စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်ခြင်းတံခါးကို ဖွင့်နိုင်ဖို့ အတ္တဝတ်ရုံကို အလျင် ချွတ်ပစ်နိုင်ရမယ်

အောင်မြင်ခြင်းတံခါးကို ဖွင့်နိုင်ဖို့ အတ္တဝတ်ရုံကို အလျင် ချွတ်ပစ်နိုင်ရမယ်
[By Aung Lat ]


ယနေ့ခေတ် လူငယ်တွေ ရုတ်တရက် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ လောကကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ တန်ခိုး စွမ်းအား တစ်ခုဟာ လူတွေ ရဲ့ တရားမှု မတရားမှု အပေါ် ဘက်လိုက်မှု မရှိဘဲ အချိန် ကာလ တစ်ခု အောက်မှာ အရိပ်လို လိုက်လာပြီး ဆုပေး ဒဏ်ပေး စနစ်မျိုး နဲ့ စီရင် ပေးတတ်တဲ့ သဘော တရားကိုပါ။ ကျွန်တော် သိတဲ့ မိသားစု တစ်ခုရဲ့ သားကြီး ဖြစ်သူဟာ မိသားစု အားလုံး၊ အထူး သဖြင့် ဖခင်ကြီးက လုံးဝ သဘော မတူတဲ့ သူ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူနဲ့ အခြေ အတင် စကား များရာက ဖခင် ဖြစ်သူကို မူးမူး နဲ့ လက်သီး နဲ့ ပိတ်ထိုး ခဲ့ပြီး သူ အလုပ်လုပ်တဲ့ စက်ရုံကို ထွက်သွား ပါတယ်။ တစ်နာရီ လောက်ပဲ ကြာပါတယ်။

လည် နေတဲ့ စက်ထဲ သူ့ညာဘက် အင်္ကျီလက်ရှည် အစဟာ စက်ထဲ ငြိပါ သွားတာ၊ သူ့လက်ကိုပါ ဆောင့်ဆွဲ သလို ဖြစ်ပြီး လက်မောင်းရင်း ကနေ သူ့လက် တစ်ခုလုံး ပြုတ်ပါ သွားတယ်။ ဒီနေ့ထိ သူ့ကို လက် တစ်ဖက်ပြတ်(ဒေးဗစ်ချန်း) ဆိုပြီး အများက ခေါ်ကြတာ တွေ့ရ ပါတယ်။

တခြား လူငယ် တစ်ယောက် ကျတော့ လစာနည်း သာမန် ဝန်ထမ်း လူငယ် တစ်ယောက်ပါ။ ငယ်စဉ် ကတည်းက စပြီး ခုချိန် အထိ ညအိပ်ရာ မဝင်ခင် မိဘ နှစ်ပါးကို ရိုရို သေသေ ဦးချ ကန်တော့ ပြီးမှ အိပ်ရာ ဝင်တတ်သူ၊ မိဘကို အလွန် ချစ်ခင် ယုယသူ၊ မိသားစု ကို တွယ်တာသူ ဖြစ်ပါတယ်။ ရွှေတစ်ကျပ်သား ငါးသောင်းပဲ ရှိချိန်၊ အောင်ဘာလေ ထီအမြင့်ဆုံး သိန်း ၃၀ဝ ပဲ ပေး ချိန်မှာ အမြင့်ဆုံး သိန်း ၃၀ဝ ဆု ဆွတ်ခူးပြီး အပိုဆု ကား နှစ်စီးပါ ရသွားတဲ့ လူငယ် ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေ ဟာ သာမန်အားဖြင့် လက်ခံဖို့ ခက်ခဲတဲ့ ပုံပြင် ဆန်ပေမဲ့ အမှန် တကယ် ဖြစ်ပွား ခဲ့တဲ့ သစ္စာတရား ဖြစ်နေလို့ တင်ပြ ရတာ ဖြစ်ပါတယ်။ ဒီဟာတွေကို သဘာဝ တရား