စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဤသို့ဤပုံ ကြော်ငြာကြလေကုန်



ဤသို့ဤပုံ ကြော်ငြာကြလေကုန်
- သူရဿဝါ -

   မောင်ဝါဝါတို့ နေ့စဉ် မနက်မှ ညအထိ အချိန်ပြည့် ဧည့်စာရင်း မတိုင်ဘဲ နေထိုင်လျှက် ရှိကြသော ဖေ့စ်ဘုတ်ကြီး အတွင်းတွင် စိတ်ဝင်စား စရာများ ပြည့်နှက် နေသည်။ လယ်သမား ဘဝဖြင့် လယ်ထွန်ခြင်း၊ စားသောက်ဆိုင်တွင် စားပွဲထိုး လုပ်ခြင်း၊ လေဆိပ်တွင် ဝန်ထမ်း လုပ်ခြင်း စသော အမျိုးမျိုး အစုံစုံ ဂိမ်းတွေကို ဆော့မလား။ ဒါမှမဟုတ် အလှပုံ၊ အဝပုံ၊ လျှပ်တစ်ပြက်ပုံ၊ ရှိသမျှ လက်များ အငြိမ် မထားဘဲ ဟိုထောင် ဒီထောင် လုပ်၍ ရိုက်သောပုံ၊ နှုတ်ခမ်းစူ ပါးဖောင်း မျက်လုံးစောင်း၍ ရိုက်သောပုံ စသည့် ပုံစံမျိုးစုံ ရိုက်ကူး ထားသော ဓါတ်ပုံတွေပဲ တင်ဦးမလား။ မဟုတ်သေးရင် ဗီဒီယို ဖိုင်တွေ တင်မလား၊ သူများ တင်ထားသော ဗီဒီယို ဖိုင်တွေ ကြည့်မလား။ အဲဒီလိုတွေ မဟုတ်လျှင် ကဗျာတွေ၊ စာတွေ ရေး၍ မိမိနှင့် ခင်မင် ရင်းနှီး သူများအား Tag ပေး၍ စာတွေ ဖတ်စေမလား။ အဲဒါမှ မကြိုက် သေးလျှင် မနက်မိုးလင်း အိပ်ယာနိုး သည်နှင့် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး မှစ၍ ညအိပ်ယာ ဝင်ခါနီး အထိ တစ်နေကုန် လုပ်သမျှ ကိစ္စတွေကို ဖေ့စ်ဘုတ် ပေါ်တွင် တင်မလား။

ထိုသို့ဖြင့် လုပ်စရာ တွေမှ အများကြီး။ တချို့ကလည်း စွယ်စုံပေါ့။ အပေါ်မှာ ပြောသမျှ အားလုံး လိုလိုကို အချိန် မျှပေး၍ လုပ်နိုင်သည်။ တချို့ကတော့ တစ်လိုင်းတည်း သန်တာ။ ကိုယ့်ဟာကိုယ်တော့ တစ်နေကုန် ဘာဆို ဘာမှ မရေး၊ သို့သော် သူများ ရေးသမျှ Like လုပ်သည်၊ Comment ရေးသည်။ တချို့ ကျတော့လည်း ဘယ်သူ ဘာရေးရေး ဆန့်ကျင်ဖက် ပြန်ရေး၍ တွေ့သမျှ လူနှင့် ရန်ဖြစ်သည်။ ထိုသို့ တစ်ယောက် တစ်မျိုး ပုံစံ မျိုးစုံဖြင့် ရှိကြသော ဖေ့စ်ဘုတ် အတွင်းတွင် ယခုတလော မောင်ဝါဝါ အရင်နှင့် မတူတာတွေ တွေ့လာသည်။ အသိပေးတာတွေ၊ ကြော်ငြာ တာတွေပေါ့။ သို့နှင့် မောင်ဝါဝါ သေသေချာချာ လေ့လာစေ့ငုတော့ သတင်းစာ ဂျာနယ်များပင် ဖတ်စရာ မလိုအောင် ပြည့်စုံသော အကြောင်းအရာ များကို မျက်ဝါးထင်ထင် မြင်ရတော့သည်။ ထို အကြောင်းအရာ များကို တစ်စုတစည်းတည်း ဖတ်ရှုနိုင်ရန် တတ်နိုင်သမျှ ရှာဖွေ၍ ဖော်ပြရသည် ရှိသော် အောက်ပါအတိုင်း ဖြစ်လေ၏။

