စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စီးမြဲစီးလျက် ရှိပါသည်


“အမေ”
“သား…ဘာပြောချင်လို့လဲ”
“ကျွန်တော်…ဒီနေ့လစာထုတ်လာလို့ပါအမေ”
ကျွန်တော် ကားစပယ်ယာလုပ်သည့် တစ်လပြည့်သည့်နေ့တွင် ကားအုံနာက လစာထုတ်ပေးသဖြင့် ပထမဦးဆုံးရသော လစာငွေကို အမေ့ကို အပ်ခြင်းဖြစ်သည်။
“အမေ…မယူရက်ပါဘူးသားရယ်”
အမေ့မျက်ဝန်းထဲတွင် ၀မ်းနည်းဝမ်းသာဖြစ်နေသည့် မျက်ရည်စတို့စိုရွှဲနေသည်။ ကျွန်တော်ထိုစဉ်က ရှစ်တန်းကျောင်းသားအရွယ်မျှသာဖြစ်သည်။ စပယ်ယာဘ၀တွင် ကားပေါ်မှ ကားပေါ်မှ ကျခဲ့သည့် အကြောင်းကို အဲဒါ…ကျွန်တော့်အမေ ၀တ္ထုတိုတွင် ကျွန်တော်ရေးသားခဲ့ဖူးပါသည်။
အမေသည် ကျွန်တော်တို့မောင်နှမကို ကုန်စိမ်းရောင်းပြီးရှာဖွေကျွေးမွေးခဲ့သည်။ အဆင်ပြေသည့်အခါ ရှိသလို အဆင်မပြေသည့်အခါလည်းရှိခဲ့ပါသည်။ သို့သော် အမေသည် သားသမီး သုံးယောက်ကိုတော့ ကျောင်းထားပေးခဲ့သည်။
ကျွန်တော် ရှစ်တန်းရောက်သည့်အချိန်တွင် စီးပွားရေးနလန်မထူနိုင်သဖြင့် အသိတစ်ယောက်က စောင်မသဖြင့် ကျွန်တော် နွေရာသီကျောင်းပိတ်ရက်တွင် ကားစပယ်ယာအလုပ်ကို လုပ်ခဲ့သည်။ အမေက အစက သဘောမတူ။ ကျွန်တော်က ကျောင်းစရိတ်အတွက် ပြောသဖြင့် အမေ လက်လျော့ခဲ့ သည်။
စပယ်ယာလုပ်၍ရသော လစာငွေကို အမေ့ကို ကျွန်တော် ပေးဖြစ်အောင်ပေးခဲ့သည်။ ကျွန်တော့် ဘ၀တွင် အမေသည်သာ တွယ်တာစရာဟု မှတ်ယူခဲ့သည်။ ကျွန်တော် အစ်ကိုနှင့် နှမကို ကျွန်တော် သံယောဇဉ် သိပ်မရှိ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် အမေ့အပေါ်ထားသော ချစ်ခြင်းမေတ္တာသည် သာမာန်ထက်ပိုပါသည်။
အမေ့ကို ကျွန်တော် ချစ်သည်။ အမေ့ဘ၀ကို ကျွန်တော်သနားသည်။ လင်ယောက်ျား၏ စွန့်ပယ်မှုကို ခံခဲ့ရသော်လည်း သားသမီးမျက်နှာမငယ်အောင် ဈေးတောင်းခေါင်းရွက်ရှာဖွေကျွေးမွေးခဲ့သည်။ အရင်းအနှီးမရှိသည့်အခါတွင် ငှက်ပျောထုပ်၊ ကောက်ညှင်းထုတ် လည်ရောင်းခဲ့သည့် ကျွန်တော့် အမေ။

♥♥♥♥♥
ဒီနေ့ လုံးဝအိပ်မရ။ ရာသီဥတုက ပူသည်။ မီးကမလာသဖြင့် အဲကွန်းကလည်း ဖွင့်မရ။ ပြူတင်းပေါက်က လေကလည်း မ၀င်။ စိတ်ထဲတွင် အမေ့အကြောင်းကိုသာ တွေးနေမိသည်။
တကယ်တော့ ကျွန်တော် ဒီဘ၀၊ ဒီအခြေအနေရောက်အောင် အမေ လုပ်ပေးခဲ့သည်ကို ကျွန်တော် မမေ့။ ကျွန်တော့ရင်ထဲတွင် အမေ့သာ ထာဝရလွှမ်းမိုးနေသည်။
