စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သက်ကြီးရွယ်အိုတွေကို ကြင်နာပါ။


တိုင်းရင်းဆေးပညာမှာတော့ သလိပ်ဒေါသ၊ သည်းခြေဒေါသ၊ လေဒေါသ ဆိုပြီး ဒေါသ ၃-ပါးရှိပါတယ်။
(၁) မွေးကင်းစမှ အသက် ၁၂-နှစ်ထိကို သလိပ်ဒေါသ အရွယ်။
(၂) အသက် ၁၃-နှစ်မှ ၄၀-နှစ်အထိကို သည်းခြေဒေါသ အရွယ်။
(၃) အသက် ၄၀-ကျော်မှ ၇၀-၈၀ ပိုင်းကို လေဒေါသ အရွယ်-ရယ်လို့
ဒေါသ ၃-ပါးကို အရွယ် ၃-ပါးနဲ့ ပိုင်းခြားသတ်မှတ်လို့ ထားပါတယ်။


အသက် ၇၀-ကျော်လာပြီဆိုရင်တော့ လေဒေါသ ဦးစီးတဲ့အပိုင်း ဖြစ်လာတဲ့အတွက် သတိမေ့လျော့တတ်လာပါပြီ။တရား အတော်ရင့်ကျက်သူမှမဟုတ်ရင် အတော်လှုပ်ခတ်တတ်ပါတယ်။ အိမ်သာတက်ပြီး ရေလောင်းခဲ့ဖို့ မေ့တယ်။
သူတပါးဖိနပ်ကို ကိုယ့်ဖိနပ်ထင်ပြီး မှားစီးလာတယ်။ အိပ်တဲ့အခါ ခေါင်းရင်းတံခါး ပိတ်အိပ်ဖို့ မေ့တယ်။ လှန်းထားတဲ့ ပစ္စည်း ရုပ်သိမ်းဖို့ မေ့တတ်တယ်။ စကားဝိုင်းမှာ ကိုယ်နဲ့မသက်ဆိုင်ဘဲ ဝင်ဝင်ပြောတယ်။ ဟိုလိုလုပ်လိုက်ပါလား၊
ဒီလိုလုပ်သင့်တာပေါ့ စသဖြင့် မလိုအပ်ဘဲ ဆုံးဖြတ်ချက် ဝင်ချတတ်တာမျိုးလည်း ကြုံရပါမယ်။ ကြားသမျှအသံဟူသမျှကို ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ တုံ့ပြန်အသံပြုတတ်ပါတယ်။



သတိနှင့်အထိန်းအကွပ် လျော့ပါးလာတဲ့ သဘောသဘာဝတရားမို့ သားသမီး၊ မိသားစုမှ သြော်…လေဒေါသ အရွယ်
ကြောင့် ဒီလိုဖြစ်လာရတာပဲလို့ ခွင့်လွှတ်နားလည်ပေးနိုင်ရပါမယ်။


တချို့ အမေအိုတွေဆိုရင် စကားပြောရမယ့်သူ မရှိတဲ့အခါ TV သတင်းကြေငြာတဲ့ အသံကိုတောင် ခွန်းတုံ့မခံ အပြန်  အလှန်ပြောနေတာ တွေ့ခဲ့ရဖူးပါတယ်။

အခုလိုဖြစ်ရတာတွေဟာ လူသားတိုင်း ကြုံတွေ့ရမယ့် အိုနာ-ဆိုတဲ့ ဝေဒနာတမျိုးပဲ ဖြစ်ပါတယ်။ တချို့က ရုပ်ခန္ဓာကိုပဲ ဂရုစိုက်တယ်။ ကုသပြုပြင်ကြတယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့ ကုစားပြုပြင်ရကောင်းမှန်း မသိကြဘူး။ တချို့  တော့လည်း နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံအားထုတ်မှုကို အထူးဂရုစိုက်တယ်။ ရုပ်ခန္ဓာကိုတော့ ပြုပြင်ဖို့ လစ်ဟင်းနေတတ်ပါတယ်။ ရုပ်ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မျှတစွာ ကုသခံယူဖို့ လိုအပ်ပါတယ်။


အသက်ကြီးလာတဲ့သူတွေမှာ ဝေဒနာရောဂါအပြင် အိုနာ-ပါ ခံစားနေရတဲ့အတွက် မိသားစု၊ သားသမီး၊
မိတ်သင်္ဂဟများမှ-

(၁) သူတို့ကို နားလည်ခွင့်လွှတ်ခြင်းနဲ့ ဆက်ဆံပေးပါ။
(၂) သူတို့ရဲ့ လိုအင်ဆန္ဒကို အမြဲဖြည့်ဆည်းပေးပါ။
(၃) သူတို့ကို အားပေးပါ၊ ကျေနပ်နှစ်သိမ့်မှု ပေးပါ။
(၄) သူတို့ကို ချစ်ပါ၊ ကြင်နာယုယပါ။

ကြင်နာယုယကြောင်း ပြသခြင်းကြောင့် ကျန်းမာပြီး အသက်ပိုရှည်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ သဘာဝကိုက သိပ်အချစ်ခံချင်ကြပါသတဲ့။ အဘိုးနဲ့အဘွား အမြဲဆိုလေ့ရှိတဲ့ သံပေါက်လေးတခုကတော့—


(၁) ထိုင်ထမူးဝေ၊ ဓာတ်လေးထွေ၊ စိတ်နေမကျပြီ။
(၂) သွားကျိုးဆံဖြူ၊ မေ့လျော့ထူ၊ ငယ်မူပျောက်ခဲ့ပြီ။
(၃) ရသာခြောက်ပါး၊ ထွေထွေစား၊ ချိုခါး မသိပြီ။
(၄) ကျင်ငယ် ကျင်ကြီး၊ သွားခါနီး၊ တားဆီးမနိုင်ပြီ။
(၅) ပါးစပ်ပါးနား၊ မျောက်အိုအလား၊ အများမချစ်ပြီ။
(၆) အရွယ်ရှုံ့ပိန်၊ စားမမြိန်၊ သေချိန်နီးခဲ့ပြီ။



ခန္ဓာအိမ်လည်း အိုပြီ၊ နေလည်း ညိုပြီလေ။ ဘဝလောကဓံများကို ရုန်းကန်ကျော်ဖြတ်ပြီး မောပန်းနွမ်းနယ်နေပြီဖြစ်တဲ့
သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက် ကြင်နာယုယမှုလေးတွေပေးရင်း ကုသိုလ်ယူကြပါစို့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...