စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြုပြီးသော အကုသိုလ်များကို ပယ်ဖျက်လို့ ရနိုင်ပါသလား

 
        အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လူမှုပတ်ဝန်းကျင်မှာ
နေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှား မကင်းနိုင်ကြပါဘူး၊ အမှားဆိုတာကလဲ လောကအမှား၊ သံသရာ အမှား၊ တနည်းအားဖြင့် လောကီအမှား လောကုတ္တရာ အမှားလို့ ဆိုရမှာပါ၊ အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ မိတ်ဆွေတွေကြားမှာ မိသားစုမှာ စသည် မှားတတ်တာမျိုးကို လောက အမှား လောကီ အမှားလို့ ဆိုနိုင်ပါတယ်၊ ပြန်လည်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။

        သံသရာ အမှား ဆိုတာကတော့ အရိယာသူတော်ကောင်း၊ ဆရာသမား၊ လူကြီးမိဘတွေအပေါ်မှာ ကံသုံးပါး တပါးပါးနဲ့ ပြစ်မှား မိတာမျိုး၊ သူတပါးအသက် သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမဂုဏ်မှားယွင်းမိခြင်း၊ မုသားပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတဲ့ သီလချိုး ဖောက်ခြင်း များကတော့ ယခုလက်ရှိဘ၀မှာရော သံသရာမှာပါ အကျိုးပေးနိုင်တာမို့ သံသရာအမှား လို့ ခေါ်ဆိုရမှာ ဖြစ်ပါ တယ်၊
နောင်ဘ၀တွေမှာလဲ သူတပါးပယောဂဖြင့် သေဆုံးရခြင်း၊ ဥပစ္ဆေဒကကံကြောင့် ငယ်ငယ်ရွယ်ရွယ်သေရခြင်း၊ ရှိပြီးသား ဥစ္စာများ ဆုံးရှုံးရခြင်း၊ ယောကျာ်းမဟုတ် မိန်းမမဟုတ် နပုံးပဏ္ဍုပ်ဖြစ်ရခြင်း၊ စကားမပီမသ ထစ်အ ဆွံ့အဖြစ်တတ်ခြင်း၊ ဦးနှောက်ကျပ်မပြည့်ပဲ လူစဉ်မမှီခြင်း စတာတွေကို ဘ၀တခုခု၊ ဒါမှမဟုတ် ဘ၀ပေါင်းများစွာ ပေးဆပ်ခံကြရတာမို့ သံသရာ အမှား လို့ ဆိုသင့်လှပါတယ်၊ ၀ဋ်မှာ အမြဲ၊ ငရဲမှာ အပ ဆိုတဲ့ ရှေးစကားကလဲ ဒီလို အပြစ်တွေကို ပေးဆပ်ရခြင်းကို ရည်ရွယ်ထားတာ ဖြစ်တာကြောင့် မသိလို့ မိုက်မှားခြင်း ရှိခဲ့သော်လည်း တန်ပြန်အကျိုးပေးမှာကိုတော့ ကြောက်ရွံ့ ကြပြန်တာ သတ္တ၀ါအားလုံးပါပဲ၊

       ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမှာ ကံကောင်းစေတာတခုက ဗုဒ္ဓရဲ့ တရားတော်တွေအလိုအရ အပြစ်ရှိသော်လည်း လုံးဝ ကုစားလို့ မရတာမျိုးတော့ မဟုတ်ပါဘူး၊ ကုစားလို့ ရနိုင်ပါသေးတယ်၊ မှားမှန်းသိရင် အမှန်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်၊ သို့သော် ဒူးထောက်ပြီး ခွင့်လွှတ်ကျေအေးတော်မူပါ ဆိုတာမျိုးလောက်နဲ့တော့ မရဘူး၊ ပြုပြီးသား အကုသိုလ်ကို လုံးဝ ကင်းစင်သွားအောင် ဆိုသည်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်တောင် မတတ်နိုင်ခဲ့ပါဘူး၊
အနာပေါက်ပြီးရင် အမာရွတ်တော့ ကျန်နေအုံးမှာပါ၊ အမာရွတ်က အမာရွတ်ပါပဲ၊ ထို့အတူ ပြုပြိးသား အကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်အနေနဲ့( ကံတစ်ခုအနေနဲ့ ) ကျန်ရစ် remain ဖြစ်နေပါလိမ့်မယ်၊ လုပ်ပြီးသားကို မလုပ်ခဲ့ပါဘူး လို့ ပြောလို့မရတော့ဘူး၊ သို့သော် ရှိပြီးသား အကုသိုလ်ကို အားနည်းသွားအောင် အကျိုးမပေးနိုင် အောင် တော့ ဗုဒ္ဓတရားတော်များမှာ အခွင့်အလမ်း ရှိနေသေးတယ်၊