ရဲ့စီရင်မှု မဟုတ်ဘူးလို့ ငြင်းရင် ရပါ့ မလား။ ရုပ်ဝတ္ထု အလွန်ကို တိုးတက်တဲ့ ဒီခေတ်မှာ Seeing is Believing လို့ လူငယ်တွေ ခံယူကြတာ ကို အပြစ် မဆိုသာ ပါဘူး။ ဒါပေမဲ့ မိမိတို့ ရယူ ပိုင်ဆိုင်မှု မရှိသေးပေမဲ့ တစ်ချိန်မှာ မုချ ဖြစ်လာ ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ မက်လာတဲ့ အိပ်မက်၊ ကြိုးပမ်းအားထုတ် မှုတွေဟာ အချိန်ကာလ တစ်ခုအောက် ရောက်တဲ့ အခါ တကယ်ပဲ ရယူ ပိုင်ဆိုင် လာတာ မျိုးကိုတော့ Believing is Seeing မဟုတ်ဘူးလို့ ပြောလို့ ရပါ့ မလား။ ကိုယ်တွေ့ ကြုံရမှ ယုံတာထက် ယုံကြည်မှု ကြောင့် မယုံကြည်နိုင် စရာ ဖြစ်ပွား လာရ တာဟာ လောကရဲ့ အလှ တရား တစ်ခုပါ။

ဂြိုဟ်ကမ္ဘာတွေအကြောင်း သိလာရတာ၊ လကမ္ဘာပေါ် ခြေချလာ နိုင်တာ၊ နက်ရှိုင်းလှတဲ့ သမုဒ္ဒရာ ကြမ်းပြင် အထိ ဆင်းသက် နိုင်လာကြ တာ၊ မိုးထိ မြင့်မားတဲ့ အဆောက်အဦကြီးတွေ ဆောက်လုပ် လာနိုင်ကြ တာဟာ မဖြစ်သေးခင် ကြိုတင် မက်ဆိုတဲ့ ယုံကြည်မှုကြောင့် ကြိုးပမ်းမှု ရဲ့ အသီးအပွင့်တွေ ဆိုတာ သိသာ ပါတယ်။ ဒီအရာ အားလုံးဟာ မေတ္တာတရား ဆိုတဲ့ တည်ဆောက်လိုမှု ကို လုံးဝ အခြေခံ ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်၊ ယုံကြည်ချက်၊ လုံ့လထုတ်မှု ကြေင့် ရလာတဲ့ အသီးအပွင့်တွေ ကို တခြားသူတွေ ကိုပါ မျှဝေ ခံစားခွင့် ရစေတဲ့ ပီတိဟာ အလွန် ချိုမြိန် ပါတယ်။ မေတ္တာ ရဲ့ သဘော ဖြစ်ပါတယ်။ ငယ်ဘဝ မှာ အရာရာ ချို့တဲ့ နွမ်းပါး ခဲ့တဲ့ လူရွယ် တစ်ယောက်ဟာ ယခု အသက် ၄၀ ဝန်းကျင်မှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် နဲ့ အောင်မြင် နေပါပြီ။ သူဟာ သူ့အလုပ်ရုံးခန်း၊ သူ့အိမ် နံရံတွေမှာ သူကိုယ်တိုင် မမေ့ မလျော့ အမြဲ လိုက်နာ နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ပုဒ် တစ်ခုကို အလွယ် တကူ မြင်နိုင်အောင် ထင်ရှားတဲ့ စာလုံးတွေနဲ့ ရေးပြီး ကပ်ထားတာ တွေ့ရပါတယ်။ Lack of Love, Lack of Money
ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

