုတောင်း၏၊ စိတ္တက္ခဏတစ်ချက်မျှသာ ရှိချေ၏။ ထိုစိတ် ချုပ်သွားလျှင် သေသည်ဟု ခေါ်ဆိုရ၏ဟု အသက်ရှင်ဆဲခဏ၏ တိုတောင်းလှပုံကို အဖန်ဖန်ဆင်ခြင်ရမည်။
အထက်တွင် ဖော်ပြခဲ့သော နည်းများအနက် တစ်နည်းနည်းဖြင့် သေခြင်းသဘောကို အဖန်ဖန် ဆင်ခြင်လျှင် ဘာဝနာစိတ် အထုံရ၍ သေခြင်း သဘောတစ်ခု၌သာ သတိပြုလျက် ကိလေသာ နီဝရဏတရားများကို ခွာချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဥပစာရဈာန်ကို ရရှိနိုင်မည် ဖြစ်သည်။
“မရဏသတိကမ္မဋ္ဌာန်း ဆင်ခြင်ရခြင်း၏ အကျိုးများ”
မရဏသတိကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သော ပုဂ္ဂိုလ်သည် -

၁။ အမြဲ သတိကောင်းခြင်း၊
၂။ ဘ၀အားလုံးတို့၌ ငြီးငွေ့သည့် အမှတ်သညာကို ရရှိခြင်း၊
၃။ အသက်၌ နှစ်သက်ခြင်းကို စွန့်လွှတ်နိုင်ခြင်း၊
၎။ မကောင်းမူကို ကဲ့ရဲ့ရူတ်ချလေ့ရှိခြင်း၊
၅။ ပစ္စည်းအသုံးအဆောင်တို့ကို မတပ်မက်ခြင်း၊ နှမြောဝန်တိုမူ မရှိခြင်း၊
၆။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောများ ဆင်ခြင်ခြင်း၊
၇။ သေခါနီးကာလ၌ ကြောက်လန့်မူကင်း၍ မတွေ မဝေ သေရခြင်း၊
၈။ ပစ္စုပ္ပန်ဘ၀၌ နိဗ္ဗာန်ကို မရရှိသေးပါက သေလွန်ပြီးနောက် သုဂတိ ဘုံဘ၀သို့ ရောက်ရခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပေသည်။

ထို့ကြောင့် အကျိုးအာနိသင်အမျိုးမျိုးကို ရရှိစေနိုင်သော ဤမရဏဿတိကမ္မဋ္ဌာန်းကို မမေ့မလျော့ဘဲ ဇွဲ လုံ့လ ၀ီရိယဖြင့် ကြိုးစား အားထုတ် သင့်ကြပေသည်။
(ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ(အထက်တန်းအဆင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။)
by - Buddha In My Life's Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...