             သတ္တ၀ါတွေကို ကံက အကျိုးပေးတယ် ဆိုရာမှာ ထိုကံကို ထောက်ပံ့ပေးနေတဲ့ နောက်ခံအကြောင်းတရားတွေ အများကြီး ရှိနေသေးတာကို ရှေးဦးစွာ လက်ခံရမှာ ဖြစ်ပါတယ်၊ အဲဒီနောက်ခံအကြောင်းတရားတွေ ဆိုတာဟာလဲ အလွယ်ပြောရရင် ကိလေသာတွေပါ၊ အဲဒီကိလေသာတွေကို အားနည်းအောင် ကုန်ခမ်းသွားအောင် လုပ်နိုင်ရင် ဘ၀ါဘ၀ များစွာက ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေဟာ နောက်ထပ် ဘ၀သစ်အနေနဲ့ ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ဘူး၊ ဒါကိုပဲ ကံကို သတ်ပစ်တယ် လို့ ဆိုပါတယ်၊

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မထေရ်ကြီးများလဲ အတိတ်ဘ၀များစွာက ကံတွေ ရှိခဲ့ကြတာမို့ ဒီဘက်ဘ၀မှာ ကံတွေရဲ့ အကျိုးပေးကို ခံကြရသေးတယ်၊ ဒါပေမယ့် နောက်ဘ၀သစ်rebirth ဖြစ်ဖို့ တဏှာ အ၀ိဇ္ဇာတွေကို ပယ်သတ်လိုက် တာကြောင့် ကံတွေဟာ အကျိုးပေးခွင့် မရရှာကြတော့ပဲ ချုပ်ငြိမ်းကုန်ကြတယ်၊
ဥပမာအားဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ ရှင်သန်နေဆဲ သစ်ပင်လေးကို ရေနွေးပူနဲ့ လောင်းသတ်လိုက်သလို ဘ၀များစွာ က ပါလာခဲ့တဲ့ ကံတွေကို အရိယာမဂ်ဖိုလ် ဆိုတဲ့ ရေနွေးနဲ့ လောင်းလိုက်တာမို့ ပြန်လည် မရှင်သန်နိုင်တော့ဘူး၊ လုံးဝ အကျိုးမပေးနိုင်တော့ဘူး၊

မြတ်စွာဘုရားက ပြုပြီးသား အကုသိုလ်တွေကို ပယ်သတ်ဖို့ နည်းလမ်း( ၄ ) မျိုးကို သင်္ခဓမ သုတ္တန်မှာ ဟောကြားထားခဲ့တယ်၊
၁။ အကုသိုလ်ကို အကုသိုလ်မှန်း သိအောင် လုပ်ပါ၊
၂။ သိမြင်ပြီးလျင် ဒါဟာ မကောင်းဘူး လို့ လက်ခံနိုင်အောင် ကြိုးစားပါ၊
၃။ အကုသိုလ်ကို နောက်တကြိမ် မပြုမိအောင် စောင့်စည်းပါ၊
၎။ အကုသိုလ်စိတ်ဖြစ်ပေါ်တာနဲ့ ကုသိုလ်တခုခုဖြင့် အစားထိုးလိုက်ပါ၊
အထက်ပါ အချက်လေးချက်နဲ့ ကုစားလျင် နောက်ထပ် နောက်ထပ် အကုသိုလ်တွေကို ပြုလုပ်မိတာ နည်းပါးသွားမှာ သေချာပါတယ်၊ နောက်ဆုံးတခုကတော့ ကိလေသာတွေ အားလုံးကုန်သွားရင် ကံတွေကနေ လုံးဝလွန်မြောက်သွားတာပါ၊ ဘ၀တခုကို ဖြစ်စေမယ့် ကံတွေကနေ လွတ်မြောက်သွားတယ် လို့ ဆိုနိုင်ပါတယ်၊

သို့သော် အတိတ်ဘ၀တခုခုက ပြုလုပ်ပြီးသား အကုသိုလ်ရဲ့ အကျိုးကိုတော့ ဒီခန္ဓာကြီး ရှိနေသေးတဲ့အတွက်ကြောင့် ပ၀တ္တိအကျိုး အဖြစ် ပေးဆပ်ကြရပါအုံးမယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ ကိလေသာအားလုံး ကုန်ခမ်းသွား ပေမယ့် ခေါင်း ကိုက်တာ၊ ခါးနာတာ၊ ၀မ်းသွေးသွန်ရောဂါခံစားရတာ၊ စသဖြင့် ပါရမီနုစဉ်က ပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ရဲ့ ၀ဋ်ကြွေးအဖြစ် ပေးဆပ် ရတာပဲ (မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါးအကြောင်း) ၊ အရှင်မောဂ္ဂလာန်မထေရ်ကြီးလဲတန်ခိုးအရာမှာ အသာဆုံး ဘွဲ့ထူးကြီး ရထားသော်လည်း ခိုးသားငါးရာရဲ့ လက်ချက်နဲ့ ရိုက်နှက်ခံရ ထုထောင်းခံရပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ရတာ၊
တကယ်ဆို တန်းခိုးရှင်ကြီးပေမယ့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလို့ ယူဆစရာပါ၊ မထေရ်မြတ်ကြီးဟာ နှစ်ကြိမ်တိတိ တန်ခိုးနဲ့ လွတ်မြောက်ပြီးသော်လည်း သုံးကြိမ်မြောက်မှာ ကိုယ့်ရဲ့ အတိတ်ကံတွေကို ဆင်ခြင်တော်မူပြီး ၀ဋ်ကြွေးရှိခဲ့တာကြောင့် ပေးဆပ်ရအုံးမှာ ဆိုတာ သိရှိ ကာ ငြိမ်ပြီး ရိုက်နှက်ခံတော်မူခဲ့တယ်၊

