စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိဗ္ဗာန်အကြောင်းသိကောင်းစရာများ


နိဗ္ဗာန်
နိဗ္ဗာန်ဟူသည် ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးရည်မှန်းချက်နှင့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ နိဗ္ဗာန်ဟူသော အမည်သည် နိဗ္ဗာန ပါဠိပုဒ်မှ ဆင်သက်လာခြင်းဖြစ်သည်။ နိဗ္ဗာန၏ မူလပုဒ်ရင်းမှာ နိဝါန ဖြစ်သည်။ နိဝါနမှ နိဗ္ဗာန ဖြစ်လာခြင်းဖြစ်၏။

“၀ါန” ဟုဆိုအပ်သော တဏှာစက်ကွင်းမှ ရှင်းရှင်းကြီး လွတ်ကင်းထွက်မြောက်သည့် တရားဟု အဓိပ္ပာယ်ရသည်။

အပ်ချုပ်သမားသည် အ၀တ်အထည်တစ်စနှင့်တစ်စကို အပ်ချည်ဖြင့် ချုပ်စပ်သကဲ့သို့ တဏှာတရားသည်လည်း ဘ၀တစ်ပါးနှင့် ဘ၀တစ်ပါးကို ချုပ်စပ်ဆက်သွယ်တတ်သည်။ ထို့ကြောင့် တဏှာကို ၀ါနဟုခေါ်သည်။


အကြမ်းရှင်းပြရမည်ဆိုလျှင် တဏှာကား သံသရာ နယ်ချဲ့တရား တပါးဖြစ်၏။ တဏှာနယ်ပယ်ကား (၃၁)ဘုံဟူသော သြကာသလောကဓာတ်ကြီးတစ်ခုလုံး ဖြစ်သည်။ ထို (၃၁)ဘုံ အတွင်း ကောင်းသောဘ၀(သုဂတိ)နှင့် မကောင်းသောဘ၀(ဒုဂ္ဂတိဘ၀)တို့၌ တစ်ဘ၀ပြီးတစ်ဘ၀ ဆုံလည်နွားပမာ ပြောင်းလဲဖြစ်ပေါ်နေသည့် သတ္တ၀ါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်ကို သံသရာဟုခေါ်သည်။


ထိုသံသရာကို ချဲ့တတ်သည့် နယ်ချဲ့တရားတို့ကား ဒိဋ္ဌိ၊ မာန၊ တဏှာတို့ဖြစ်သည်။ ဒိဋ္ဌိသည် ခန္ဓာငါးပါး၌ အတ္တရှိ၏ဟု အမှားမြင်၏။ မာနကား ထိုအတ္တကိုပင် “ငါ ငါ” ဟု မှတ်ထင်၏။ ဒိဋ္ဌိမာနအရင်းခံမူကြောင့် မိမိ၏ ရုပ်နာမ်တရားများကို တဏှာဖြင့် အားပါးတရ စွဲလမ်း၏။


တဏှာကား အစွမ်းသတ္တိ အလွန်ထက်သည့် တရားတစ်ပါးတည်း၊ ထိုတဏှာက ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ပြည့်နှက်နေသည့် ဤလောကကြီး ပျော်မွေ့စရာ၊ ချမ်းမြေ့စရာ ကောင်း၍ အလွန်သာယာစိုပြည်သည့် လောက နိဗ္ဗာန်ကြီးအဖြစ် ဖန်တီးပေးထား၏၊ ရဟန္တာမှတပါးသော သတ္တ၀ါမှန်သမျှကို ထိုထိုအာရုံ၌ဖြစ်စေ၊ မိမိခန္ဓာကိုယ်၌ဖြစ်စေ တွယ်တာမက်မောစေ၍ သံသရာဝဋ်ဆင်းရဲ၌ မငြီးငွေ့အောင်၊ ပျော်ရွှင်အောင် ပြုလုပ်ထားသည့်တရားကား တဏှာပင်ဖြစ်သည်။


ထို့ကြောင့် တဏှာရှိသော သတ္တ၀ါတို့သည် မိမိတို့ လိုချင်တွယ်တာမူ အတိုင်းအတာအရ ဆင်းရဲအမျိုးမျိုးကိုခံယူကာ နေ့မအား ညမအား ရုန်းကန် လူပ်ရှားနေကြရသော်လည်း တဏှာကို ဒုက္ခပေးနေသည့် ရန်သူအဖြစ်မမြင်ကြ မိတ်ဆွေကောင်းကြီးအသွင်ဖြင့်သာ အဖေါ်ပြုကာ ပျော်ပျော်ပါးပါး သံသရာခရီးနှင်လျက်ရှိကြလေသည်။ အချုပ်ဆိုရသော် တဏှာ၏လက်ချက်ကြောင့် သတ္တ၀ါများ သံသရာမှ ထွက်ပေါက်မရှာကြဘဲ ဘ၀ပေါင်းများစွာ ကြင်လည်နေကြရခြင်း ဖြစ်ပေသည်။