ကျွန်တော့်ဘ၀ အခြေအနေက အမေနှင့်ဝေးစေဖို့ဖန်ခဲ့သည်။ ကျွန်တော် မန္တလေးမြို့ကို မယောင်မလည်နှင့် ရောက်ခဲ့သည်။ အမေ့ကို ကျွန်တော် မခွဲချင်သော်လည်း ကျွန်တော်ခွဲခဲ့ရသည်။ ကျွန်တော် ၁၀ တန်းအောင်ပြီး အဝေးသင်တက်တော့ မန္တလေးမှာ အခြေချဖို့ဖြစ်လာသည်။
ကျေးဇူးရှင်ကြီးတစ်ဦးက ကျွန်တော့်ကို ကွန်ပျူတာလုပ်ငန်းခွင်ထဲ ရောက်အောက် ကူညီပံ့ပိုး ပေးခဲ့သည်။ ကျွန်တော် ကွန်ပျူတာလောကထဲတွင် ယောင်ချာချာ၊ စမ်းတ၀ါးဝါး ဖြစ်နေသည်။ သို့သော် ကျွန်တော် အားမငယ်။ ကွန်ပျူတာနယ်ပယ်တွင် အခြေခိုင်လာအောင်လုပ်မည်ဟု ကြုံးဝါးခဲ့ သည်။
အတိုက်အခိုက်၊ အယှဉ်အပြိုင်များသည့် ခေတ်တွင် ကျွန်တော် မအိပ်မနေကြိုးစားပန်းစား လေ့လာ သည်။ ငွေကြေးကြွယ်ဝသော၊ အရင်းအနှီးတောင့်တင်းသော သူများ၏ လှောင်ပြောင်မှု၊ ရှုံ့ချမှု၊ နေရာ မပေးချင်မှုများကို ခါးစည်းခံခဲ့သည်။ ကျွန်တော်ကို ကျွန်တော်ပိုင်သည့် စက်ဘီးစုတ်ကလေးကလည်း ကျွန်တော်လိုရာကို ပို့ဆောင်ပေးခဲ့သည်။
အခက်အခဲများကြားမှ ကျွန်တော်ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ကျွန်တော့်ဘ၀ အတွက် အလင်းရောင်ဖြစ်လာခဲ့သည်။ ကျွန်တော်လုပ်သမျှ တင့်လာခဲ့သည်။
သို့သော် အတားအဆီး အတိုက်အခိုက်တို့သည် ရှိစမြဲ။ သစ်ပင်တို့သည် အခြားအပင်တို့တက် ပိုမို မြင့်မားလာပါက လေတိုက်ပို၍ခံရကြောင်း ကျွန်တော်ဖတ်ဖူးသည်။ ကျွန်တော့် ရည်မှန်းချက်တို့သည် ဤမျှနှင့် ကျေနပ်နေ၍မဖြစ်သေး။ ရှေ့ဆက်ရမည့် ခရီးကား ရှိသေးသည်။
ကျွန်တော်ရှာဖွေရသမျှမှ အမေ့ကို ကျွန်တော် တတ်နိုင်သမျှ ထောက်ပံ့သည်။ အမေက ကျွန်တော့်ထက် အစ်ကိုနှင့်နှမကို ပို၍ချစ်သည်ဟုထင်သည်။ အဘယ့်ကြောင့်ဟု ကျွန်တော်သုံးသပ်မိ သောအခါ အစ်ကိုနှင့်နှမက ပညာရေးဆုံးခန်းတိုင်အောင်မရောက်ခဲ့ကြ။ ဘ၀ကို နည်းပေါင်းစုံနှင့် လှုပ်ရှားရုန်းကန်နေရချိန်တွင် အမေက အစ်ကိုနှင့်နှမ၏ သားသမီး အမေ့မြေးများကို ထိန်းကျောင်းရင်း ကျွန်တော့်ကို မေ့လျော့နေဟန်တူသည်။
အမေ ကျွန်တော့်ကို မမေ့ကြောင်း၊ ကျွန်တော်သာလျှင် အမေ့သားသမီး သုံးယောက်အနက် ထူးထူးချွန်ချွန်ဖြစ်ကြောင်း အမေက တွေ့သူတိုင်းကို ဂုဏ်ယူဝံ့ကြွားစွာပြောကြားနေကြောင်း ကြားသိနေရသည်။

♥♥♥♥♥
ကျွန်တော် အလုပ်နားသဖြင့် အိမ်သန့်ရှင်းရေးလုပ်နေစဉ် အမေနှင့် လူကြီး နှစ်ယောက် ရောက်လာ သည်။ အမေလာသဖြင့် ကျွန်တော် ၀မ်းသာသွားသည်။ အမေနှင့် ပါလာသောသူများကို နံနက်စာဖြင့် ဧည့်ခံကျွေးမွေးသည်။
