စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စာရေးဆရာ ဆိုသည်မှာ

စာပေသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဖြစ်သည်သာမက ခေတ်တစ်ခေတ်၏
ဘာသာရေး.နိုင်ငံရေး. စီးပွားရေး.လူမှုရေးတို့ကို သိမြင်စေပါသည်။ ထိုလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှု.
လူနေမှုအဆင့်အတန်း. ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ညွှန်းရာ
မှတ်ကျောက်တစ်ခုလည်းဖြစ်ပါသည်။
...ခေတ်အဆက်ဆက် စာရေးဆရာကြီးများ လက်ဆင့်ကမ်း၍ ထိန်းသိမ်းခဲ့ကြသည့် သမိုင်းအမွေအနှစ်များ၊
သမိုင်းမှတ်တမ်းများနှင့် စာပေတို့သည် ယနေ့မျက်မှောက်ခေတ်ကာလအတွက် အဖိုးမဖြတ်နိုင်သော
ရတနာများဖြစ်သောကြောင့် တန်ဖိုးထား မြတ်နိုးပြီး ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။
ထို့နည်းတူစွာ ခေတ်အဆက်ဆက် ရေးသားခဲ့ကြသော စာပေ၀ါသနာရှင် စာရေးဆရာကြီးများ
အားလုံးကိုလည်း လေးစားတန်ဖိုးထားမိသည်နှင့်အမျှ ကျေးဇူးတင်မိပါသည်။
… “ စာရေးဆရာဆိုတာ သူ့လူမျိုးကို ကိုယ်စားပြုတယ်၊ သူ့အကျိုးအတွက် ရေးနေတာမဟုတ်ဘဲ
သူ့လူမျိုး ကောင်းစားရေးအတွက် ရေးဖွဲ့လိုခြင်းပဲ၊ ဘယ်လူတန်းစားကမဆို
စာရေးဆရာတွေ ပေါ်ပေါက်လာနိုင်ပါတယ်၊ ဒါပေမယ့် သူတို့က အများအကျိုးကို ရှေးရှုကြတယ်…” တဲ့
ရွှေမြန်မာဂျာနယ်ထဲက စာရေးဆရာ လမင်းမောင်(မန္တလေး)ရေးတဲ့ “သမီးလေးရေ စာရေးဆရာဆိုတာ”
ဆောင်းပါးထဲက စာသားတွေပါ. ကမ္ဘာသစ်သူငယ်ချင်းများလည်း ဖတ်လို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်…
…ဘာလို့စာရေးဆရာတွေ ပေါ်ပေါက်နေရသလဲ။ သူတို့ဟာ အများနဲ့မတူ အများထက်ပိုပြီး
အများကောင်းစားရေးအတွက် စိတ်အားထက်သန်သူတွေဖြစ်လို့ပဲ။
…စာရေးဆရာဆိုတာ သူ့လူမျိုးကို ကိုယ်စားပြုတယ်၊ သူ့အကျိုးအတွက် ရေးနေတာမဟုတ်ဘဲ
သူ့လူမျိုး ကောင်းစားရေးအတွက် ရေးဖွဲ့လိုခြင်းပဲ၊ ဘယ်လူတန်းစားကမဆို
စာရေးဆရာတွေ ပေါ်ပေါက်လာနိုင်ပါတယ်၊ ဒါပေမယ့် သူတို့က အများအကျိုးကို ရှေးရှုကြတယ်။
ငါစာရေးနိုင်တယ်၊ ငါသိတယ်၊ ငါတတ်တယ်၊ ငါရေးပြနိုင်တယ်
ဆိုတဲ့စိတ်နဲ့ စာရေးဆရာကောင်း မဖြစ်နိုင်။ ခံစားချက်ကောင်းကောင်းရှိသူတွေ
စာရေးဆရာကောင်းကောင်း ဖြစ်ကြတယ်။ စိတ်ကောင်းနှလုံးကောင်းရှိသူတွေ စာရေးဆရာကောင်းတွေ
ဖြစ်လာကြပါတယ်။
…ဒါကြောင့်စာရေးဆရာကောင်းတစ်ဦးဖြစ်ဖို့ ဘယ်ဟာက
အရေးကြီးဆုံး အကြောင်းခံလဲလို့ပြောရရင် စိတ်သဘောထား ကောင်းကောင်းရှိဖို့က
အဓိကလို့ ဖေဖေထင်တယ်။