မေတ္တာ တရား ချို့တဲ့ရင် ငွေကြေးချို့တဲ့ တယ် လို့ ဆိုလိုတာ ဖြစ်ပါ တယ်။ ပင်ကိုစိတ်ဆတ်ပြီး ဒေါသကြီး တတ်တဲ့ သူ့ငယ်ဘဝ ဟာ တိုက်ဆိုင်စွာပဲ ဘဝပါ ကြမ်းခဲ့ ပါတယ်တဲ့။ တစ်စစ ပြုပြင် ပြောင်းလဲ ယူပြီး မေတ္တာ တရား၊ သည်းခံ ခွင့်လွှတ် မှု၊ စိတ်ရှည်ခြင်းတွေ ကို တည်ဆောက် နိုင်ခဲ့ ပြီးမှ ဒီလို အောင်မြင်မှုတွေ သူ့ဆီ ရောက်လာခဲ့တာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းမှာ Constructive Mind ဆိုတဲ့ အပြုစိတ်နဲ့ Destructive Mind ဆိုတဲ့ အဖျက်စိတ် အနည်းနဲ့ အများ ရှိပါတယ်။ အပြုစိတ် များသူ၊ အဖျက်စိတ် များသူ အနေနဲ့တော့ ကွာခြားမှု ရှိပါတယ်။ Suicied Bomber တွေ ဟာ အဖျက်စိတ်ကြီးမားသူတွေလို့ ယူဆနိုင်ပါ တယ်။ သူတစ်ပါးကို ဖျက်ဆီးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် ပျက်စီး ခဲ့ရသူတွေပေါ့။ အပြုစိတ်တွေ ဟာ မေတ္တာတရား ကို အခြေခံ ပါတယ်။ ဒါကြောင့် အောင်မြင်မှု အမှန်တကယ် ပိုင်ဆိုင်ချင်သူဟာ အပြုစိတ်ဖြစ်တဲ့ မေတ္တာတရား ကို အရင်ဦးဆုံး မဖြစ် မနေ တည်ဆောက် ယူဖို့ လိုအပ် ပါတယ်။ မေတ္တာတရား ဟာ အလိုလို ဘာသာ တရားပေါ် အခြေခံပြီး တည်ဆောက် ရတာ ဖြစ်လို့ ဒီအရာတွေ ဟာ လူတွေကို အောင်မြင် စေတဲ့ လမ်းကြောင်းပေါ် တွန်းပို့ ပေးနိုင်တဲ့ မောင်းနှင် အားအဖြစ် ခံယူ ရမှာ ဖြစ်ပါတယ်။ ဘယ်နယ်ပယ် မှာပဲ ဖြစ်ဖြစ် အောင်မြင်အောင် အရင် အားထုတ် ရပါမယ်။ အောင်မြင်မှု ရရှိတာနဲ့ အမျှ ငွေကြေးဟာ နောက်ကကပ်ပြီး ပါလာမှာ ဖြစ်ပါတယ်။ တချို့က အောင်မြင်မှုနဲ့ ငွေကြေး ဆက်စပ်မှု မရှိဘူး။

ငွေ တစ်ခုတည်း ကိုပဲ ဇောင်းပေး တာဟာ အောင်မြင်မှုကို တန်ဖိုးကျ စေတယ် ဆိုတဲ့ အယူ အဆမျိုး ရှိပါတယ်။ ဒါဟာ သဘော တရား သက်သက် ဖြစ်တယ်လို့ ထင်ပါတယ်။ လက်တွေ့ ဘဝမှာ လူတွေ ရဲ့ အတွင်းစိတ် ထဲက မှန်ကန်တဲ့ ဖြစ်တည်မှု နဲ့ ကိုက်ညီမှု သိပ်မရှိလှ ပါဘူး။ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် တိုင်းမှာ အရင် ဦးဆုံး အောင်မြင်အောင် ကြိုးစား ကြရမှာပါ။ အောင်မြင်ပြီ ဆိုတာနဲ့ လုံလောက် ထိုက်တန်တဲ့ ဓန ငွေကြေးတွေ ဟာ အောင်မြင်သူ ထံ မလွဲမသွေ ရောက်လာ ရတာ ဖြစ်ပါတယ်။ ငွေမရှိဘဲ ကျွန်ုပ်တို့ ဘာမှ ရှေ့ဆက်လို့ မရပါဘူး။ အောင်မြင်အောင် အရင် မလုပ်နိုင်ဘဲ နဲ့ လည်း ငွေရအောင် ဘယ်လိုမှ လုပ်လို့ မရပါဘူး။ မိသားစု အရေး၊ လူမှုရေး၊ အများအကျိုး သယ်ပိုး ကူညီ နိုင်ဖို့ တကယ်ပဲ ငွေဟာ လိုအပ်တဲ့ ပစ္စည်း တစ်ခုပါ။ ငွေနောက်ချည်း ပဲ လိုက်နိုင်ဖို့ ဆိုရင် ဦးဆုံး အောင်မြင်မှု တစ်ခုရအောင် လုပ်ကို လုပ်ကြရပါမယ်။ ဒါမှလည်း ငွေက လိုက်လာ မှာကိုး။ ရရှိလာတဲ့ ငွေကြေးတွေကို ကောင်းစွာ စီမံ ခန့်ခွဲ သုံးစွဲ တတ်ဖို့၊ ရရှိထားတဲ့ ငွေပေါ် အခြေခံပြီး သူများ တကာကို အဆိပ် မဖြစ်စေဖို့၊ မိမိ ခံစား ရတဲ့ အသီးအပွင့်တွေ ကို အမှန် တကယ် လိုအပ် နေသူ တွေကိုလည်း မျှဝေ ခံစား စေနိုင်ရင် ငွေဟာ လူတွေ အတွက် မရှိ မဖြစ် လိုအပ်တဲ့ မိတ်ဆွေကောင်း လို့ ခံယူ နိုင်ပါတယ်။ ဒါဆိုရင် အောင်မြင်အောင် ဘယ်လို လုပ်ဆောင် နိုင်ကြမလဲ။ ဒေါသနဲ့ အမုန်းတရား၊ အတ္တ နဲ့ မာန်မာန တွေဟာ အဆိပ်ပြင်း တဲ့ မြွေဆိုးနဲ့ တူပါတယ်။ လူ အများ ရဲ့ ရွံရှာ မုန်းတီးမှု၊ ရှောင်ရှားမှုတွေ ကို ဖြစ်စေတဲ့ အရာတွေပါ။ အောင်မြင်လိုသူ ဟာ လူတွေ နဲ့ နီးကပ်စွာ ပေါင်းသင်း ဆက်ဆံ နိုင်ဖို့ အထူး လိုအပ် ပါတယ်။ ဘယ်လောက် တော်တဲ့ ချွန်တဲ့သူ ဖြစ်နေပါ စေ၊ ဒေါသကြီးပြီး မာန်မာန ထောင်လွှားသူ၊ အတ္တ ကြီးသူ ဆိုရင် လူတွေက မဆက်ဆံချင် ပါဘူး။ သူ့ နေရာမှာ flexiable ပိုဖြစ်ပြီး မာန်မာနကင်း၊ မေတ္တာ တရား လက်ကိုင် ထားတဲ့ ထူးချွန်သူ တစ်ယောက်ကို အစားထိုး ကြမှာ ဖြစ်ပါတယ်။

အတ္တမာနကြီးသူ ကို ကိုယ့်အနား ဘယ်သူ ခေါ်ထားချင် ပါ့မလဲ။ ဒါကြောင့် တချို့လူတော်တွေ ဟာ အောင်မြင်သင့် သလောက် မအောင်မြင် ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တော်တဲ့သူ အများစုဟာ ဂုဏ်ရည်မြင့်သူတွေ ဖြစ်လို့ မိမိ ရဲ့အတ္တ မာနကို ချုပ်တည်းထား နိုင်ပြီး မြင့်မားတဲ့ဘဝကို ရည်မှန်းချက်ကြီးကြီး နဲ့ တက်လှမ်းသွား တတ်ကြပါတယ်။ တော်သူချင်း တူရင် မေတ္တာတရားပိုပြည့်ဝတဲ့သူဟာ ပိုပြီး မြင့်မား သွားမှာ သေချာပါတယ်။ မေတ္တာတရား ဟာ အလွန် အားကောင်းတဲ့ သံလိုက်တုံးကြီးနဲ့ တူပါတယ်။ အဝေးက သံတိုသံစ တွေကိုတောင် ဆွဲယူ စုစည်းနိုင် သလို မျိုးပေါ့။ အလွန်ကို ထင်ရှား ကျော်ကြား ခဲ့သူ၊ ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ သာမညတောင် ဆရာတော်ဟာ ဝေးလံတဲ့ တောင်ပေါ် တက်ပြီး ဧကစာရီ တရား ကျင့်ကြံ အားထုတ်ကာ သတ္တဝါ အများကို အမြဲ ဖြန့်ကျက် ပွားများသူ ဖြစ်ပါတယ်။ အရပ်လေး မျက်နှာက လူပေါင်းများစွာ ဟာ ဆရာတော် လိုအပ် မယ်လို့ ယူဆ တဲ့ ဝတ္ထု ပစ္စည်းတွေ၊ အလှူစာတွေ များစွာ ကို မိမိတို့ ဆန္ဒ နဲ့ ဆရာတော်ဆီ အရောက် ယူဆောင် လှူဒါန်း ပံ့ပိုး ပေးခဲ့ ကြတယ်။ ဒါဟာ အလွန် အစွမ်း ထက်တဲ့ မေတ္တာရဲ့ စွမ်းအားကြောင့် ပါပဲ။ ကမ္ဘာကျော် ကက်သလစ် မယ်သီလရှင် မာသာထရီ ဇာဟာ ဆင်းရဲ ချို့တဲ့ မိဘမဲ့သူတွေ ကို သူမရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ဖို့ မဖြစ်မနေ ကြိုးပမ်း အားထုတ်တဲ့ အခါ တစ်ကမ္ဘာလုံး က စေတနာရှင်တွေ ဟာ မနေသာတော့ ဘဲ လိုအပ် သမျှ ငွေကြေး၊ စားစရာ၊ ဝတ်စရာ မျိုးစုံကို အဆက် မပြတ် ပေးပို့ ကူညီ လာကြ ရတယ်။ အများ အကျိုး ဆောင်တဲ့ နေရာမှာ ပြန်ပြီး ရယူ လိုမှု ကင်းလေ သဘာဝ တရားကြီး က အဲဒီ အတ္တကင်း တဲ့ ပုဂ္ဂိုလ်မျိုး ကိုမှ ရွေးချယ် အသိ အမှတ် ပြုလာ တတ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး အတွက် အောင်မြင်မှု တံခါးကို လည်း သီးသန့် ဖွင့်လှစ်ပေး လာတတ် ပါတယ်။
အောင်မြင်မှု ကို မိမိ ဘာသာ လုပ်ယူလို့ မရ ပါဘူး။ လုပ်ယူလို့ ရရင် ဒီကမ္ဘာပေါ် မှာ ကျဆုံး နေသူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်တာ သေချာပါ တယ်။ ဒါကြောင့်လည်း လက်တွေ့ ဘဝမှာ အောင်မြင်မှု အပြည့်အဝ ရနေသူ နည်းပါး နေတာ ဖြစ်ပါတယ်။ ဒေါသ၊ အတ္တ၊ မာန်မာနတွေ ဟာ ကြမ်းကြုတ် ရက်စက်မှု ဆန်လို့ အမြန်ဆုံး ပြိုလဲ ပျက်စီးသွား စေနိုင်တဲ့ နတ်ဆိုးတွေ လို့ ယူဆ နိုင်ပါတယ်။ ကမ္ဘာ့ရုပ်ရှင် ပရိသတ်များ ရဲ့ အသည်းစွဲ ကွန်ဖူး သူရဲကောင်း ဘရုစ္စလီ ဟာ ဇာတ်လမ်း အရ သရုပ်ဆောင်ရတာ ဖြစ်ပေမဲ့ ပြိုင်ဘက်ကို တိုက် ခိုက်ရာမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ပုံစံ
နဲ့ တင်ပြတတ်သူ ဖြစ်ပါ တယ်။ အလွန်တော်ပေမဲ့ သက်ဆိုးမရှည်ခဲ့ပါဘူး။