အမေလာသည်မှာ ထူးထူးခြားခြားဟု ကျွန်တော်ထင်မိသည်။ ထမင်းစားပြီးနောက် ဧည့်ခန်းတွင် ထိုင်ပြီးနောက် အမေက စကားစလာသည်။
“သား”
“ပြောပါအမေ”
“သား…အမေ့ကို စိတ်မဆိုးနဲ့နော်”
“ကျွန်တော်က အမေ့ကို ဘာစိတ်ဆိုးစရာရှိလို့လဲ အမေရယ်”
“အမေ့ မြေကွက်ကို ရောင်းမလို့”
“ဗျာ”
“ဟုတ်တယ်…သား”
“ဘာကြောင့်ရောင်းမှာလဲ အမေ”
“အမေ…မသေခင်လှူချင်တာလဲလှူမယ်။ သားသမီးတွေလည်း နောင်အခါ အရှုပ်အရှင်း မရှိစေချင်လို့ပါ”
“ကျွန်တော်…ဘာကိုမှ မမက်မောပါဘူးအမေ…အမေစိတ်ချမ်းသလိုလုပ်ပါ”
“သားအကြောင်းကို အမေသိပါတယ်။ အမေစီစဉ်တာကို သားလက်ခံပေးပါ”
“ကျွန်တော်…အမေ့အတွက် ဘာမဆို အဆင်သင့်ပါအမေ”
“အမေ…အခုလူကြီးတွေလဲ ခေါ်လာတယ်”
“ဘာအတွက်လဲ အမေ”
“သားက…အမေစီစဉ်တာကို သဘောတူ လက်ခံကြောင်း လူကြီးတွေရှေ့မှာ လက်မှတ်ထိုးပေးပါ”
“ဟုတ်ကဲ့ပါ…အမေက ဘယ်လိုစီစဉ်ထားတာလဲ”
“အမေ့မြေကွက်ကို တစ်ဝက်စီပိုင်းပြီး သားအစ်ကိုနဲ့ ညီမကို ပေးတာကို သဘောတူကြောင်း လက်မှတ်ထိုးပေးနော်”
အမေပြောသည်မှာ ရှင်းရှင်းလေးဖြစ်သည်။ ကျွန်တော့်အတွက် ဘာမှ ခံစားခွင့်မပေး။ ကျွန်တော့်စိတ်ထဲတွင်လည်း ဘာမှ ရယူလိုသည့် ဆန္ဒမရှိ။ ကျွန်တော်မည်သို့မျှမခံစားရ။ အမေ ဖြစ်စေချင်တာကို ကျွန်တော် မလိုက်လျောနိုင်တာဘာမှ မရှိ။ အမေ့အတွက် ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေသည်။ ကျွန်တော်ဘာမှ မပြောဘဲ ကြည်ကြည်သာသာပင် သဘောတူစာချုပ်ပေါ် တွင် လက်မှတ်ရေးထိုးပေးလိုက်သည်။
ကျွန်တော်လက်မှတ်ထိုးပြီးနောက် အမေက စာရွက်တွေကို သေသေချာချာခေါက်သိမ်းပြီး အိတ်ထဲ ထည့်သည်။
“သား”
“ပြောပါအမေ”
“သားအစ်ကို ကတော့ သူရတဲ့ ခြံတစ်ဝက်ကို တိုက်ဆောက်မယ်။ သားညီမကတော့ သူရတဲ့ ခြံတစ်ဝက်ကို ရောင်းလိုက်ပြီး တခြားနေရာမှာ ထပ်ဝယ်မယ်။ အမေက အလှူလုပ်ဖို့ နည်းနည်းယူမယ်။ သားက ကိုယ့်အစွမ်းအစနဲ့ အိမ်ဝယ်နိုင်ပြီဆိုတော့ အမေ ဘာမှ မပူတော့ဘူး။ သားစိတ်ထဲမှာ အမေ့ကို အပြစ်တင်ချင်တင်နော်။ အမေက ငါ့သားကို ပညာအမွေပေးခဲ့ပြီးပြီပဲ။ သားကျေနပ်တော့နော်”
“အမေရယ်…ကျွန်တော်…အမေ့ကို လုံးဝအပြစ်မတင်ပါဘူး။ အမွေဆိုတာလဲ သားမမက်မောပါဘူး။ အစ်ကိုနဲ့ညီမလေး အဆင်ပြေပြေနေနိုင်ရင် ကျွန်တော်ကျေနပ်ပါတယ်”
“သားရယ်…”