ထို့ပြင် တဏှာသည် ကမ္မ၀ဋ်ကို တွင်တွင်လည်အောင် လှည်ပေးတတ်သော ကိလေသ၀ဋ်တရားတစ်ခု ဖြစ်သည်။ လိုချင်မက်မောမူတဏှာကြောင့် ကုသိုလ်၊ အကုသိုလ်များကို ပြုလုပ်နေကြ၏။ တဏှာအရင်းခံသည့် ယင်းပြုလုပ်မူ (ကမ္မ၀ဋ်)ကြောင့် လက်ရှိဘ၀ခန္ဓာပြတ်စဲသွားသောအခါ ၀ိပါက၀ဋ်ခေါ် ရုပ်သစ်၊ နာမ်သစ်များ ဖြစ်လာကာ ဘ၀တစ်ခုပေါ်လာပြန်၏။ ထိုဘ၀သစ်ဖြစ်၍ မကြာမီမှာပင် ဘ၀၌ တွယ်တာနှစ်သက်တတ်သော(ဘ၀နိကန္ထိက) လောဘဇောခေါ်တဏှာရပြီးခါစ အတ္တဘောကို မက်မောတွယ်တာပြီးလျှင် ယခင်အတိတ်ဘ၀ကနည်းတူ ဘ၀သစ်တွင် စခန်းသွားရပြန်သည်။


ဤသို့ပုထုဇဉ်၊ သေက္ခ သတ္တ၀ါတို့သည် တဏှာတည်းဟူသော ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်တို့ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာပြီးလျှင် သံသရာတကြောဝယ် နစ်မျောကျင်လည်၍ နေကြရလေသည်။ ဤ သံသရာတကြောဟူသော (၃၁)ဘုံကား တဏှာ၏နယ်၊ တဏှာ၏စက်ကွင်းတည်း။


နိဗ္ဗာန်ကား ထိုတဏှာ၏နယ်၊ တဏှာ၏စက်ကွင်းမှ လွတ်သော တရားမျိုးဖြစ်ပေသည်။


သို့သော် နိဗ္ဗာန်ကား(၃၁)ဘုံကဲ့သို့ ကမ္ဘာလောကဓာတ်ကြီး တစ်ခုအဖြစ်ဖြင့်လည်းကောင်း ကမ္ဘာသူ ကမ္ဘာသားတစ်စုံတစ်ဦးအနေဖြင့်လည်းကောင်း တစ်စုံတစ်ခုသော အရပ်၌ တည်ရှိနေသည့်အရာ မဟုတ်ချေ။
နိဗ္ဗာန်ဆိုသည်မှာ ရုပ်နာမ်နှစ်ပါး အကြွင်းမဲ့ချုပ်ဆုံးမူဖြစ်ပါသည်။


နိဗ္ဗာန်နှင့် သန္တိသုခဓာတ်
ကိလေသာခန္ဓာတို့၏ ချုပ်ငြိမ်းမူ၊ ရုပ်နာမ်တရားတို့၏ နောက်တဖန် ပြန်မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမူဟူသော အငြိမ်းဓာတ် အအေးဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။


ထိုအငြိမ်းဓာတ် အအေးဓာတ်ကား ချမ်းသာတစ်မျိုးဖြစ်၍ သန္တိသုခ နိဗ္ဗာန ဓာတ်ဟူ၍လည်းကောင်း ခေါ်သည်။ ထိုနိဗ္ဗာန်သည် သဘောအားဖြင့် ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းအေးမြခြင်း သဘောလက္ခဏာ ရှိသည်။ ငြိမ်းအေးခြင်းဟူသော ပင်ကိုယ်သဘောမှ မည်သည့်အခါမျှ ရွေ့လျားခြင်းမရှိသော ဂုဏ်နှင့်ပြည့်စုံ၏။ စိတ်စေတသိက်တို့ထက် ပို၍သိမ်မွေ့သော ဓာတ်ကြီးတစ်မျိုးဖြစ်၍ စိတ်စေတသိက်ကဲ့သို့ပင် အထည်ပုံဟန်၊ သဏ္ဌာန်နိမိတ်၊ အရိပ်အသွင် မရှိသော ပရမတ္ထဓာတ်ကြီး ဖြစ်သည်။