လောကကြီးက ခွင့်မပြုတဲ့သဘော သက်ရောက်ပါတယ်။ သူ့လိုပဲ ကမ္ဘာကျော် ကွန်ဖူး ဘုရင်တွေ ဖြစ်ကြတဲ့ ဂျက်ကီချန်း နဲ့ ဂျက်လီ ကျတော့ အသတ် အပုတ် ပညာကို ရယ်မော ပျော်ရွှင်စရာ အဖြစ် နဲ့ပါ တွဲဖက် တင်ဆက်လေ့ ရှိကြ ပါတယ်။ ဒီနေ့ အထိ သက်ရှည် ကျန်းမာ အောင်မြင် နေဆဲ ဆိုတာ သတိပြု ဆင်ခြင် စရာပါ။ မြန်မာ နိုင်ငံ မှာလည်း ခေတ်ပေါ် ဂီတ နယ်ပယ်မှာ နှစ်ပေါင်း များစွာ အလွန် အောင်မြင်စွာ ရပ်တည်နိုင် ကြတဲ့ ကြယ်ပွင့်တွေ ထဲက နှစ်ယောက် ကို လူငယ်တွေ သတိမူ အတုယူ နိုင်ဖို့ သူတို့ ရဲ့ စိတ်ထား လုပ်ဆောင်မှု ကို တင်ပြ လိုပါတယ်။ ကိုဇော်ဝင်းထွဋ် နဲ့ ကိုလေးဖြူတို့ ပါ။ ကိုဇော်ဝင်းထွဋ်ဟာ ရွက်ပုန်းသီး လူငယ်တွေ ဖြစ်တဲ့ ရင်ဂို၊ ရဲသွင်၊ စည်သူလွင် တို့ကို ပြိုင်ဘက် ဖြစ်လာမယ့် သူတွေလို့ သဘော မထားဘဲ ကိုယ်တိုင် စင်ပေါ် လက်တွဲ ခေါ်တင် အောင်မြင်စေသူပါ။ ရဲသွင် ဆိုရင် ဇော်ဝင်းထွဋ် နဲ့ အသံချင်း တူပါတယ်။ ဒါတောင် ရဲသွင်ရဲ့ ပထမဆုံး စီးရီး ဖြစ်တဲ့ နှင်းဆီလှိုင်း ကို ပရိသတ် နားထောင် ပေးကြပါ၊ ကောင်းတယ်လို့ မှတ်ချက်ပေး ခဲ့ကြ တာကြောင့် တစ်နိုင်ငံလုံး ရဲသွင်ကို ချက်ချင်း လက်ခံ အောင်မြင်မှု ရခဲ့တယ်။

အဆိုတော် အားလုံး အောင်မြင် ကျော်ကြား သွားကြ ပေမဲ့ ဇော်ဝင်းထွဋ် ကို သူ့ဂီတ ညီငယ်တွေ မကျော်လွှား နိုင်ကြ ပါဘူး။ ဒီနေ့ထိ ဇော်ဝင်းထွဋ် ဟာ သူ့နယ်ပယ် မှာ Emperor တစ်ပါး ဖြစ်ဆဲပါ။ ကိုလေးဖြူ လည်း ဒီအတိုင်းပဲ။ သူ့ညီ အရင်း အငဲကို ဂီတ လောက ထဲ ဆွဲခေါ် ခဲ့တယ်။ ဆွေမျိုး မတော်တဲ့ မျိုးကြီး၊ ဖြူဖြူကျော်သိန်း တို့ကို သူတို့ရဲ့ အရည်အသွေးရှိမှု ကို အသိအမှတ် ပြုပြီး မြေတောင်မြှောက် စင်ပေါ် ရောက်စေ ခဲ့တယ်။ အလွန် အောင်မြင် ကျော်ကြား ကုန်ကြတယ်။ ဒါပေမဲ့ လေးဖြူဟာ ပရိသတ်တွေ ရဲ့ အသည်းစွဲ ဘဝမှာ ပြိုင်ဘက်ကင်း စွာ ရပ်တည် နေဆဲ ဆိုတာ သူတို့ရဲ့ အပြု သဘောဆောင် တဲ့ စိတ်ဓာတ် နဲ့ လုပ်ဆောင်မှုကြောင့် သဘာဝတရား က သူတို့ကို ဆက်လက် အောင်မြင် ခွင့် ပေးထားတာ ဖြစ်ပါတယ်။ တချို့လူတွေဟာ ပြိုင်ဘက် လို့ ယူဆတာ နဲ့ ပိတ်ဆို့၊ ဟန့်တား၊ ပညာပြ၊ တွန်းထုတ်ဖို့ ချည်း အလုပ် တစ်ခုလို သဘောထား အားထုတ် တတ်သူတွေ ရှိပါတယ်။ ဒီဂီတကြယ်ပွင့် နှစ်ပွင့် ကတော့ ဒီအယူအဆ ကို ငြင်းပယ်ပြီး မေတ္တာတရား