ဒါကြောင့် ကံရဲ့ အကျိုးဆက်တွေက ရရှိပြီးသား ဘ၀ကိုတော့ ဒုက္ခပေးနေအုံးမှာပါ၊ ရဟန္တာမထေရ်မြတ်ကြီးတွေအတွက် ယခုဘ၀မှာ လုပ်တဲ့ကံတွေကတော့ နောက်ထပ် အကျိုးမပေးနိုင်တော့ဘူး၊ နောက်ထပ် ဘ၀သစ်တခုကို ထုတ်လုပ်မပေး နိုင်တော့ဘူး၊ နောက်ဘ၀တွေမှာ ငရဲဘ၀၊ လူ့ဘ၀ စသည်ဖြင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး၊ ပ၀တ္တိအကျိုး အနေနဲ့တော့ ဒီဘ၀မှာ ဒုက္ခတွေ များစွာ ခံကြရအုံးမယ်၊ အကျဉ်းချုပ်လိုက်တော့ ပြုပြီးသား အကုသိုလ်တွေကိုတော့ deleting လုပ်လို့တော့ မရတော့ဘူး၊ isolate လုပ်ဖို့ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်၊
မျိုးစေ့တစ်ခုကို အပင်မပေါက်စေချင်ရင် လေလုံခြောက်သွေ့တဲ့ ဖန်ပုလင်းထဲမှာ ပိတ်ထားပါက အပင်မပေါက်နိုင်ပါဘူး၊ သို့မဟုတ် မီးဖုတ်ပစ်လိုက်တယ်၊ ထုခွဲပြစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင် မြေဓာတ်၊ ရေဓာတ် တွေနဲ့ မတွေ့သမျှ အပင်မပေါက်နိုင်တော့ဘူး၊ မြေရေတွေနဲ့ ထိတွေ့ခွင့်ရလျင်တော့ အပင်ပေါက်ရှင်သန်လာမှာ သေချာပါတယ်၊

အဲဒီလိုမျိုးပါပဲ ကံတွေ ဆိုတာဟာ ကိလေသာတွေနဲ့ မတွေ့တော့ရင် အကျိုးမပေးနိုင်တော့ဘူး၊ အကျိုးပေးခွင့်မရတော့ဘူး၊ ကိလေသာတွေ ရှိနေသေးသမျှ အကျိုးပေးနေပါအုံးမယ်၊ ဒါ့ကြောင့် ကိလေသာတွေ နောက်ထပ် မဖြစ်တော့အောင် ကျင့်ကြံနိုင်ပြီ အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပြီ ဆိုရင် ကံအားလုံး ပြတ်ဆဲပါပြီ၊

သဥပါဒိသေသ နိဗ္ဗာန်ဆိုတဲ့ ရရှိပြိးသား မဂ်ဖိုလ်များနဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ခံစားနိုင်သော်လည်း ရုပ်နာမ်ခန္ဓာကိုယ်ကြီး ထင်ရှားရှိ နေသေးတာမို့ ကာယိကဒုက္ခများကို ပေးဆပ်ကြအုံးမှာပါ၊ ယခုလက်ရှိဘ၀အပါအ၀င် နိဗ္ဗာန်မရောက်မှီ ကြား ကာလမှာ အကုသိုလ်ကို အကုသိုလ်လို့ သိခြင်း၊ ဒါမကောင်းပါလား လို့ လက်ခံပြီး နောက်ထပ် နောက်ထပ် မကျူးလွန် မိအောင် စောင့် စည်းခြင်း၊ ကုသိုလ်ကောင်းမှုများဖြင့် အစားထိုးခြင်း ဟူသော နည်းလမ်းလေးသွယ်ဖြင့် ဖြူစင်မြင့်မြတ်သော အကုသိုလ် နည်းပါးသော ကုသိုလ်များဖြင့်သာ ထုံမွှန်းထားသော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ..
အထက်ပါ မေးခွန်းကို မေးလာသူများကတော့ အများအပြားပါပဲ၊ ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိတော့ပါ၊ အားလုံးအတွက် ရည်ရွယ်ကာ လက်လှမ်းမှီသမျှ ဖော်ပြပေးလိုက်ပါတယ်။

Rf. ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မဗျူဟာသင်တန်းသားများ၏ အမေးကို ဖြေဆိုခြင်းကို မှီငြမ်းပါသည်။ 
မေတ္တာဖြင့် 
( ပန်းကမ္ဘာ )
Date.29.April.2012
http://www.dhammayaungchi.com/2012/04/blog-post_29.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...