နိဗ္ဗာနဓာတ်နှင့် သင်္ခါရ
တနည်းအားဖြင့် နိဗ္ဗာန်ဟူသော ဝေါဟာရသည် နိဗ္ဗာနဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ နိဗ္ဗာနဆိုသည်မှာ ကင်းငြိမ်းခြင်းဟု အဓိပ္ပာယ်ရသည်။ ရုပ် နာမ်သင်္ခါရဟူသော ၀ဋ်ဆင်းရဲတို့ လုံးဝ ဖြစ်ပေါ်မလာကြတော့ဘဲ ရုပ် နာမ်သင်္ခါရတို့ လုံးဝကင်းငြိမ်းသော သဘော၊ မရှိခြင်းသဘောဟု ဆိုလိုပေသည်။ မှန်၏၊ ရုပ်နာမ်တရားတို့ကို ပြုပြင်စီမံမူ သဘောကြောင့် သင်္ခါရဟု ခေါ်သည်။ ထို ရုပ်နာမ်သင်္ခါရတို့နှင့် နိဗ္ဗာနဓါတ်သည် ဆန့်ကျင်ဘက်ဖြစ်သည်၊ သင်္ခါရတရားတို့သည် ရှေးဦးစွာဖြစ်ပေါ်ခြင်း ဥပါဒ်သဘောရှိကြသည်။ ချမ်းသာ ကောင်းစားရန် အမြဲမပြတ်ပြုပြင်အားထုတ်နေရသော သဘောလည်းရှိကြ၏။ ရှေးဘ၀ ရှေးအကြောင်းတရားတို့နှင့် စပ်၍ ဖြစ်ခြင်းလည်းရှိ၏။ ပုံသဏ္ဌာန် အထည်ကိုယ်ရှိသကဲ့သို့ ထင်ပေါ်လာတတ်ကြသည်။


နိဗ္ဗာန်မှာမူကား ရှေးဦးစွာ ဖြစ်ပေါ်လာခြင်း ဥပါဒ်သဘောလည်းမရှိ၊ မပြတ်ဖြစ်သော ရုပ်နာမ်အစဉ်မှလည်း ကင်း၏။ ပြုပြင်အားထုတ် ရသော သဘောလည်းမရှိ၊ ရှေးဘ၀ ရှေးအကြောင်းတို့နှင့် စပ်၍ ဖြစ်ခြင်းလည်းမရှိ၊ နိမိတ်ပုံသဏ္ဌာန် အထည်ဒြပ်ကင်းသည့် အနေအားဖြင့်သာ အရိယာတို့၏ ဉာဏ်မျက်စိ၌ ထင်ပေါ်လာသည့် သဘောရှိသည်။


ထို့ကြောင့် နိဗ္ဗာန်ကို သိပြီး မြင်ပြီးသော အရိယာပုဂ္ဂိုလ်များသော်မှလည်း ထိုနိဗ္ဗာန်ကို မည်သည့်အရာဝတ္ထုနှင့် တူသည်ဟူ၍လည်းကောင်း၊ မည်သို့သော အဆင်းအရောင် ပုံသဏ္ဌာန်ရှိသည်ဟူ၍လည်းကောင်း၊ မည်သည့်အရွယ်ပမာဏရှိသည်ဟူ၍လည်းကောင်း မပြောပြနိုင်ပါချေ။ မပြတ်ဖြစ်ပျက်လေ့ရှိသော ရုပ် နာမ် သင်္ခါရတို့၏ လုံးဝပေါ်မလာဘဲ ချုပ်ငြိမ်း ကင်းဆိတ်သည့် အနေအားဖြင့်သာလျှင် သိလည်းသိရ၏၊ ပြောလည်း ပြောပြနိုင်ကြလေသည်။


နိဗ္ဗာန်သရုပ်
နိဗ္ဗာန်သည် ရုပ်နာမ်သင်္ခါရ ၀ဋ်ဆင်းရဲဟူသမျှတို့၏ လုံးဝချုပ်ငြိမ်းခြင်းဟူသော သန္တိလက္ခဏာသဘောအားဖြင့် တစ်ပါးတည်းသာ ဖြစ်သော်လည်း ခန္ဓာအကြွင်းရှိခြင်း၊ မရှိခြင်း ကွဲပြားခြားနားကြောင်း ပရိယာယ်အားဖြင့်ကား -


(၁) သဥပါဒိသေသ နိဗ္ဗာန်


(၂) အနုပါဒိသေသ နိဗ္ဗာန် ဟူ၍ (၂)မျိုးအပြားရှိသည်။ ထိုတွင် -


(၁) ရဟန္တာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ပရိနိဗ္ဗာန်မပြုမီအတွင်း ကိလေသာတို့၏ လုံးဝမဖြစ်ပေါ်နိုင်သောအားဖြင့် ကုန်ဆုံးချုပ်ငြိမ်းခြင်းသည် သဥပါဒိသေသနိဗ္ဗာန် ဖြစ်သည်။


(၂) ကိလေသာအားလုံးချုပ်ငြိမ်းပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်ကာလ၌ ရုပ်နာမ်သင်္ခါရတို့ လုံးဝဖြစ်ပေါ်မလာတော့ဘဲ အပြီးသတ် ချုပ်ငြိမ်းခြင်းသည် အနုပါဒိသေသနိဗ္ဗာန် မည်၏။


ထိုအနုပါဒိသေသနိဗ္ဗာန်ကို ခန္ဓာတို့၏ အပြီးသတ်ချုပ်ငြိမ်းမူ ဖြစ်သောကြောင့် ခန္ဓနိဗ္ဗာန်ဟု ဟောကြားတော်မူပါသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...