လက်ထပ်ထိမ်းမြားပြီးစီးခြင်း

ကျွန်တော် မောင်မိုးမြင့်အာကာထက်ဝေယံဟိန်းနှင့်

ကျွန်မ ဖြူနုဖွေးသန့်ပျိုပျိုမဒီခင်ဦး တို့သည်
Event Note တစ်ခုပြုလုပ်၍ ဖိတ်ကြားထားသော
လူကြီးစုံရာတို့ ရှေ့မှောက်တွင် တရားဝင်လက်ထပ်ပြီးစီးသည် ဖြစ်ပါ၍
ယနေ့ ယခု ဒီအချိန်မှစ၍ ဖေ့ဘုတ်တန်းတင် အကြင်လင်မယား
အဖြစ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီ ဖြစ်ပါကြောင်း ။

အော် … လက်ထပ်တာတောင် ဖေ့ဘုတ် ပေါ်မှာတဲ့။ အပြင်မှာ လက်ထပ်တော့ ပုဆိုးတန်းတင် အကြင် လင်မယား၊ ဖေ့စ်ဘုတ်ပေါ်မှာ လက်ထပ်ကြတော့ ဖေ့ဘုတ်တန်းတင် အကြင် လင်မယား ပါတဲ့။ သူပြောတာလည်း ဟုတ် တုတ်တုတ်ပဲ။ ဖေ့ဘုတ် ပေါ်မှာ လက်ထပ် ထိမ်းမြား ပြီးစီး သတင်းလည်း တင်လို့ ရပေတာပဲ။ ဒီလိုနဲ့ .. သိပ်မကြာ၊ နောက်တစ်မျိုး တွေ့ရပြန်၏။

ရောက်ရာအရပ်မှအမြန်ပြန်လာပါ

မောင် .. ရှိသမျှ အပြစ်များ အကုန်ခွင့်လွှတ်သည်

ပေါင်ပစ်ခဲ့သော စကတ်များလည်း အကုန်ရွေးပြီးပြီ
မောင့်ဖဲကြွေးများလည်း အကုန်ဆပ်ပြီးပြီ
အသည်းလေး အလွန့်အလွန် စိတ်ပူနေသည်
ရောက်လေရာ Chat Room ထဲမှ အမြန်ပြန်လာပါ (ပုံ - ဖြူနုဖွေးသန့်ပျိုပျိုမဒီခင်ဦး)

အလို … ဘယ်လို ဖြစ်ပါလိမ့်။ ဟိုတလောကပဲ လက်ထပ် ထိမ်းမြား ပြီးစီးသည်။ အခု ယောကျာ်းက အိမ်ပေါ်မှ ဆင်းသွားသည် ထင်၏။ ခေတ်ကာလ သားသမီးများ အပြောင်းအလဲ ကလည်း မြန်ပ။ အော် … ဖေ့ဘုတ်သည် လူပျောက် ကြော်ငြာလည်း တင်ထားလို့ ရပေပြန်၏။ မှတ်ထားဦးမှ …။ နောက်တစ်ရက် နှစ်ရက် နေတော့ နောက်တစ်မျိုး။

ကွာရှင်းပြတ်စဲပြီးစီးခြင်း

ကျွန်တော် မောင်မိုးမြင့်အာကာထက်ဝေယံဟိန်းနှင့်

ကျွန်မ ဖြူနုဖွေးသန့်ပျိုပျိုမဒီခင်ဦး တို့သည်
အနားတွင် ဖန်ခွက်ရှိလျှင် ဖန်ခွက်နှင့် ကောက်ပေါက်
ကျောက်ပျဉ် ရှိလျှင် ကျောက်ပျဉ်နှင့် လှမ်းပစ် စသည်ဖြင့်
တစ်ဦးနှင့် တစ်ဦး မျက်နှာချင်းဆိုင်လို့ပင် မရအောင်
အမြင်ကပ်၍ သဘောထား ကွဲလွဲသည်ဖြစ်ပါ၍
ယနေ့မှစ၍ ဖေ့ဘုတ်တန်းတင် အကြင်လင်မယား ဘဝမှ
နှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲပါကြောင်း
ယနေ့မှစ၍ ထိုမိန်းမနှင့် ပတ်သက်သမျှ ဘာမှ တာဝန်မယူပါ
စုံစမ်းမေးမြန်းခြင်း သည်းခံပါ
အလိုက်မသိဘဲ လာမေးလျှင် လာမေးသူကို ကိုင်ပေါက်မည်