နဲ့ တစ်ဖက်သားကို လည်း အောင်မြင် စေလိုတဲ့ စိတ်ဓာတ် အရင်းခံ ရှိသူတွေ ဖြစ်လို့ ဒီစိတ်ဓာတ်ကို လူငယ်တွေ အတုယူပြီး လိုက်နာရင် အကျိုးရှိ ဖို့ပဲ များပါတယ်။ သူတစ်ပါး ရဲ့ ကောင်းတဲ့ အရည်အချင်းကို အသိအမှတ် မပြုတဲ့ အပြင် ဟန့်တား၊ ပိတ်ဆို့၊ ပညာပြတတ်သူဟာ တစ်ချိန်ချိန်၊ တစ်နေရာ ရာမှာ ကိုယ်တိုင်လည်း ပိတ်ပင် ဟန့်တား ပညာ ပြတာ ပြန်ခံ ရမှာတော့ အလွန် သေချာတဲ့ ကိစ္စပါ။ ဒီထက်ပိုပြီး သဘာဝတရားကြီးရဲ့ ငြိုငြင်မှု ကို ရရှိ ထားသူ ဖြစ်သွားလို့ အောင်မြင်နိုင်မယ့် အရာတွေ ဟာ ကိုယ် နဲ့ ဝေး သထက် ဝေးသွား တော့မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူဟာ မိမိ အားနည်းချက်ကို အမြန်ဆုံး ပြုပြင်တယ်။ မအောင်မြင်တဲ့ သူကျတော့ အားနည်းချက်မှန်း သိလျက်နဲ့ ဆက်လက် ဆုပ်ကိုင် ထားတယ် ဆိုတဲ့ စကားကို အမြဲ သတိ နဲ့ လိုက်နာသင့် တယ်လို့ အကြံပြု ချင်ပါတယ်။ ဒေါသကြီးသူ ဆိုရင် ဒေါသ၊ အတ္တကြီးသူ၊ သူ တစ်ပါး ကို မနာလို မရှုစိမ့် ဖြစ်တတ်သူ စသည် တို့ဟာ မိမိ ကိုယ်တိုင် ဖြစ်နေမယ် ဆိုရင် အမြန်ဆုံး ပြုပြင် ကြရမှာ ဖြစ်ပါတယ်။ လောကကြီး ရဲ့ မျက်နှာသာ ပေးမှု မခံရဘဲ အမုန်းခံ ရသူတွေ ဟာ ဒီလောက မြေပြင် ပေါ်မှာ တစ်နည်းနည်း နဲ့ ကျဆုံး သွားဖို့ အလွန် လွယ်ကူ လွန်းလို့ပါ။

လောကအိမ်မှာနေကြရတဲ့လူသားတွေဟာ အိမ်ရှင် ဖြစ်တဲ့ လောကကြီးရဲ့ ချစ်ခင် စောင့်ရှောက်မှု ကို မရှိမဖြစ် လိုအပ် ပါတယ်။ လောကကြီး က မေတ္တာတရား နဲ့ မှန်ကန်သူဘက် ကိုသာ ရပ်တည် ပေးတတ် လို့ပါ။ Pride Goes Before Afall ဆိုတဲ့ စကား ဟာ အတိအကျ မှန်ကန် ပါတယ်။ မာန ဦးချို မြောက် လာရင် လောကကြီး က ဦးအောင် ချိုးပစ်လေ့ ရှိပါ တယ်။ မေတ္တာ ထားတာ၊ သည်းခံ ခွင့်လွှတ်တာ၊ အလျှော့ပေး လိုက်လျောတာတွေ ဟာ အရှုံး ပေးတာ၊ ပျော့ညံ့တာ မဟုတ်ဘဲ ရင့်ကျက်တာ၊ မိမိ နဲ့ ပတ်ဝန်း ကျင်ကို တည်ဆောက် ခြင်းသာ ဖြစ်ပြီး လောကကြီး ရဲ့ သဘောကျမှု ကို ရရှိ သွားသူ ဖြစ်ပါတယ်။ လူငယ် ဆိုတာ စိတ်မြန်တယ်၊ မဟုတ် မခံလို ခံယူတတ် ကြပါတယ်။ ဒါပေမဲ့ ဒေါသထွက် နေချိန် မှာ ဘာကိုမှ ကိုယ်ထိ လက်ရောက် ပြန်မလုပ် မိဖို့ အထူး ထိန်းချုပ် ကြရပါမယ်။ ဒေါသဟာ လူတိုင်းမှာ ရှိပါတယ်။ တဒင်္ဂ ဖြစ်ပေါ် လာတဲ့ ဒေါသကြောင့် ကျူးလွန်လိုက် မိတဲ့ အမှား တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဟာ ဘယ်လိုမှ မကောင်းနိုင်ပါ ဘူး။ ရက်ပေါင်း များစွာ၊ လပေါင်း များစွာ နစ်နာ ဆုံးရှုံးမှု၊ နာကျင် ခါးသီးမှု၊ နောင်တတွေ ကိုပဲ ရရှိ ခံစား စေမှာ ဖြစ်ပါတယ်။ သည်းခံ ချုပ်တည်းပြီး မေတ္တာ နဲ့ ခွင့်လွှတ် တတ်သူတွေဟာ မိမိတို့ ပြန်မရ နိုင်တော့ဘူးလို့ ထင်ထားတဲ့ အောင်မြင်မှုတွေကို တောင် ဆုလဒ် အဖြစ် ချိုမြိန်စွာ ပြန်ပြီး ရရှိ ခံစားရ တတ်ပါတယ်။ အတ္တ ကင်းပြီး အများ အကျိုးကို လိုလား ကူညီ ချင်တဲ့ မေတ္တာ စေတနာ အရင်းခံ ရှိသူ ကိုသာ သဘာဝ တရားကြီးက လက်ဆောင် တစ်ခု အရောက် ပို့ပေး တတ်သတဲ့။ အဲဒီ လက်ဆောင်က ကံကောင်းခြင်း လက်ဆောင် ဖြစ်တယ်လို ဆိုပါတယ်။ မေတ္တာ တရားနဲ့ ကံကောင်းခြင်း ဟာ ဒင်္ဂါး တစ်ပြားလို ခွဲခြား ထားလို့ မရတဲ့ အရာပါ။ အကောင်းဆုံးဆု လဒ်ရသွားသူဟာ အကောင်း ဆုံး ကြိုးပမ်း လုပ်ဆောင် ထားသူပဲ ဖြစ်မှာပါ။ အနာဂတ်ရှိ နေသေးတဲ့ လူငယ်တွေ ဘဝမှာ တောက်ပ လင်းလက်တဲ့ အောင်မြင်မှု ကို အမှန် တကယ် ပိုင်ဆိုင် ရယူချင်တယ် ဆိုရင်...။ အရင်ဦးဆုံး လောက ဓမ္မနဲ့ ဆန့်ကျင်တဲ့ အတ္တ ဝတ်ရုံကို ချွတ်ပစ် နိုင်ရ ပါမယ်။ ငါ တစ်ယောက် တည်း အောင်မြင်မှု ကို ခံစားရမယ် ဆိုတဲ့ သေးသိမ် ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်ကို ရှင်းထုတ်ပစ် ရပါ မယ်။ ဒါဆိုရင် အလင်းရောင် စပါပြီ။ နောက်ဆက်တွဲ အနေနဲ့ မေတ္တာ၊ စေတနာကို တည်ဆောက် ကြပါ။ အောင်မြင်မှု ဆိုတဲ့ ချိုမြိန်တဲ့ အသီး အပွင့် မှန်သမျှ ဟာ စေတနာ ဝေဖြာပြီး အေးမြတဲ့ မေတ္တာ မြေပေါ်မှာသာ သီးပွင့်ဝေဆာ ရတာ ဖြစ်လို့...။ မေတ္တာ တရား များပြားလေ အောင်မြင်မှု အခွင့်အလမ်း များပြားလေ................. မေတ္တာတရား ခေါင်းပါးလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါး ချို့တဲ့လေ.................
Lack of Love , Lack of Money

မူရင်း။         ။Perfect Magazine
မေမွန်ကျော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...