…စာရေးဆရာ နှစ်မျိုး…တစ်မျိုးက စာရေးတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတယ်။
နောက်တစ်မျိုးက အကျိုးပြု လုပ်ငန်းတစ်ခုအနေနဲ့ စာရေးတယ်။
စာရေးဆရာဆိုတာ ၀င်ငွေနည်းလို့ အချို့က မလုပ်ချင်ကြဘူး။ အားမပေးကြဘူး။
အချို့ကလည်း ကိုယ်မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့သူကို အားပေးတယ်။ ၀င်ငွေမပြည့်စုံပေမယ့်
အများအတွက် လိုအပ်တဲ့သူတွေလို့ တွေးခေါ်မြော်မြင် အားပေးကြတယ်။ သမီးလေးကရော
ဘယ်အထဲမှာ ပါမလဲ။
…မိတ်ဆွေစာရေးဆရာတစ်ယောက်က ပြောတယ်။ ဆရာမက
“ သမီးအဖေ.ဘာလုပ်သလဲ” လို့ မေးတာကို
သူ့သမီးက ဖြေရမှာရှက်ပြီး “သင်္ဘောသား လုပ်တယ်” လို့ ဖြေခဲ့တယ်တဲ့။
ဖေဖေ့သမီးလေးရော ဆိုပြီး စဉ်းစားကြည့် လိုက်မိပါတယ်။

…ဒီမှာနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကိုယ့်အဖေကို
ဂုဏ်ရှိစေချင်တာပေါ့။ အများကြားမှာ ရှက်တဲ့စိတ်ပေါ့။
လူအချို့ရဲ့ လူအထင်ကြီးအောင် ပြောလိုက်ချင်တဲ့စိတ်ပေါ့။ ဒါတွေက အရေးမပါလှပါဘူး။
…နောက်တစ်ပိုင်းက အရေးကြီးတယ်။ ဘယ်လူမျိုးမဆို
အကျင့်စာရိတ္တကို တန်ဖိုးထားကြတယ်။
ပြောရရင် လူ့ဘ၀ဆိုရာမှာ အကျင့်စာရိတ္တဆိုတာက အရေးအကြီးဆုံးဖြစ်တယ်။
အကျင့်စာရိတ္တဆိုရာမှာ ဖေဖေတို့ ဗုဒ္ဓဘာသာမှာတော့ “မုသာဝါဒ” လို့ ဆိုတယ်။
မလိမ်မညာရဘူး၊ အခြေအနေ အသေးအကြီးအပေါ်လိုက်ပြီး လိမ်ညာမှုဆိုတာ
ကိုယ့်အတွက်ရော အများအတွက်ကိုပါ မခန့်မှန်းနိုင်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်။
မကြိုက်ချင်နေ အမှန်အတိုင်း ပြောဆိုရဲရမယ်။ ဂုဏ်ရှိတဲ့စကားမှ မဟုတ်၊ သစ္စာရှိတဲ့စကား
ပြောကြားရပါမယ်။
…လူတွေက စာရေးဆရာဆိုတာကို အထင်မကြီးကြဘူးလား။
တိုးတက်တဲ့ခေတ်ကြီးမှာ စီးပွားဖြစ်တဲ့လုပ်ငန်းတွေ အများကြီးရှိလာပြီလို့
ပြောကြတယ်။ ဒါကြောင့်စာရေးဆရာတွေပိုပြီး စီးပွားကျလာတယ်နဲ့တူပါရဲ့။
ဒီလို စီးပွားကျလာရက်နဲ့ ရေးနေကြတဲ့ စာရေးဆရာတွေကို ပိုပြီး အသိအမှတ်ပြုရပါမယ်။
…ဗုဒ္ဓဘုရားက ဟောကြားခဲ့တာရှိပါတယ်။ “ ငါဘုရားကို ဖူးရတာထက် ငါဘုရားရဲ့ စကားကို
နားထောင်ကြတာက ပိုပြီး မြတ်တယ်” တဲ့။ ဒီအတိုင်းပဲ၊ ဘယ်နေရာမဆို လူပုဂ္ဂိုလ်ထက်
သူရေးတဲ့စာတွေကို အသုံးပြုကြရမှာပါ။
…စာရေးဆရာတွေကလည်း အများအကျိုးပြုစာပေတွေကို များများရေးနိုင်အောင် ကြိုးစားကြရမှာဖြစ်သလို
လူသားများကလည်း စာရေးဆရာတွေ ရေးသားသွားခဲ့ကြတဲ့ တန်ဖိုးရှိတဲ့စာပေတွေကို ဖတ်ရှုလေ့လာ မှတ်သား
အသုံးပြုပြီး အကျိုးရှိအောင် ဆောင်ရွက်သွားကြရပါမယ်။