ဟင် … လုပ်လာပြန်ပြီ။ ဟိုတလောကပဲ ယူ၊ ဟိုတလောကပဲ အိမ်ပေါ်ကဆင်း၊ အခုကျ ကွာရှင်း ပြတ်စဲ ကြပြန် ပြီတဲ့။ ဒီလိုလည်း ဖေ့ဘုတ် ပေါ်မှာ လုပ်လို့ ရသည်ပေါ့။

အမည်ပြောင်းခြင်း

ကျွန်မ မဝက်မ (ခေါ်) အိစံကွားသည် ယခုနာမည် အတိုင်း ဆက်၍ နေလျှင်

သွားလေရာ လာလေရာ အိမ်ထောင် အဆက်ဆက် ကျမည်ဟု ဗေဒင် ဆရာက
ခပ်တည်တည် ဟောကြားပါသဖြင့် ယခု အချိန်မှ စ၍ ကျွန်မ မဝက်မ (ခေါ်) အိစံကွား အား
ဆောင်းနှင်းယွန်းလွင်သဇင်သင်းမြမြကြိုင်သင်း ဟု ပြောင်းလဲ ခေါ်ဆို ကြပါရန်

ဟိုက် … ဒါက တစ်မျိုး။ သူ့ဟာသူ နေတဲ့ နာမည်တောင် ဗေဒင် ဆရာနဲ့ အတွေ့မှာ ဖေ့ဘုတ် ပေါ်အထိ တက်ပြီး ပြောင်းရ လေပြီ။ ပြောလို့ ရတာမဟုတ် .. ထိုသို့ ဟောသည့် ဗေဒင် ဆရာတောင် အွန်လိုင်းက ဖြစ်ချင် ဖြစ်နေမှာ။ ကိုင်း .. နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲ ကြည့်လိုက်မယ် ဟုဆိုကာ နောက်တစ်မျိုး ထပ်ရှာတော့ နောက်တစ်မျိုး တွေ့ပြန်၏။

ရောင်းရန်ရှိသည်

အိမ်နှင့်ခြံပေါင်း ဆယ်ပေ ပတ်လည်

အမှိုက်ထူ ခြင်ကိုက် မြောင်းအနောက်ဖက်
လူမိုက်ပေါ ရဲစခန်းနှင့်နီး ဆေးရုံနှင့်နီး
ရေ - လမ်းထိပ်တွင် အဝီစိတွင်းရှိသည်
မီး - ထုံးစံအတိုင်း
ဈေးပေးချင်သလောက်ပေး
ကိုယ့်လက်ထဲက ထွက်သွားရင်ပြီးရော … ။

အော် … ဒါကတော့ အိမ်ရောင်း ခြံရောင်း ကြော်ငြာပါတဲ့။ လူမိုက်လည်း ပေါ၊ ရဲစခန်းနီး ဆေးရုံနီး၊ ရေ မီး ထုံးစံအတိုင်း ဆိုတော့ အတော်ကို အရောင်းအဝယ် သွက်မည့် သဘောမှာ ရှိသည်။ ဒါမျိုး သည်လည်း ဖေ့ဘုတ်ပေါ် တင်၍ ကြော်ငြာလို့ ရပြန်သည်ပေါ့။ မောင်ဝါဝါမှာ မှတ်သား စရာများ တိုးရပါ၏။

သို့ဖြင့် အထက်တွင် ဆိုခဲ့သလို ဖေ့စ်ဘုတ် ပေါ်တွင် ဓါတ်ပုံတွေ၊ ဂိမ်းတွေ၊ ဗီဒီယိုတွေ မဆော့ဘဲ မသုံးဘဲ ဖယ်ထား လိုက်ဦး။ ထိုသို့ ကိုယ်ရေး ကိုယ်တာ ကိစ္စများ၊ စီးပွားရေး အရောင်း အဝယ်များ၊ လူသိစေရန် ကြော်ငြာခြင်းများ ရှိနေလျှင်ကို စည်ကား သိုက်မြိုက်ကာ ပျော်စရာ ကမ္ဘာကြီး ဖြစ်၍ နေနိုင်သည် ဖြစ်၍ သင်တို့လည်း အလိုရှိရာ တောင့်တရာ ပြောချင်ရာ တို့ကို အနှီ ဖေ့စ်ဘုတ်ကြီး ပေါ်တွင် မည်သူ့ မျက်နှာမှ မထောက်၊ အားနာစရာ မလိုပဲ ဤသို့ဤပုံ ကြော်ငြာ နိုင်ကြ ကုန်ပေသည် ဟူ၍ မောင်ဝါဝါမှ နေ၍ လက်တို့ ပြောကြား လိုက်ရ ပေတော့သည်။


Techspace Journal
Volume (1), Issue (14)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...