အမေသည် ကျွန်တော့်ထံမှ သဘောတူလက်မှတ်ယူပြီးပြန်သွားသည်။ ကျွန်တော် မည်သည့် အခါမျှ အမေနှင့် ဆန့်ကျင်ဘက် မလုပ်လိုပေ။ အမေ စိတ်ချမ်းသာမှုသည် အရေးကြီးသည်။ မသေခင် လှူချင်တာလေးလှူစေချင်သည်။ အမေ ဘုရားဖူးထွက်သည်။ ကျွန်တော့ထံဝင်သည်။ အမေ့ ဘ၀ နောက်ဆုံးအချိန်လေးတွင် အမေချစ်သော သားသမီးများနှင့်မြေးများနှင့် ပျော်ပျော်ရွှင်ရွှင် စိတ်သောက ကင်းဝေးစွာ နေထိုင်သွားစေချင်ပါသည်။

♥♥♥♥♥
အမေ…
ကျွန်တော့်အမေ…မြေကွက်ရောင်ပြီးကြောင်းကြားသိရသည်။ အမေက ကျွန်တော့်ကို လှမ်းခေါ်သည်။ ဘာအတွက်ဟု မပြော။ ကျွန်တော် အလုပ်နားပြီးသွားတွေ့သည်။
“သား”
“ဗျာ…အမေ”
“သား…စက်ဘီးစုတ်ကလေးနဲ့ အလုပ်သွားနေတာ အမေမကြည့်ရက်ဘူး”
“ရပါတယ်အမေရယ်”
“အမေခြံရောင်းလို့ရတဲ့အထဲက လှူဖို့ရာဖယ်ထားပြီးပြီ။ သားညီမက မြေကွက်လည်း ၀ယ်ထားပြီးပြီ။ သားအတွက်…ဆိုင်ကယ်တစ်စီးတော့ အမေ၀ယ်ပေးပါမယ်။ အမေ သားဆီကိုလာတော့ သူများတွေ ဆိုင်ကယ်တွေနဲ့အလုပ်သွားနေတဲ့အချိန်မှာ ငါ့သားက စက်ဘီးစုတ်ကလေးနဲ့ အလုပ်သွားနေရတော့ အမေ မကြည့်ရက်ဘူးသားရယ်”
“အမေကလည်း သားက နောက်တော့ ၀ယ်မှာပါ”
“အမေ…မတရားမလုပ်ချင်ဘူး။ အမေ အသေဖြောင့်မှာ မဟုတ်ဘူးသားရယ်။ အမေက သားသမီး သုံးယောက်မွေးထားတာလေ။ အကြီးနဲ့အငယ်ဆုံးကိုတော့ ပေးသင့်ပေးထိုက်တာ ပေးပြီး သားအလတ်ကိုတော့ ဘာမှ မပေးဘဲ သေမသွားချင်ဘူးသားရယ်”
“အမေရယ်…ကျွန်တော်က အဆင်ပြေပါတယ်”
“အမေ့ရဲ့ဆန္ဒကို သားလိုက်လျောပါနော်”
ကျွန်တော် အမေ့ဆန္ဒကို ဖြည့်ဆည်းခဲ့ရပါသည်။ အမေ့မေတ္တာ အမေ့ကျေးဇူးကြောင့် ကျွန်တော်နှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော စက်ဘီးစုတ်ကလေးသည် ယခုအခါတွင်တော့ အနားယူနေပြီ ဖြစ်ပါသည်။
“အမေရယ်…သားအတွက် ဘာမှပူပင်သောက မရောက်စေဘဲ စိတ်အေးသက်သာစွာ တရားဘာဝနာ ပွားများပြီး အသက်ရှည်စွာ နေထိုင်နိုင်ပါစေလို့ သားဆုတောင်းပေးလိုက်ပါတယ်”
Here is a Hteik Hteik Soe, holding her eight-day-old son in Taung Pet Village in the eastern Shan State of Myanmar.

Wishing you and yours, and the children of the world, all the best in 2010.
http://fieldnotes.unicefusa.org/2010/01/monday_unicef_photo_myanmar...
(အချိန်တိုင်း သတိရမိသော အမေ့အတွက် ရည်ရွယ်ပြီးရေးသားပါသည်။)

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၆-၅-၂၀၁၂)(၀၅း၃၅)နာရီ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...