…တကယ်တော့ လူသားအများရဲ့ အကျိုးကျေးဇူးအတွက်
အစဉ်အဆက် ကျန်ရှိခဲ့တဲ့စာပေထဲမှာ စာရေးဆရာတွေ
ရေးသားပြုစု မှတ်တမ်းတင်ခဲ့တဲ့စာပေတွေဟာ အရေးပါနေပါတယ်။ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု၊
ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် စာပေက အရေးပါတယ်။
...ဒါကြောင့် စာပေကောင်းတွေကို ရေးသားပြုစုနိုင်တယ်။ စာရေးဆရာကောင်းတွေကို ဖေဖေတို့၊
သမီးတို့တတွေအားလုံးက လက်ကမ်းကြိုဆိုတာ ဂုဏ်ငယ်စရာမဟုတ်။ ကိုယ့်ဆန္ဒတစ်ခုတည်း
ရှေ့တန်းတင် ရေးသားဖို့လည်းမဟုတ်။
...အများကြီးမဟုတ်တောင် ဖေဖေရော သမီးလေးရော စာပေကို ရေးနိုင်သလောက် ရေးဖြစ်အောင်
ကြိုးစားကြရပါမယ်။
…အမှန်တစ်ကယ် အကျိုးပြုနိုင်တဲ့ စာပေတွေက လူ့အဖွဲ့အစည်း သာယာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
မလွဲမသွေ အထောက်အကူဖြစ်မှာ အမှန်ဖြစ်တယ်။ စာပေကို လူတိုင်းတန်ဖိုးထားကြရမယ်သမီး။
ငွေကြေးက ငွေကြေး၊ စာပေက စာပေ။ သူ့ကဏ္ဍနဲ့သူပေါ့။ ငွေကြေးကို စာပေနဲ့ နှိုင်းယှဉ်လို့
မရနိုင်ပါ။
…စာပေကို လူအများအကျိုးဆောင်နိုင်မှုနဲ့သာ လေ့လာဆန်းစစ်ကြရမယ်။
စာရေးဆရာတွေ များများပေါ်ထွန်းလို့ လူသားအကျိုးပြုစာပေတွေ များများပေါ်ပေါက်နိုင်မှ လူ့အဖွဲ့အစည်းလည်း သာယာဖွံ့ဖြိုးနိုင်မှာဖြစ်တယ်။
...ဒါကြောင့် ဖေဖေတို့အနေနဲ့ စာရေးဆရာတွေ ပေါ်ပေါက်လာအောင် အားပေးအားမြှောက်ပြုကြရမှာ
ဖြစ်ပါတယ်…..ဟု ရေးသားတင်ပြထားပါသည်။
…ဤဆောင်းပါးအား ကျွန်မများစွာ နှစ်သက်သဘောကျမိပါသည်။ စာရေးသားသူတစ်ယောက်အတွက်
အဓိကမှာ စာပေကို လေးစား၍ ချစ်မြတ်နိုးတန်ဖိုးထားတတ်ရမည်။ စာပေကို လေ့လာလိုက်စားလိုသော
ဝါသနာကြီးကြီးရှိရမည်။ စာပေအား မိမိအသက်တစ်မျှ တန်ဖိုးထားသည့်စိတ်ဓာတ်မျိုးရှိရမည်။
မိမိသိရှိပြီးသော အသိအမြင်များအား မိမိနှင့်ထပ်တူ ခံစားစေလိုသော၊ သိစေလိုသော
စိတ်စေတနာအရင်းခံတို့လည်း ရှိရမည်ဆိုသည်ကို သိမြင်လာမိပါသည်။
...ထို့ပြင်စာရေးဆရာများ၏ ဘ၀နှင့်ရပ်တည်မှု၊ ဖတ်ရှုသူအပေါ်ထားရှိသော ၄င်းတို့၏ စိတ်စေတနာများကို
လေးစားမြတ်နိုးမိသကဲ့သို့ စာရေးဆရာကောင်းများထားရှိရမည့် စိတ်နေသဘောထားတို့ကိုလည်း
အတုယူမိပါတော့သည်။
…စာပေရေးသားသူများအားလုံးအား အစဉ်လေးစားဂါရ၀ပြုပါသည်…
…သူငယ်ချင်းများအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ…
မေတ္တာဖြင့်…
Post By - အေးအေးမိုးမိကူး
(၂၇.၇.၂၀၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...