စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)+(၂)


ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။
စောဖော (ရန်ကုန်)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသနစာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်
ဆက်လက်ဖော်ပြပါမည်----------
http://kolinthalarwaddy.blogspot.com/2012/02/blog-post_15.html#more


မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။ ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။ အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.) တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။ (People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao) Lahu, Akha, and Lisu (page 7, line 13, column 1) Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.) တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ (Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … ) ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။
အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။ ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။ ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်းေ လ့လာ နိုင်ပေ သည်။ ကမ္ဘာ့လူမျိုးနွယ်များ ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။
၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။ ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။

ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။ မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ် အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။ သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။) လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။
ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။ ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။ ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။ အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။ ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။
အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။ ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။ ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။ ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။ အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။ ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။ လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho) အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။
သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု – ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။ မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, – ) သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။
http://kolinthalarwaddy.blogspot.com/2012/02/blog-post_5131.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...